စစ်ကောင်စီ အင်တာနက်ဖြတ်တောက်မှု ပြည်သူတွေရဲ့ လူမှုဘဝကိုထိခိုက်

2021.09.24
စစ်ကောင်စီ အင်တာနက်ဖြတ်တောက်မှု ပြည်သူတွေရဲ့ လူမှုဘဝကိုထိခိုက် ဖုန်းကနေ အင်တာနက်အသုံးပြုနေသူတွေကို ၂၀၂၁ မတ်လ ၁၆ ရက်နေ့က တွေ့ရစဥ်
AFP Photo

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပေါင်း ၁၀ ခုမှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ဖြတ် တောက်ခံထားရတာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိလာပါပြီ။ အခုလို အင်တာနက်ဖြတ်တောက်မှုကြောင့် ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်လာနေသလို စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်း ကြီး၊ ကနီ၊ မင်းကင်း၊ အရာတော်၊ ဘုတလင်၊ မန္တလေးတိုင်း မြင်းခြံ၊ မိုးကုတ်နဲ့ မကွေးတိုင်းက တောင်တွင်းကြီး စတဲ့မြို့နယ် ၁၀ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံ ထားရတာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိခဲ့ပါပြီ။

ဒေသခံတွေဟာ အင်တာနက်ဆက်သွယ်မှုကို သတင်းအချက်အလက်ရရှိဖို့အပြင် အရောင်းအဝယ်၊ ငွေကြေး ဝန်ဆောင်မှု၊ ပညာသင်ကြားရေး စတာတွေအတွက်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်လိုက်တဲ့နောက်မှာတော့ ဒေသခံတွေရဲ့ နေ့စဉ်လူမှု ဘဝတွေကိုပါ ထိခိုက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှုက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကို ထိခိုက်လာနေတယ်လို့ ပြောပါတယ်။

 အွန်လိုင်းပေါ်မှီခိုနေတဲ့သူတွေ အခက်ခဲတွေဖြစ်တာပေါ့၊ အသက်မွေးဝမ်းကြောင်းက အွန်လိုင်းကိုပဲ မှီခိုနေရတာ။ ကြော်ငြာတွေရေးတာဆိုတော့ အင်တာနက်မရှိတော့ မရေးရဘူး၊ မရေးရတော့ ဝင်ငွေတွေ မရှိဘူးပေါ့၊ ဒါကတော့ တိုက်ရိုက်ထိခိုက်တာပေါ့၊ အင်တာနက်မရှိမဖြစ် လိုအပ်တဲ့သူတွေက နယ်တွေမှာ ဆိုရင်လည်း အွန်လိုင်းဈေးရောင်းဝယ်တာတွေက အားကောင်းတယ်။ အခုတော့ နားနေရတာပေါ့၊ နောက် တစ်ခုက တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့နေရာမှာ ဖုန်းလိုင်းတစ်ခုရနေရုံနဲ့ မရတော့ဘူး"

အင်တာနက်ဖြတ်တောက်မှုက ကာလကြာရှည်နေဦးမယ်ဆိုရင် သူ့ရဲ့မိသားစုကိုခွဲခွာပြီး အင်တာနက်ရတဲ့ နေရာကို ပြောင်းရွေ့ အလုပ်လုပ်ကိုင်ဖို့ စဉ်းစားနေတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ကျေးရွာတွေထဲ ဝင်ရောက် စီးနင်းတာ၊ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးတာတွေရှိနေပြီး အရပ်သားတွေဘက်ကလည်း အင်တာနက် ဆက်သွယ်ရေးကြောင့် ကြိုတင်ရှောင်ရှားတာတွေ လုပ်ဆောင်နိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သတင်းအချက်အလက်တွေ ချက်ချင်းသိဖို့ ခက်ခဲသွားတာကြောင့် စိုးရိမ် ကြောက်လန့်မှုတွေနဲ့ပဲ အလုပ်လုပ်ကိုင်နေရတယ်လို့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကနီမြို့နယ်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်းအချက်လက်ကတော့ တရွာနဲ့တရွာ ဖုန်းအဆက်သွယ်နဲ့ရတယ်။ အရင်တုန်းက တိတိကျကျသိရ တော့ အနားရောက်မှာ ရှောင်လို့ရတယ်။ အခုက တိတိကျကျမရှိတော့ အသံကြားရင်ကို ရှောင်နေရတာ ဆိုတော့ နေရထိုင်ရတာ အဆင်မပြေဘူး၊ တိုက်ပွဲဖြစ်တာတွေ၊ သူတို့လာတဲ့ပုံစံတွေတက်လာတာတွေ အတိအကျမသိတော့ လာမယ်ထင်လို့ရှောင်လိုက်ဖြစ်နေရတာ အမြဲတန်းလိုလိုဖြစ်နေတာ၊ သတင်းအတိ အကျမရှိတော့ အလုပ်အကိုင်လည်း ဘယ်သူမှရဲရဲဝံ့ဝံ့မလုပ်ရဲကြဘူး၊ ဘယ်သူမှ ကောင်းကောင်းမွန်မွန် မလုပ်ရဘူး၊ အင်တာနက်ပြန်ရရင်တော့ နည်းနည်းအဆင်ပြေလောက်မယ်။ အလုပ်က ဖြောင့်ဖြောင့် တန်းတန်းမလုပ်ရရင် စားဝတ်နေရေးလည်း အခက်အခဲရှိနိုင်မယ်။ ဒီဘက်က တောင်သူတွေများတယ်"

ဒေသခံအချို့ကတော့ သတင်းအချက်အလက်သိရဖို့နဲ့ ပြန်လည်မျှဝေနိုင်ဖို့အတွက် မြို့ပေါ်က ဖိုက်ဘာ အင်တာနက်ရရှိတဲ့နေရာတွေမှာ သွားရောက်အသုံးပြုနေကြရသလို မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ ဆိုရင်လည်း သတင်းတွေဖလှယ်ဖို့ စာတိုမတ်ဆေ့ပို့တဲ့စနစ်ကို အသုံးပြုလာကြရတယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။

"စစ်အုပ်စုက သူတို့အာဏာကို လက်မလွတ်ချင်လို့ အခုလို အင်တာနက်ဖြတ်တောက်လိုက်တာ"

စစ်ကောင်စီကတော့ အင်တာနက်ဖြတ်တောက်ပြီး တစ်ချိန်တည်းမှာပဲ သံသယနဲ့ ဖမ်းဆီးမှုတွေများလာသလို နယ်မြေရှင်းလင်းမှုတွေကိုလည်း ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရတယ်လို့  မန္တလေးတိုင်း မြင်းခြံမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူထုလှုပ်ရှားမှုကော်မတီဝင်တစ်ဦးက ပြောပါတယ်။

၁၄ ရက်နေ့ ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ အဖမ်းအဆီးက ပိုများလာတယ်။ အရင်က ဆယ်ရက်ကို အယောက် ၅၀လောက်ဆိုရင် အခုက အယောက် ၇၀ လောက်ဖြစ်လာတယ်။ နှစ်ရာခိုင်နှုန်းလောက် ပိုမြင့်နေတယ်။ အဖမ်းအဆီးများတယ်။ အင်တာနက်ဖြတ်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တာများတယ်။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ဖမ်းတယ်။ မိုဘိုင်းအင်တာနက်တွေပြတ်ပေမဲ့ ကော်မတီအနေနဲ့ စာတိုမတ်ဆေ့တွေ ပို့ပြီးတော့ သတင်းအချက်အလက် ဖလှယ်တာတွေ စမ်းပြီးတော့ သုံးနေတယ်"

အင်တာနက်ဖြတ်တောက်မှုကြုံတွေ့နေရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်က လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း အင်တာနက်ဖြတ်တောက်မှုကြောင့် စစ်ကောင်စီအပေါ် ဒေသခံတွေရဲ့ နာကြည်းမှုတွေ ပိုများလာတယ်လို့ ပြောပါတယ်။

အင်တာနက်ရှိတုန်းက လိုင်းပေါ်ကနေ သိနေရတယ်။ ရှောင်တိမ်းနိုင်တယ်စစ်အုပ်စုက သူတို့အာဏာကို လက်မလွတ်ချင်လို့ အခုလို အင်တာနက်ဖြတ်တောက်လိုက်တာ။ ဖြတ်လိုက်တိုင်း အာဏာတည်မြဲမယ် မထင်ပါနဲ့၊ ပြည်သူကတော့ ခံစားချက်တွေ တအားပြင်းထန်နေပြီ၊ ပြည်သူတွေကတော့ သူဒီလိုလုပ်လေ ပြည်သူခံစားချက်တွေက ပေါက်ကွဲလေ၊ ပြင်းထန်လေဖြစ်မှာပဲ၊ အာဏာဘယ်တော့မှရမှာလည်း မဟုတ် ဘူး၊ အာဏာတည်မှာလည်း မဟုတ်ဘူး"

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ကချင်ပြည်နယ် မိုဘိုင်းအင်တာနက်ဆက်သွယ်ရေး စတင် ဖြတ်တောက်ခဲ့တာပါ။ အဲဒီနောက်ပိုင်း မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ ချင်းပြည်နယ်အထိ အင်တာနက် ဖြတ်တောက်မှုတွေ ဆက်လုပ်လာခဲ့တာဖြစ်ပြီး မနေ့ကအထိဆိုရင် နိုင်ငံတစ်ဝန်း အင်တာနက် ဖြတ်တောက် ခံရတဲ့ မြို့နယ်ပေါင်း ၂၂ မြို့နယ်အထိရှိလာနေပါတယ်။

thantalang-refugees.jpg
(အင်တာနက်အဖြတ်ခံရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ပြေးဒုက္ခသည်တွေကို စက်တင်ဘာ ၁၁ ရက်နေ့က တွေ့ရစဥ်)

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD) က မသဉ္ဇာရွန်းလဲ့ရည် ကတော့ စစ်ကောင်စီဟာ သူတို့ကိုလက်မခံတဲ့ဒေသတွေကို အင်တာနက်ဖြတ်တောက်လိုက်တာဟာ အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ပြောပါတယ်။

ပြည်သူတွေပါဝင်တဲ့ ခုခံစစ်က ဘယ်လိုနည်းနဲ့ပဲ ဖိနှိပ်မှုတွေလုပ်လုပ် ပပျောက်သွားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တွေက တစ်နှစ်ကျော်ကြာ ပိတ်လိုက်တဲ့ ရခိုင်ပြည်မှာ ပြည်သူတွေရဲ့ အမုန်းတရားကိုပဲ ရရှိခဲ့တယ်။ နာကြည်းချက်တွေနဲ့ မှတ်တမ်းသာဝင်သွားတယ်။ လူအခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့ မှတ်တမ်းသာဝင်သွားတာပါ။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ သတင်းအချက်လက်ဖြတ်တောက်ပြီးတော့ တော်လှန်ရေးကိုချိုးနှိမ်ချင်တဲ့ ရည်ရွယ်ချက်တွေက မအောင်မြင်ခဲ့ပါဘူး၊ အခုလည်း ပြည်သူလူထုရဲ့ ပါဝင်မှုပြင်းထန်တဲ့နေရာတွေမှာ အင်တာနက်ဖြတ်တောက်ထားတယ်ဆိုတဲ့ဖြစ်ရပ်တွေက စစ်ကောင်စီဟာ ရန်သူပိုမွေးတယ်လို့ပဲ ပြောပါရစေ"

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူးမြန်မာကတော့  အင်တာနက်ဖြတ်တောက်တာဟာ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်ထားတာလို့ ပြောဆိုထားပါတယ်။

အခုလို အင်တာနက်ဖြတ်တောက်မှုကြောင့် ဒေသခံအရပ်သားတွေရဲ့ နေ့စဉ်လူမှုဘဝတွေအပေါ် ထိခိုက်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အင်တာနက်လွတ်လပ်ခွင့်ဟာ အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက်ထိ ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။