စစ်အာဏာသိမ်း ၁၀ လအတွင်း စစ်ကြောရေး သေဆုံးသူ ၈၀ အထိရှိလာ

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့စစ်တပ်က စစ်ကြောရေးစခန်းတွေနဲ့ ဒေသအသီးသီး က စစ်စခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူ အရေ အတွက်ဟာ စစ်အာဏာသိမ်း ၁၀ လအတွင်းမှာ အယောက် ၈၀ အထိ ရှိနေပါပြီ။
ရန်ကုန်နဲ့ မန္တလေးက မြို့ပြသပိတ်တွေကို ဖြိုခွင်းပြီး ဖမ်းဆီးခံရသူ၊ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားပြည်နယ် ကနေ PDF အဖြစ်စွပ်စွဲပြီး ဖမ်းဆီးခံရသူတွေကို ရဲနဲ့စစ်တပ်က စစ်ကြောရေးစခန်းတွေနဲ့ ဒေသအသီးသီးက စစ်စခန်းတွေမှာ သေဆုံးရတာပါ။
အဲဒီထဲမှာ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က အသက် ၁၉ နှစ်အရွယ် ကိုဘုန်းမြင့်အောင်၊ ကွမ်းခြံကုန်း မြို့နယ်က အသက် ၁၉ နှစ်အရွယ် ကိုဇင်ဝေအောင်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးမင်းဇော်ဦး၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့က အသက် ၃၂ နှစ်အရွယ် CDM ကျောင်းဆရာ ဦးဝင်းလွင်၊ မကွေးတိုင်း ချောက်မြို့နယ်က အသက် ၄၀ အရွယ် ဦးဖြိုးဝေထွန်း တို့လည်း ပါဝင်ပါတယ်။
"မနက်ပိုင်းက ဖမ်းသွားပြီးတော့ ဒဏ်ရာနဲ့ ဆုံးသွားတယ်လို့ ပြောတယ်"
နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီး နောက်တစ်ရက် နိုဝင်ဘာ ၆ ရက်နေ့မှာ ဒေးနောကျေးရွာက ဦးမင်းဇော်ဦးနဲ့ ကိုဇင်ဝေအောင် အပါအဝင် ရွာသား ၁၁ ယောက် အဖမ်းခံခဲ့ရပါတယ်။
အဖမ်းခံရတဲ့နေ့ ညပိုင်းမှာပဲ အသက် ၁၉ နှစ်အရွယ် ကိုဇင်ဝေအောင် သေဆုံးသွားကြောင်း သိရပြီး ရုပ် အလောင်းကိုတောင် ပြန်မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
“လိုက်ပြတဲ့သူက ဖမ်းသွားတဲ့သူပဲ။ ကိုဇင်ဝေအောင်တို့ အိမ်ရောက်တော့ အဲဒီအိမ်ကလူလည်း ပါတယ်လို့ဆိုပြီး လက်ညိုးထိုးပြလိုက်တာ။ သူပါ ပါသွားတာ၊ သားအမိ နှစ်ယောက်တည်းနေတာလို့ ပြောတယ်။ အဲဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားပြီးတော့ ဒဏ်ရာနဲ့ ဆုံးသွားတယ်လို့ ပြောတယ်။ မင်္ဂလာဒုံ စစ်ဆေးရုံတင်ရင်း ဆုံးသွားတယ်တဲ့။ အလောင်းတောင် ပြန်မရဘူးပြောတယ်”
ကိုဇင်ဝေအောင်နဲ့အတူ ဖမ်းဆီးခံရတဲ့ အသက် ၃၅ နှစ်အရွယ် ဦးမင်းဇော်ဦး ဟာလည်း လက်ဖက်ရည်ဆိုင်မှာ နွားနို့ပို့ရင်း အဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ရွာဘိုရွာက CDM ကျောင်းဆရာ ဦးဝင်းလွင်ကိုလည်း PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။
နောက်တစ်ရက် နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဦးဝင်းလွင်ဟာ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွား ကြောင်း စစ်တပ်တာဝန်ရှိသူတွေက အကြောင်းကြားလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်ကတော့ အမှုနဲ့ပတ်သက်ပြီး အမှုဆိုတာ သူတို့ မသင်္ကာလို့ စစ်ဆေးနေချိန် အတွင်း မှာတဲ့ အိမ်သာခဏသွားဦးမယ်လို့ပြောပြီး အိမ်သာပေါက်နား ရောက်ခံနီး လဲကျပြီး ဦးနှောက်သွေးကြော ပြတ်သွားတယ်လို့ ပြောပါတယ်ခင်ဗျ။ ဆေးရုံကို ပို့ပေမယ့် အသက်မမီဘူးလို့ ပြောတယ်ခင်ဗျ။ ရောဂါ အခံကတော့ ကျွန်တော်နဲ့ နီးစပ်သလောက်ဆိုရင်တော့ ဘာမှတော့ မရှိဘူးဗျ။ သူက ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်ပဲ။ ကျွန်တော်တို့ ရာသီတုပ်ကွေးဖြစ်ရင်တောင်မှ သူက ပေါ့ပေါ့ပါးပါး အေးအေး ဆေးဆေးပဲ”
စစ်သားနဲ့ ရဲတချို့ လုံခြုံရေးယူထားတဲ့ ဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကို မိသားစုကို သင်္ဂြိုဟ်ခွင့်ပေးခဲ့ပေမယ့် ရုပ်အလောင်းကို ဓာတ်ပုံရိုက်ခွင့်၊ အသေအချာကြည့်ရှုစစ်ဆေးခွင့် မပေးခဲ့ဘူးလို့လည်း အဲဒီမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကြောရေးစခန်းတွေမှာ အခုလို ဥပဒေမဲ့ လက်လွန်ခြေလွန် စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိနိုင်ဖို့နဲ့ တုံ့ပြန်ချက် တစ်စုံတစ်ရာရနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဖမ်းပြီးရင်တော့ စစ်ဆေးရတယ်၊ ရောဂါအခံရှိရင်တော့ သေဆုံးသူတချို့ ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သူ့ရဲ့ ပြစ်မှုပေါ်မှာ မူတည်ပြီးတော့ သတင်းရရှိမှုအပေါ်မှာ မူတည်ပြီး တော့ ခေါ်ယူစစ်ဆေးမှုများ ရှိနိုင်ပါတယ်။ ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ ဆောင်ရွက်လျှက်ရှိပါတယ်။ တချို့ဟာတွေမှာလည်း သေဆုံးခဲ့တယ်ဆိုပြီး ရေးနေတာရှိပါတယ်။ တချို့ကတော့ သူ့ရဲ့ရောဂါအခံကြောင့် သေဆုံးခဲ့တာတွေ ရှိကောင်းရှိနိုင်တယ်။ သေဆုံးတဲ့အခါမှာလည်း သူ့ရဲ့လုပ်ထုံးလုပ်နည်း တွေအတိုင်း ဆေးစစ်ချက်ယူရတာတို့ အကြောင်းအရင်းကို သေမှုသေခင်းဖွင့်၊ အကြောင်းကြားတာတို့ကို ဥပဒေနဲ့အညီပဲ ဆောင်ရွက်လျှက်ရှိပါတယ်”

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတိုင်းကို စနစ်တကျမှတ်တမ်းတင်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ပေးပို့တိုင်ကြားနိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေက သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုတွေတင် မကဘဲနဲ့ ICC က သတ်မှတ်ထားတဲ့ ရာဇဝတ်မှု၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ မြောက်နေတယ်။ ဒါကြောင့်မို့လို့ ကျုးလွန် နေတဲ့သူတွေကို ICC လမ်းကြောင်းအတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ပိုင်ခွင့်နဲ့ သတ်မှတ်ထားတဲ့ ရပိုင်ခွင့်တွေကို အသုံးချပြီး ဒီကိစ္စတွေကို လာရောက်စုံစမ်းစစ်ဆေးဖို့ ICC ကို ကမ်းလှမ်းထားပါတယ်။ ဒါကတော့ အစိုးရ တစ်ရပ်အနေနဲ့ ICC ရဲ့ လမ်းကြောင်းကို အသုံးပြုပြီး လုပ်ဆောင်တာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ICC တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။ သူတို့အနေနဲ့လည်း လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှု၊ လုပ်ထုံး လုပ်နည်းနဲ့ ခွင့်ပြုချက်တွေကို အသုံးချပြီးတော့ မကြာခင်မှာ ပြန်လည်အကြောင်းပြန်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ”
ICC ဘက်က အကြောင်းမပြန်ခဲ့ရင်လည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကြိုးစားသွားမယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့စစ်တပ်က ဖမ်းဆီးပြီးတဲ့နောက် နာရီပိုင်း၊ ရက်ပိုင်း အတွင်း သေဆုံးခဲ့ရသူတွေကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စု-အသက် မွေးဝမ်းကျောင်း သိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် (ခေါ်) ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက အသက် ၇၂ နှစ်အရွယ် ဦးကံ ထောက်၊ အခုနောက်ဆုံး သေဆုံးခဲ့ရတဲ့ ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်က အသက် ၁၉ နှစ်အရွယ်တွေဖြစ်ကြတဲ့ ကိုဘုန်းမြင့်အောင်၊ ကိုဇင်ဝေအောင်၊ အသက် ၃၅ နှစ်အရွယ် ဦးမင်းဇော်ဦး၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့က အသက် ၃၂ နှစ်အရွယ် CDM ကျောင်းဆရာ ဦးဝင်းလွင်နဲ့ မကွေးတိုင်း ချောက်မြို့နယ်က အသက် ၄၀ အရွယ် ဦးဖြိုးဝေထွန်း အပါအဝင် စုစုပေါင်း အယောက် ၈၀ အထိ ရှိနေပါပြီ။
ဒါဟာ RFA က လက်လှမ်းမီသလောက် သီးသန့်ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ စစ်ကြောရေးသေဆုံးသူ အရေအတွက်ဟာ ဒီထက် ပိုများကောင်း များနိုင်ပါတယ်။