ကယားပြည်နယ်က ဒုက္ခသည်တွေ ထိုင်းနယ်စပ်မှာ ဆေးဝါးနဲ့ ရိက္ခာလိုအပ်နေ
2023.07.08

ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မဲစယီယန်ခရိုင်မှာရှိတဲ့ ဆောင်ဟိန်ရွာအနီးမှာ ကယားပြည်နယ်ကနေ အခုလတ်တလော ထွက်ပြေးလာတဲ့ဒုက္ခသည် ငါးထောင်ခန့် ရောက်ရှိနေပါတယ်။
ဘန်ကောက်မြို့အခြေစိုက်တဲ့ မြန်မာ့အရေးဆောင်ရွက်နေသူတချို့က အဲဒီဒုက္ခသည်တွေထံကို ပြီးခဲ့တဲ့ အပတ်က ထရပ်ကား သုံးစီးအပြည့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသွားရောက်ပေးပို့ခဲ့ပါတယ်။
ဒုက္ခသည်တွေထံကို တိုက်ရိုက်ပို့ခွင့်မရဘဲ ဒေသခံ ထိုင်းရဲစခန်းမှာပဲ ပစ္စည်းတွေကို ထားခဲ့ရတယ်လို့ သွားရောက်ပို့ဆောင်သူတစ်ဦးဖြစ်တဲ့ New Power Generation လူမှုရေးအဖွဲ့ခေါင်းဆောင် ကိုဖိုးပြည့် က RFA ကိုပြောပါတယ်။
“ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေစခန်းမှာ ကိုဗစ်ဖြစ်နေတယ်လို့ ကျွန်တော်တို့ကို ပြောတယ်၊ ဒေသခံတွေကတော့ ကျွန်တော်တို့ကို ဒုက္ခသည်တွေနဲ့ သက်သက်ပေးမတွေ့တာလို့ပြောတယ်၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ၊ ဆန်တွေကို အဲဒီရဲစခန်းမှာပဲ ထားခဲ့တယ်၊ ရဲတွေက သွားပို့ပေးပါတယ်၊”
သွားရောက်ကူညီတဲ့သူတွေထဲမှာ တန်းတူညီမျှခြင်းမြန်မာပရဟိတအဖွဲ့က ကိုရှိန်းအောင် လည်း ပါဝင်ပါတယ်။ ထိုင်းရဲက ခွင့်မပြုပေမဲ့ ဒုက္ခသည်တွေခိုလှုံနေတဲ့တောထဲကို ဒေသခံတစ်ဦးအကူအညီနဲ့ သူကရောက်ရှိအောင်သွားနိုင်ခဲ့သူပါ။
“တချို့ကတော့ CDM ဆရာ ဆရာမတွေ ပြေးရင်းလွှားရင်းနဲ့ ဒီဖက်ရောက်လာတာ၊ သူတို့က တောထဲမှာ ဆယ်ယောက်လောက်ဆန့်တဲ့ မိုးကာတဲလေးတွေနဲ့ နေကြတာ၊ ထိုင်းအာဏာပိုင်တွေက အဲဒီသူတွေကို အခု ဘယ်မှသွားခွင့်မပေးတော့ဘူး၊ နောက်ထပ်စစ်ဘေးရှောင်တွေလည်း ပေးမဝင်တော့ဘူး၊ တချို့ဒီဖက်ကသွားလှူသူတွေက အဲဒီစည်ပင်ရုံးမှာ ပစ္စည်းတွေထားခဲ့ရတယ်၊ စားဝတ်နေရေးကတော့ တော်တော်ခက်ခဲနေတယ်၊ နည်းနည်းကြာပြီဖြစ်တဲ့သူတွေက တောထဲမှာ မျှစ်တွေသွားချိုးတာမြင်ခဲ့ရတယ်”
မဲဟောင်ဆောင်မှာ အခြေစိုက်ပြီး ဒုက္ခသည်တွေကို ကူညီနေတဲ့ စိုင်းစည်သူလွင် ဆိုသူကတော့ ဒုက္ခသည်ဦးရေဟာ ငါးထောင်ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။
“စစ်ဘေးရှောင်တွေက ကယားပြည်နယ် ဖရူဆိုနဲ့ ဒီးမေ့ာဆိုဘက်ကလည်း ရှိတယ်၊ ဘောလခဲခရိုင်ကလာသူတွေလည်း ရှိတယ်၊ ပြီးတော့ မဲစယ့်ဒေသက ထွက်ပြေးလာသူတွေလည်းရှိတယ်၊ တချို့လည်း နောက်ပိုင်းထပ်ပြေးလာသူတွေက ဒီစစ်ဘေးရှောင်စခန်းမှာ နေဖို့ အဆင်မပြေသေးတော့ မြန်မာဘက်မှာပဲ ရှိသေးတယ်၊ စုစုပေါင်း ငါးထောင်ကျော်လောက်ရှိမယ်၊ ထိုင်းနိုင်ငံမှာရှိတဲ့ပြည်သူတွေလည်း ကူညီနိုင်သလောက်ကူညီတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာတွေကလည်း ကူညီနိုင်သမျှကူညီတယ်ဗျ၊ ဒါပေမဲ့ အစားအစာတွေ ဆေးဝါးတွေ လိုအပ်တယ်ဗျ”
ဒီအတောအတွင်း မြန်မာစစ်ကောင်စီအာဏာပိုင်တွေက ထိုင်းအစိုးရကိုဆက်သွယ်ပြီး ဒုက္ခသည်တွေကို လက်မခံဖို့ ဖိအားပေးနေတယ်လို့ ကြားသိရကြောင်း ဒေသခံတွေက RFA ကိုပြောပါတယ်။
အခုလို အလှူရှင်တွေအနေနဲ့ ဒုက္ခသည်တွေထံကို အကူညီတွေ တိုက်ရိုက်ပေးပို့နိုင်ခြင်းမရှိသလို ကယားပြည်နယ်က ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်မရအောင် ထိုင်းနိုင်ငံအာဏာပိုင်တွေက တားဆီးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။