လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်း တားဆီးဖို့လို

RFA Burmese
2023.02.23
လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုက်အဝန်း တားဆီးဖို့လို ကရင်ပြည်နယ်ရှိ ဗုံးခိုကျင်းတစ်ခုတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် ကလေးနှစ်ဦးအား ၂ဝ၂၂ ခုနှစ်၊ မေလ အစောပိုင်းက တွေ့ရစဉ်။
Free Burma Rangers

စစ်တပ်က အရေးပေါ်ကာလ သက်တမ်းထပ်တိုးပြီး လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားချိန်မှာပဲ ‌လေကြောင်းတိုက်ခိုက်မှု တွေကို တိုးလုပ်လာတဲ့အတွက် ကရင်၊ ကယား၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားဒေသ တွေမှာ အိုးအိမ်အဆောက်အအုံနဲ့ စာသင်ကျောင်းပါမကျန် ဗုံးခိုကျင်းတွေ တူးပြီး ကာကွယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာသာမက ကျေးရွာထဲက လူနေအိမ်၊ စာသင် ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံတွေ၊ စစ်ရေးအကဲခတ်တွေ နဲ့ လူ့အခွင့်အ‌ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၅၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၈၈ ဦး သေဆုံးခဲ့သလို အရပ်သား ၃၇၇ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။

“သက်ကြီးပိုင်းတွေရော၊ သက်ကြီးမဟုတ်တဲ့သူတွေရော တစ်ခါမှလည်း ဒီလို မကြုံဖူးကြတော့ အခုလေယာဉ်လာပြီဆိုရင် ဗုံးကြဲမယ့်လေယာဉ်လို့ အခုထိ ထင်နေတုန်း"

တိုက်ခိုက်မှု အများစုက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်နဲ့ ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းတို့ ဖြစ်ပါတယ်။ အခုဆိုရင် ရှမ်း-ကယားနယ်စပ် ကရင်နီစစ်ဘေးဒုက္ခသည် စခန်းက စာသင်ကျောင်းတိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့မှာ နယ်မြေဧရိယာကလည်း ကျဉ်းတော့ အများကြီး မလုပ်နိုင်ဘူး။ စာသင် ကျောင်းတိုင်းမှာ ဗုံးခိုကျင်း တူးထားရတာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုပဲဖြစ်ဖြစ်၊ တိုက်ပွဲအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဗုံးခိုကျင်းကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ဟာ မျိုးကို သက်ဆိုင်ရာအဖွဲ့တွေကနေ ပညာပေးဟောပြောပွဲတွေ လုပ်တာမျိုး၊ ဇာတ်တိုက်လေ့ကျင့်တာတွေပါ လာလုပ်ပေးတာ ရှိပါတယ်”

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF ရဲ့စာရင်းအရ အာဏာသိမ်းနှစ်နှစ်အတွင်း ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ မှတ်တမ်းအရ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ရှိခဲ့ပြီး အရပ်သားတစ်ဦးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဝင် ရှစ်ဦးသေဆုံးခဲ့ပါတယ်။ အပြစ်မဲ့ အရပ်သား ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပြီဆိုရင် ကလေးသူငယ်တွေနဲ့ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးစိုးရိမ်နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒါဟာ သက်ကြီးရွယ်အိုတွေအတွက်လည်း စိုးရိမ်ရပါတယ်။ လေယာဉ်လာပြီဆို ပုန်းနေ ရတော့တာပဲ။ တောထဲမှာလည်း ပုန်းရတယ်။ တစ်ခါတလေ အိမ်အောက်တွေမှာလည်း ပုန်းရတယ်။ အမေတစ်ဖက်၊ သမီးတစ်ဖက်၊ သားတစ်ဖက်နဲ့ တကွဲတပြားစီ တောင်ပြေး မြောက်ပြေးဖြစ်နေကြတာ”

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား သေဆုံးထိခိုက်မှု အများဆုံးကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းရွာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလထဲမှာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် ကလေးငယ် ခုနစ်ဦးအပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

စာသင်ကျောင်းပါမချန် တိုက်ခိုက်တဲ့ စစ်ကောင်စီကို ပြန်တော်လှန်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့ ဒီပဲယင်းဒေသ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တိမ်ယံ လျှပ်စီးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ပြန်တော်လှန်ရုံမှ တစ်ပါး ကျနော်တို့မှာ ဘာမှ မရှိနေတာ့ဘူး။ ဘာကြောင့်တုန်း ဆိုတော့ ဝေဟင် အပစ်ခံရတယ်၊ အပစ်ခံရပြီးတော့မှ နှစ်လခွဲကျော်ရှိသေး တစ်ရွာလုံး မီးထပ်ရှို့သွားတာ။ ပြာကျအောင်ကို ရှို့တာ၊ ဘာမှ မကျန်ဘူး။ ဝေဟင်နဲ့လာပြီးတော့ ပြည်သူကို လာနှိပ်စက်တာပဲ။ သူတို့ဝေဟင်ကနေ လာပစ်တုန်းက PDF တွေ ဘယ်နှယောက် တွေ့သွားလဲ။ ဘာ PDF မှမရှိဘူး။ ကလေးတွေ စာသင်နေတဲ့ စာသင် ကျောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာလေ”

letyetkone airstrike.jpg
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဒီပဲယင်းမြို့နယ် - စစ်ရှောင် - ထောက်ပံ့ရေး)

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက စာသင်ကျောင်းတွေမှာ အခြေစိုက်ပြီး သူတို့ကို အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ရတာလို့ ထုတ်ပြန်လေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနကတော့ နိုင်ငံတစ်ဝန်းက စာသင်ကျောင်းပေါင်း ၇၀၀ ကျော်မှာ ဗုံးခိုကျင်းတွေ တူးဖို့ စီစဉ်နေတယ်လို့ မကြာသေးခင်ကပဲ ထုတ်ပြန်ပါတယ်။

ဗုံးခိုကျင်းတွေတူးနိုင်ဖို့ ဝန်ကြီးဌာန ငါးခု ပူးပေါင်းလုပ်ဆောင်နေတယ်လို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန် က ပြောပါတယ်။

"ဝန်ကြီးဌာနငါးခုကတော့ကျောင်းတွေနဲ့ပတ်သက်ပြီးတော့မှ လုံခြုံရေးအတွက်၊ လေကြောင်းရန်ကာကွယ်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ထားမှု၊ ရှေးဦးသူနာပြုစုနည်း တွေအားလုံးကို မြေပြင်ခေါင်းဆောင် တွေနဲ့ မြေပြင်က ကျောင်းတွေနဲ့ ချိတ်ဆက် ဆက်သွယ်ပြီးမှ ကျမတို့ လုပ်ဆောင်နေတာဖြစ်ပါတယ်”

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာက ဒေသခံတစ်ဦးကလည်း သူတို့ဒေသမှာ လေယာဉ်သံကြားတာနဲ့ အလုအယက်ထွက်ပြေးဖို့ အမြဲ အသင့်ပြင်ထားရတယ်လို့ RFA ကို ပြောပါတယ်။

“သက်ကြီးပိုင်းတွေရော၊ သက်ကြီးမဟုတ်တဲ့သူတွေရော တစ်ခါမှလည်း ဒီလို မကြုံဖူး ကြတော့ အခုလေယာဉ်လာပြီဆိုရင် ဗုံးကြဲမယ့်လေယာဉ်လို့ အခုထိ ထင်နေတုန်း၊ အရမ်းစိုးရိမ်တယ် အဲဒါ။ တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်း မဟုတ်ဘူး အကုန်လုံးကလေ ယာဉ်နဲ့ပြန်လာ (ဗုံးကြဲ) မှာ တော်တော်လေးကို ကြောက်ကြတယ်။ ကုန်းသာက ပိုဆိုးတယ်။ အဲဒီမှာ အခုအိမ် ထောင်စု လေးငါးစုတော့ ရှိတယ်။ ကိုယ့်ရွာ ကိုယ် ပြန်မနေရဲကြဘူး ဖြစ်နေတယ်”

Namhsan_Konethar village.jpg
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကုန်းသာရွာမှနေအိမ်အချို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန)

ကုန်းသာရွာမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ငါးရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ အင်အားသုံး တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် အလုံး ၅၀ နီးပါး ပျက်စီးခဲ့ပါတယ်။ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရသလို လေကြောင်းတိုက်ခိုက်ခံရမှာကို အမြဲ စိုးရိမ်ပူပန်နေရတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ စပါးရိတ်၊ ပေါင်းပေါက် ဒီလိုလုပ်နေကြတဲ့သူတွေကလည်း လေယာဉ်သံ ကြားရင်ကို ပြူးတူးပြဲတဲ ဖြစ်နေကြတာပဲ။ စိတ်မချမ်းသာဘူး နေရထိုင်ရတာက။ အလုပ်လုပ်ရတာကလည်း မဖြောင့်၊ သွားရလာရတာလည်း မဖြောင့်၊ လူတွေကတော့ အခက်အခဲဖြစ်ကြတာပေါ့။ အသံကြားရင်ကိုတောင် ဘယ်ပြေးရမှန်း မသိဘူး။ ဘယ်သွားရမှန်း မသိဘူး။ မြေပြင်မှာလည်း သိပ်ပြီးတော့မှ ခိုအောင်းစရာ နေရာတွေလည်း မရှိဘူး။ ကျနော်တို့မှာ ဘယ်သွားလို့ သွားရမှန်းကို မသိတာ”

စစ်ပွဲဘယ်လောက် ပြင်းထန်ပါစေ အရပ်သားပစ်မှတ်တွေကို မထိခိုက်အောင် ရှောင်ရှားရမှာဖြစ်ပြီး အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာရင်တော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒီတိုက်ခိုက်မှုတွေကို ကာကွယ်ပေးသင့်တယ်လို့ ချင်းလူ့အခွင့်အ‌ရေးအဖွဲ့ (CHRO) မန်နေဂျာ ဆလိုင်း မန်ဟန်လျန်က ပြောပါတယ်။

“ပြည်သူအပေါ် ဗုံးကြဲတိုက်ခိုက်တာက မလုပ်သင့်ဘူးပေါ့နော်။ ဒီဟာကို နိုင်ငံတကာအဖွဲ့အစည်းတွေက သော်လည်းကောင်း၊ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီကသော်လည်းကောင်း၊ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေက သော်လည်းကောင်း၊ ဒီလိုလေကြောင်း တိုက်ခိုက်မှုတွေကို ရှုတ်ချဖို့လိုတယ်။ ပြီးရင်တော့ မြန်မာပြည်တွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင် အောင် လေယာဉ်မပျံသန်းရနယ်မြေ (No Fly Zone) တို့လို အဲဒါတွေကိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေမှ ဆောင်ရွက်ပေးပြီးတော့ တိုက်တွန်းပေးဖို့လိုတယ်”

စာသင်ကျောင်းနဲ့ အရပ်သားတွေကို လေကြောင်းသုံးတိုက်ခိုက်ရာမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ အပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း ခုနစ်ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း ဥရောပသမဂ္ဂ (EU) က မကြာသေးခင်က ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။