အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် သန်းနဲ့ချီတိုးလာ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.05.06
အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် သန်းနဲ့ချီတိုးလာ တိုက်ပွဲများကြား ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှမကြုံဖူးတဲ့ စစ်ပြေး၊ တပ်ပြေးတွေ ဒုနဲ့ဒေးရှိလာပြီး စစ်သုံ့ပန်းတွေလည်း ရှိလာပါတယ်။ စစ်ဘေးကို တိမ်းရှောင်ဖို့ နေရပ်ကို စွန့်ခွာခဲ့သူကို စစ်ပြေးလို့ မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ တိမ်းရှောင်တာချင်းအတူတူ စစ်တပ်က ထွက်ပြေးတိမ်းရှောင်တဲ့ စစ်သားက စစ်ပြေးဖြစ်ပြီး စစ်ပွဲမှာ ဖမ်းဆီးရမိသူက သုံ့ပန်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ နှစ်သန်းခွဲကျော် (၂၅၉၄၄ဝဝ) ရှိတယ်လို့ ဧပြီ ၁၂ ရက်ကထုတ်ပြန်တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရသူက ခန့်မှန်းခြေ ငါးသောင်းခွဲကျော် ခြောက်သောင်းနီးပါး (၅၉၇၀၀) ရှိတယ်လို့ ဆိုပါတယ်။ စကားလုံးနှစ်လုံးပဲ ရှိတဲ့ စစ်ပြေးရဲ့နောက်ကွယ်မှာ အသက်အိုးအိမ် စည်းစိမ်နဲ့ အနာဂတ်ပျောက်ရတဲ့ သဘောတွေ ကပ်ငြိပါလာပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို တူမီးနဲ့ မင်းတပ်ကစလို့ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲတာနဲ့အတူ ချင်းပြည်နယ်မှာ အရင်ကလို မဟုတ်ဘဲ စစ်ပြေးဒုက္ခသည်တွေများလာတယ်လို့ မင်းတပ်ဇာတိ ဆလိုင်းရှင်းမန်က ပြောပါတယ်။

“စစ်ပြေးကလည်း တော်တော်များတယ်ခင်ဗျ၊ နဂိုကတည်းက ကျွန်တော်တို့ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်သတ်မှတ်ခံထားရတဲ့ အပြင်မှာ အခုက ဖြတ်လေးဖြတ် အဖြတ်ခံထားရတာကို။ ပညာရေး၊ ကျန်းမာရေး။ လူမှုဖူလုံရေးက တော်တော့်ကို ခက်ခဲနေတယ်။ မင်းတပ်တစ်မြို့လုံးမှာဆို ၉ဝ ရာခိုင်နှုန်း မရှိကြတော့ဘူး။ သက်ကြီးတွေပဲ ကျန်တော့တယ်။ မီးမလာတာလည်း နှစ်နှစ်ကျော်ပြီလေ”

ရခိုင်ပြည်နယ် သံတွဲဆိုရင်လည်း တိုက်ပွဲတွေနဲ့ ကင်းဝေးခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာချိန်မှာ ယမ်းငွေ့သမ်းလာပါတယ်။ သံတွဲမြို့ မိုင် ၂ဝ လောက်အကွာ ရေကောက်ရွာနဲ့ ပုရစ်ရွာနားမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၂၁ ရက်က တိုက်ပွဲ စဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ရင် စစ်နဲ့ ဘယ်လိုမှာ မသက်ဆိုင်တဲ့ အရပ်သားတွေ စစ်ပြေးဘဝ ရောက်ရတာကို သံတွဲဒေသခံတစ်ယောက်က ပြောပါတယ်။

“သံတွဲမှာတော့ လေယာဉ်သံကြားလည်း ကြောက်နေရတာပဲ။ လက်နက်ကြီးသံကြားလည်း ကြောက်နေရတာပဲ။ ဒီဖြစ်နေတဲ့အခြေအနေကတော့ ကျီးလန့်စာစားဖြစ်နေတာပေါ့။ အဓိက တိုက်ပွဲဖြစ်တဲ့နေရာက တောထဲမှာ ဖြစ်တာပါ။ အဲဒီတောတွေနဲ့ နီးတဲ့ရွာတွေကတော့ ရှောင်နေကြရတာပေါ့”

အရပ်သားတွေ စစ်ပြေးဘဝရောက်ရသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) မှာ ပါလာတဲ့ စစ်ဗိုလ်စစ်သားတွေရှိသလို တပ်ကို စွန့်ခွာထွက်ပြေးတဲ့ တပ်ပြေးတွေလည်း မကြုံစဖူးများလာပါတယ်။ တပ်ပြေးဦးရေ အတိအကျ သိရဖို့ မလွယ်ကူပေမဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆင်နွှဲတဲ့ ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း တပ်ပြေးတွေပိုများလာပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center က မြန်မာ့အရေးသုံးသပ်သူ ဦးရဲမျိုးဟိန်းကတော့ တပ်ကိုစွန့်ခွာသူ အနည်းဆုံး တစ်သောင်းရှိမယ်လို့ ခန့်မှန်းတဲ့အကြောင်း The Guardian က ဇန်နဝါရီလက ဖော်ပြဖူးပါတယ်။

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo : The Lawngtlai Post)
အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo : The Lawngtlai Post)

ဒီတပ်ပြေးတွေအပြင် တိုက်ပွဲတွေအတွင်း ရန်သူတပ်ဖွဲ့ဝင်ကို ဖမ်းဆီးမိတဲ့ သုံ့ပန်းလည်း ရှိပြန်ပါတယ်။ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA/AA)ဟာ သုံ့ပန်းတွေကို မညှဉ်းပန်းဘူးလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ ULA/AA က စစ်မြေပြင်က ဖမ်းဆီးရမိတဲ့ ရန်သူ့သုံ့ပန်းတွေကိုတောင်မှ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာ ဖြစ်ပါတယ်”

တပ်ကိုစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များလာကြောင်းပြောဆိုချက်နဲ့ တပ်ဖွဲ့ဝင်တွေ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ဖြစ်ရင် စစ်သုံ့ပန်း ရှိစမြဲဖြစ်ပြီး စစ်မက်အတွင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဖမ်းဆီးရမိသူတွေကို လူသားဆန်ဆန်ဆက်ဆံဖို့ ဂျီနီဗာသဘောတူညီချက်မှာ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။