ဂျပန် ငြိမ်းချမ်းရေးသံနဲ့ အာဆီယံ အထူးသံတို့ရဲ့ မြန်မာ့အရေးကြိုးပမ်းချက် NUG ကို ပစ်ပယ်လို့မရ

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဂျပန်အစိုးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီ့မတိုင်ခင် မတ်လ ၇ ရက်နေ့ကလည်း ဖနွမ်းပင်ကိုရောက်လာတဲ့ ဒေါက်တာ ဆာဆာ ကာဝါကို အိမ်ရှင်ဖြစ်တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် ပရတ်ဆိုခွန်းတို့ တွေ့ဆုံပြီး မြန်မာ နိုင်ငံက အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။
ဒါကြောင့် ဂျပန် ငြိမ်းချမ်းရေးအထူးသံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံတဲ့ ကိစ္စဟာ မတ်လ ၂၀ ရက်နေ့ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံ အထူးကိုယ်စား လှယ် ပရတ်ဆိုခွန်းရဲ့ ခရီးစဥ်နဲ့ ဘယ်လောက်ထိ ဆက်စပ်မှုရှိနေမလဲဆိုတာကို နိုင်ငံရေးအကဲခတ်တွေနဲ့ ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေ ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဂျပန် ငြိမ်းချမ်းရေးသံတမန် ဒေါက်တာ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်တွေဟာ အာဆီယံအထူးသံ ပရတ်ဆိုခွန်းကိုလည်း တွေ့ဆုံ ဆွေးနွေးဖို့ စီစဥ်ထားပြီး မြန်မာ့အရေး အတွက် လွယ်တာကနေ အရင်ဆုံး စလုပ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် ကို တိုက်တွန်း သွားမယ်လို့ PPST ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။
“ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ကူညီဖို့၊ အရပ်သားတွေကို ကာကွယ်ပေးရမယ် ဆိုတာ NCA မူလည်းဖြစ်တော့ အဲဒါကို ပူးပေါင်းကော်မတီဖွဲ့ပြီး လုပ်နိုင်ရင် လုပ်ပေးဖို့၊ အဲဒီနောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ဝင်ဖို့ပေါ့၊ အဲဒါတွေကို အာဆီယံအထူးကိုယ်စားလှယ်က လမ်းဖွင့်ပေးနိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲဒီလမ်းကြောင်းလေးပွင့်ဖို့က အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပဲ။ နိုင်ငံရေးကိစ္စတွေ ၊ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့ ကိစ္စတွေကို ခဏထားရင် အလုပ်ဖြစ်နိုင်တယ်။ ဒါကိုပဲ ကျနော်တို့ အကြံပေးသွားမှာဖြစ်တယ်”
ပရက်ဆိုခွန်း ကိုယ်တိုင်လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဟောင်းဖြစ်တဲ့ အီရဝမ် ယူဆွတ်ရဲ့ အတွေအ့ကြုံကို သင်ခန်းစာယူလိမ့်မယ်လို့ သူထင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
အီရဝမ် ယူဆွတ်တုန်းကတော့ သူ့ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုတာကို စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက် မြန်မာပြည်လာဖို့ ရက်သတ်မှတ်ပြီးမှ သူ့ခရီးစဥ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့တာပါ။
အခု မတ်လ ၂၀ ရက် မြန်မာပြည်ရောက်လာမယ့် ပရတ်ဆိုခွန်းရဲ့ ခရီးစဥ်မှာ တစ်နိုင်ငံ လုံးက လက်နက်ကိုင်ခုခံမှု တွေအတွက် အရေးပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေနဲ့ တွေ့ မတွေ့ဆိုတာက အရေးအကြီးဆုံးနဲ့ လူတွေစိတ်ဝင်စားမှု အရှိဆုံးကိစ္စဖြစ်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း ဒီတစ်ခေါက် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်မှာ NUG ခေါင်းဆောင်တွေကို တွေ့ဆုံခွင့်ရဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က တင်ပြခဲ့ကြပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ NUG နဲ့ CRPH ကို အကြမ်းဖက်အဖွဲ့တွေ အဖြစ် ကြေညာထားတာ ကြောင့် ဒီလိုတောင်းဆိုတာဟာ အာဆီယံ ပဋိညာဥ်နဲ့ မကိုက် ညီတဲ့၊ မသင့်တော်တဲ့ ကိစ္စလို့ အစည်းအဝေး ပြီးပြီးချင်းမှာ ကြေညာချက်ထုတ်ပြီး ချက်ချင်းတုံ့ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံ အထူးသံကို တိုင်းရင်းသားလက်ကိုင်တွေနဲ့သာ တွေ့ခွင့်ပေးနိုင်မယ်၊ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ မတ်လ ၁၅ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းစဥ် ပြောဆိုထားပါတယ်။
“အတတ်နိုင်ဆုံး ကျနော်တို့အနေနဲ့ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ၊ တရားစီရင် ဆဲဖြစ်နေတဲ့ သူတွေ၊ တရားဥပဒေမှအပ အရေးယူခံထားရတဲ့သူတွေမှအပ ကျနော်တို့ အနေနဲ့ အပြင်ဘက်မှာရှိနေတဲ့၊ ဥပဒေဘောင်အတွင်းမှာရှိနေတဲ့သူတွေနဲ့ ကျယ်ကျယ် ပြန့်ပြန့်တွေ့ဆုံနိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးပါမယ်။ EAO အဖွဲ့တွေနဲ့လည်း တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးပါမယ်”
ပရတ်ဆိုခွန်းရဲ့ ခရီးစဥ်ရက်နီးလာပြီမို့ NLD ခေါင်းဆောင်တွေ၊ NUG ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရ မရ RFA က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကနေ့ ညနေပိုင်းအထိ ထပ်မံ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ဆာဆာကာဝါရော၊ ပရတ်ဆိုခွန်းရော နှစ်ယောက်စလုံးဟာ မြန်မာ့ရေးအတွက် ကြားဝင်စေ့စပ်ပေးမယ့်သူတွေဖြစ်ပြီး လူသားချင်းစာနာမှု အကူညီပေးရေးဆိုတဲ့ အဓိက ခေါင်းစဥ်အောက်ကနေ စတင်ချဥ်းကပ်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“လူသားချင်းစာနာမှု အကူအညီပေးဖို့ဆိုတာ အဓိကခေါင်းစဉ်ပေါ့။ အဲဒီနောက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ပြန်ပြီး စစ်ကောင်စီနဲ့ စဖို့ဆိုတာ ပါလိမ့်မယ်ထင်တယ်။ စစချင်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီက သတင်း နားထောင်ကြည့်ရတာတော့ စကစနဲ့ ဆွေးနွေးဖို့ သူတို့က အပြင်းအထန် ဆန့်ကျင် နေကြတာ။ သို့သော် တခြားကိစ္စတွေ ပြောရင်း ဆိုရင်းနဲ့ ရင်းနှီးလာတဲ့အခါ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ မျှော်လင့်ပြီး ကြိုးစားနေကြတာ ထင်တယ်”
"လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ဝင်ဖို့ပေါ့၊ အဲဒါတွေကို အာဆီယံအထူးကိုယ်စားလှယ်က လမ်းဖွင့်ပေး နိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်"
ဒေါက်တာ ဆာဆာကာဝါနဲ့ ပရတ်ဆိုခွန်း နှစ်ယောက်လုံးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေအတွက် အရေးပါသူ တွေ ဖြစ်ပေမယ့် လက်ရှိပြဿနာတွေကို အမှန်တကယ် ဖြေရှင်းလိုတယ်ဆိုရင် အရေးပါသူအားလုံးနဲ့ တွေ့ဆုံသင့်တယ်လို့ မကြာသေးခင်ကမှ ဒေါက်တာဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ RCSS ဗဟိုကော်မတီဝင် ဦးစိုင်းလျန်းက ပြောပါတယ်။
“မစ္စတာဆာဆာကာဝါဟာ တကယ်လို့ ဆွေးနွေးပွဲတွေ ဖြစ်လာမယ်ဆိုရင် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့တော့ မြင်မိတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲဖြစ်လာဖို့ကတော့ Stakeholder တွနဲ့ပိုပြီး သက်ဆိုင်တယ်လို့ ကျနော် ထင်တယ်"
အထူးကိုယ်စားလှယ်ဟာ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်ဖို့လိုသလို နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ပစ်ပယ်ထားလို့ မရဘူးလို့ ဦးစိုင်းလျန်းက ထောက်ပြပါတယ်။
မစ္စတာ ဆာဆာကာဝါရော၊ ပရတ်ဆိုခွန်းရော နှစ်ယောက်စလုံးက စစ်တပ် အာဏာသိမ်း ပြီးကတည်းက NUG နဲ့ CRPH တို့ထံ တစ်ကြိမ်မှ ဆက်သွယ်ခဲ့တာမရှိဘူးလို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က RFA ကို ပြောပါတယ်။ ဂျပန်အထူးကိုယ်စားလှယ်က စစ်ကောင်စီ အတွက် ပွဲစားလုပ်ပေးနေပြီး ပရတ်ဆိုခွန်းလည်း NUG ကို ပစ်ပယ်ထားမယ်ဆိုရင် သူတို့ရဲ့ ကြားဝင်စေ့စပ်မှုတွေ အောင်မြင်မှာ မဟုတ်ဘူးလို့ ဦးအောင်ကြည်ညွန့်က ထောက်ပြဝေဖန် ပါတယ်။
မတရား ဖမ်းဆီးခံထားရတဲ့သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအပြင် NUG၊ CRPH တို့ရဲ့ ပါဝင်မှုတွေကို အသိအမှတ်မပြုရင် စစ်မှန်တဲ့ဆွေးနွေးမှု ဆောင်မှာမဟုတ် ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း သုံးသပ်ပါတယ်။
“အာဆီယံရဲ့ ကြိုးစားမှု၊ ဆာဆာကာဝါရဲ့ ကြိုးစားမှု အဲဒီဟာတွေမှာ မတရားဖမ်း ဆီးခံရသူတွေရဲ့ ပါဝင်ခွင့် ရယ်၊ နောက်တစ်ခုက ကျနော်တို့ အင်အားစုတွေပေါ့။ တစ်ဖက်မှာ စစ်တပ်ရှိနေသလို နောက်တစ်ဖက်မှာ လက်နက်ကိုင် လူမျိုးစုအင်အား စုတွေ၊ နောက်ပြီးတော့ NUG ၊ CRPH သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ တရားဝင်မှုတွေ ကိုယ်စီ ရှိတယ်။ အဲဒါတွေကို အသိအမှတ်မပြုဘူးဆိုရင် စစ်မှန်တဲ့ဆွေးနွေးမှုဆောင်မှာ မဟုတ်ဘူး”
ဆွေးနွေးမှုတွေမှာ စစ်တပ်က အသာစီးယူပြီး ကျန်တဲ့အင်အားစုတွေကို အလျှော့ပေး အညံ့ခံခိုင်းတဲ့ အစဉ်အလာမျိုး ရှိခဲ့တော့ ဒီလိုအခြေအနေ ထပ်ဖြစ်မှာကို စိုးရိမ်မိတယ်လို့ လည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသွားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်းဟာ မတ်လ ၂၀ ရက်ကစလို့ လေးရက်ကြာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဥ်ထားပြီး သူ့ခရီးစဥ်အတွင်း မြန်မာနိုင်ငံက အခြေအနေတွေ ဘယ်လောက်တိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည်နေကြပါတယ်။