မြန်မာ့အရေး ပိုအရေးစိုက်ဖို့ G7ထိပ်သီးညီလာခံ ကျင်းပနေချိန် ဆန္ဒပြတောင်းဆို
2023.05.21

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ G7 လို့ခေါ်တဲ့ စက်မှုထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ ညီလာခံကျင်းပနေချိန်အတွင်းမှာပဲ ဂျပန်နိုင်ငံရောက် မြန်မာတွေစုရုံးဆန္ဒပြကြခဲ့ကြပါတယ်။
G7 ထိပ်သီးညီလာခံမှာ မြန်မာ့အရေးကို အာရုံစိုက်ပြောဆိုကြဖို့ ဒီဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။ အစည်းအဝေးကျင်းပနေတဲ့ ဟီရိုရှီးမားမြို့မှာ လူအယောက် ၂ဝဝ ကျော်ဆန္ဒပြရုံတင်မက ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာလည်း လူအယောက် ၁၅ဝ လောာက် တစ်ချိန်တည်းမှာ ဆန္ဒပြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။
"G7 နိုင်ငံတော်တော်များများက မြန်မာ့အရေးကို တက်နိုင်တဲ့ဘက်ကလုပ်ပေးနေတာရှိတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံကတော့ အဲဒီလောက်ဆန်ရှင်ချတာမရှိဘူး G7 နိုင်ငံတွေနဲ့ ယှဉ်ရင်။ အဲဒီအတွက် ဂျပန်ကို ပိုပြီးဖိအားပေးတောင်းဆိုတယ်။ MOGE ဆန်ရှင်မကျသေးတဲ့ နိုင်ငံတွေကို တောင်းဆိုတယ်။ လေယာဉ်ဆီတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံးရပ်တန့်ဖို့ ဆန်ရှင်ချဖို့ တောင်းဆိုခဲ့တယ်"
မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းပေါက်ဖြစ်နေတဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် သတ်မှတ်ဆက်ဆံဖို့၊ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ အဲဒီလိုအကူအညီပေးတဲ့နေရာမှာလည်း စစ်ကောင်စီနဲ့ မဆက်ဆံဘဲ NUG အစိုးရကနေတစ်ဆင့်ပေးဖို့ စတဲ့အချက်တွေ အဓိကကြွေးကြော် တောင်းဆိုခဲ့ပါတယ်။
ဒီလိုတောင်းဆိုခဲ့ပေမဲ့ G7 ထိပ်သီးညီလာခံကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နောက်ထပ် ဘယ်လိုအရေးယူမှုတွေလုပ်မယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။
မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ညီလာခံကျင်းပပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ G7 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့နိုင်ငံတွေအနေနဲ့လည်း ရပ်တန်းကရပ်ဖို့၊ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာစေဖို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လှည့်ဖို့၊ မြန်မာနိုင်ငံက အခြေအနေတွေဟာ အထူးစိုးရိမ်ရဆဲ အခြေအနေဖြစ်ပြီး၊ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို အတားအဆီးမရှိ ကူညီခွင့်ပေးဖို့လည်း စတဲ့ အချက်တွေကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ ဆန္ဒပြတဲ့သူတွေကတော့ G7 ညီလာခံရဲ့ ထုတ်ပြန်ချက်တွေကို သဘောမကျပါဘူး။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နောက်ထပ်မြန်မာတစ်ဦးပြောပြတာက .....
"ထုံးစံအတိုင်းတောင်းဆိုတာနဲ့ပြီးသွားတယ်။ တောင်းဆိုတာတွေကလည်း ဘာမှရှေ့မရောက်ဘူး။ အာဏာသိမ်းပြီးကတည်းက Deeply Concern(အလွတ်စိုးရိမ် ပူပန်တယ်)ဆိုတာက အခုထိလည်း concern နေတော့ သိပ်ပြီးအားရစရာမရှိဘူး။ တောက်လျှောက်ဒီအတိုင်းပြောခဲ့တာ၊ ကျွန်တော်တို့က တောင်းဆိုစရာရှိတာ တောင်းဆိုရမယ်။ ထုတ်ပြန်ချက်မှာရေးထားတာကလည်း ဘာလုပ်မယ်ဆိုပြီး သေချာမပါဘူး"

ဟီရိုရှီးမားမှာ ကျင်းပတဲ့ G7 ညီလာခံကို ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇာလန်းစကီးလည်း တက်ရောက်ခဲ့ပြီး ယူကရိန်းအရေး အဓိက ဆွေးနွေးတဲ့ ညီလာခံတစ်ရပ်ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာပါခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုရန်ကတော့ ယူကရိန်းအရေးလိုပဲ မြန်မာ့အရေးကိုလည်း ပစ်မထားဖို့ တောင်းဆိုပါတယ်။
"မြန်မာအရေးကို ကမ္ဘာ့ခေါင်းဆောင်တွေက ပိုဆွေးနွေးသင့်တယ်။ မြန်မာ့အရေးဟာ တခြားနိုင်ငံအရေးတွေနဲ့ ယှဉ်ရင် တော်တော်နိမ့်နေတယ်။ အခုနောက်ပိုင်းဆို တရုတ်က စစ်ကောင်စီဘက်က မားမားမတ်မတ် ရပ်တည်နေတယ်။ အီးယူဖြစ်ဖြစ်၊ ယူအက်စ်ဖြစ်ဖြစ် အင်အားကြီးနိုင်ငံတွေက ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့လိုတယ်လို့ မြင်တယ်"
မြန်မာ့အရေးနဲ့ပတ်သက်ရင် အာဆီယံကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်အောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း ထောက်ခံကြောင်း G7 ထိပ်သီးညီလာခံ ကြေညာချက်မှာ ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ နေ့တိုင်းဒုက္ခမျိုးစုံနဲ့နေနေရတဲ့ မြန်မာပြည်သူတွေကတော့ ဒီစစ်အာဏာရှင်ပြုတ်ကျဖို့ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို မျှော်လင့်နေကြသလို ဒီလိုပြင်းပြင်းထန်ထန် အရေးယူဖို့ နောက်ထပ်လူတွေ ဘယ်နှယောက်လောက်သေပေးရဦးမလဲလို့ မေးခွန်းထုတ်နေပါတယ်။