တရုတ်နိုင်ငံမှာ အလုပ်လုပ်ရင်း ဒုက္ခရောက်ကြသူတွေ ပြန်ရောက်လာ
2019.10.29

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၊ အောင်လံမြို့နဲ့ ချင်းပြည်နယ်က အလုပ်သမား ၂၆ ယောက်ဟာ တရုတ်နိုင်ငံ မှာ အလုပ်သွားလုပ်တဲ့အခါ အလုပ်ချိန်တွေ ပိုခိုင်းတာ၊ စက်ရုံဝင်းအတွင်း ပိတ်လှောင်ထားတာတွေကြောင့် လစာ မရဘဲ မြန်မာနိုင်ငံကို ပြန်လာကြပြီဖြစ်ပါတယ်။ သူတို့ကို အခကြေးငွေယူပြီး ပို့လိုက်တဲ့ပွဲစားကို တရားစွဲဆို ထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အလုပ်သမား ပို့ဆောင်ဖို့ အစိုးရချင်း သဘောတူထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ အဲ ဒါကြောင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ပေးတဲ့ ပွဲစား နှစ်ယောက်ကို ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ မကွေးတိုင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီပွဲစားတွေဟာ မကွေးတိုင်း အောင်လံမြို့နဲ့ နတ်မောက်မြို့ သရက်ချဉ်ကျေးရွာက အလုပ်သမား ၂၂ ယောက်ကို တရုတ်နိုင်ငံကို ပို့လိုက်တာဖြစ်ပါတယ်။ ပွဲစားတစ်ယောက်ကတော့ ဒေါ်အေးကြည်ဖြစ်ပြီး အောင်လံမြို့မှာနေပါ တယ်။ တစ်ယောက်ကတော့ ကိုရှည်ကြီးခေါ် ကိုဗေလုဝဖြစ်ပြီး တရုတ်နိုင်ငံ ချင်းရွှေဟော်မှာ နေတာဖြစ်ပါတယ်။ သူတို့တွေကို သြဂုတ်လမှာ အမှုဖွင့်ထားတာဖြစ်ပြီး အပြင်ကနေ အမှုရင်ဆိုင်နေရတာဖြစ်တယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။
ရဲဖမ်းမှာကြောက်လို့ ပုန်းရတာ
ပေကျင်းမြို့ မြန်မာသံရုံးကလည်း ရှန်းတုံးပြည်နယ် ဝေဟိုင်မြို့ မှာ အရောင်းစားခံရတဲ့ မြန်မာအလုပ်သမား ၂၂ ယောက်ကို ကူညီကယ်တင်ပေးဖို့ အောက်တိုဘာလမှာ ပြောကြားလာတဲ့ အကြောင်း၊ သံရုံးအနေနဲ့ အဲဒီအလုပ်သမားတွေ နေရပ်ပြန်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအလုပ်သမား ၂၂ ယောက်ကို ဆက်သွယ်တဲ့အခါမှာ သူတို့နဲ့အတူ ရေဘဝဲ ထုတ်ပိုးဖြန့်ချိတဲ့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ချင်းပြည်နယ်က လေးယောက်ကလည်း ပြန်ချင်တဲ့အကြောင်း ပြောကြားလာတာကြောင့် ကူညီပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလုပ်သမားတွေဟာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာက ၁၇ ယောက်၊ အောင်လံမြို့နယ်က လေးယောက်၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်က တစ်ယောက်နဲ့ ချင်းပြည်နယ် မတူပီမြို့နယ်က လေးယောက်တို့ဖြစ်ကြပြီး တရုတ်နိုင်ငံကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ပြန်ရောက်လာကြပါတယ်။
အဖမ်းမခံရအောင် တောလမ်းကေနေ ပြန်လာတာဖြစ်တဲ့အတွက် လမ်းမှာ ၇ ရက်လောက် ကြာခဲ့တယ်လို့ အလုပ်သမားတယောက်ဖြစ်တဲ့ မသန်းသန်းထွေးက ပြောပါတယ်။
"ပြန်လာတဲ့လမ်းက အဆင်ပြေလားဆို ဟိုကွေ့လိုက် ဒီသွားလိုက်နဲ့ အဆင်မပြေဘူး။ ရဲဖမ်းမှာကြောက်လို့ ပုန်းရတာနဲ့။ နောက်ပြီး ကျမတို့ဆီကို ဟိုကွေ့ဒီကွေ့နဲ့ မောင်းရလို့ ကားခထပ်မပေးရင် မမောင်းဘူးဆိုလို့ မရှိတဲ့ကြားက တစ်ယောက်ကို ၆၀ (မြန်မာငွေ တစ်သောင်း ၃ ထောင်ကျော်) ဆီပေးခဲ့ရတယ်။ အသွားတုန်းက လေးညအိပ် ငါးရက်လောက်ပဲကြာတာ။ အပြန်လမ်းက မချောတော့ ခြံတွေမှာ ပိတ်ထားတာတွေရှိတယ်"
အဲဒီပွဲစားကို အလုပ်သမားတွေက ပွဲစားခ တစ်ယောက်ကို ငါးသိန်းခွဲ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီအလုပ်သမားတွေကို တရုတ်နိုင်ငံ ရှန်းတုံးပြည်နယ်က မုန့်စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားက ဇူလိုင်လမှာ ခေါ်သွားခဲ့တဲ့အကြောင်း၊ တရုတ်နိုင်ငံရောက်တဲ့အခါ အအေးခန်းပင်လယ်စာတွေ ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ကျောက်ခွဲတဲ့စက်ရုံတွေမှာ အလုပ်လုပ်ခဲ့ကြရတယ်လို့ သိရပါတယ်။
မနက် ၆ နာရီကနေ ည ၇ နာရီခွဲအထိလုပ်ကြရပြီး နေမကောင်းလို့ နားမယ်ဆိုရင်တောင် အများဆုံး နှစ်ရက်ပဲ နားခဲ့ရတယ်၊ အမျိုးသားတွေဆိုရင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
အလုပ်လုပ်ခဲ့တဲ့ နေရာဟာ တရုတ်နိုင်ငံရဲ့ နယ်စွန်နယ်ဖျားမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ပင်လယ်သာခြား တယ်လို့လည်း သိရကြောင်း အလုပ်သမားတွေက ပြောကြပါတယ်။ အလုပ်သမားတွေဟာ ပြင်ပ ထွက်ခွင့်မရဘဲ စက်ရုံဝင်းထဲမှာ နေရတယ်၊ အလုပ်လုပ်ခဲ့တဲ့ နှစ်လခွဲစာအတွက်လည်း လုပ်ခလစာမရခဲ့ကြဘူးလို့ သိရပါတယ်။
သူတို့ ပြန်လာနိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုဝင်းဇော်ခိုင် ကလည်း ကူညီပေးခဲ့ရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
"အာဏာပိုင်တွေနဲ့ ပြောတဲ့အခါ တရုတ်စကား ပြောတတ်တဲ့သူတွေကို ပါဝင်ဖို့ ဆွေးနွေးရတာတွေရှိတယ်။ ဒါမှ လမ်းမှာ အခက်ခဲမရှိ ကျော်ဖြတ်နိုင်မယ်။ လမ်းမှာက ထွက်လာမယ်ဆိုရင် သတ်မှတ်ရက်ထက်တောင် ကြာတယ်။ ယူနန်မြေထဲမှာ ဝင်တဲ့လမ်းမှာ အချိတ်ဆက် နည်းနည်ဟသွားလို့ တစ်ရက်ကျော် နှစ်ရက်လောက် ကြန့်ကြာသွားတာတွေ ရှိတယ်"
သူတို့တွေကို ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကြေးတွေရအောင် ကူညီပေးနေတယ်လို့ မကွေးတိုင်း လူငယ်ရေးရာအတွင်းရေးမှူး ကိုဝေယံအောင်က ပြောပါတယ်။
"သူတို့ယာယီခရီးစရိတ်တွေ ဘာတွေတော့ ရသွားပြီလေ။ ဟိုမှာသွားလုပ်တယ် ဒီဘက်မှာ ဘာမှမရှိတော့ တာတွေပါတယ်လေ။ သူတို့က တချို့ကတော့ လက်ငုတ်လက်ရင်းရှိတယ်ဗျာ။ တချို့က ဘဝသစ်ပြန် တည်ထောင်ရမယ့်လူမျိုးတွေ ပါတယ်ဗျာ။ အဲဒီလိုမျိုးတွေကျတော့ ထောက်ပံ့ကြေး အမြင့်ဆုံးရအောင် လုပ်ပေးနေတာပေါ့"
ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား လူမှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အဲဒီအလုပ်သမားတွေဟာ သူတို့ဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်မပြေလို့ လယ်တွေစိုက် မရတော့တာ၊ အလုပ်ကိုင်ရှားပါးတာကြောင့် အလုပ်ကိုင်ပေါတဲ့ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်ကြတာလို့ ပြောပါတယ်။