မြဝတီမြို့က စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေးခက်ခဲနေ
2024.04.22

မြဝတီမြို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီမြို့ ဗုဒ္ဓကျေးဇူးကျောင်းတိုက်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် လေးရာလောက်အတွက် စားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဗုဒ္ဓကျေးဇူးကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။
ဗုဒ္ဓကျေးဇူးကျောင်းတိုက်ဟာ တိုက်ပွဲအဓိကဖြစ်ပွားခဲ့တဲ့ တံတားအမှတ် ၂ အနီးက အမှတ် ၅ စိုက်ပျိုးရေးဇုန် ရပ်ကွက်မှာရှိပြီး တိုက်ပွဲဖြစ်ဖြစ်ချင်းမှာပဲ လူပေါင်းတစ်ထောင်လောက် အဲဒီဘုန်းကြီးကျောင်းကို ရောက်လာကြတာပါ။
"တစ်မြို့နယ်လုံးအကုန် အခက်အခဲနဲ့ဆိုတော့ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့ရမှာလည်း မလွယ်ဘူးတဲ့ အနေအထားဖြစ်နေတယ်"
ဧပြီလ ၂၁ ရက်နေ့မှာတော့ တိုက်ပွဲငြိမ်သွားလို့ တချို့လည်း ကိုယ့်အိမ်ကိုယ်ပြန်နေကြပေမဲ့ သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ လက်ရှိကျန်နေသေးတဲ့ လူပေါင်း လေးရာလောက်ကတော့ မပြန်ရဲကြသေးပါဘူး။
ဒုက္ခသည်တွေအတွက် နောက်ရက်တွေမှာ စားသောက်ရေး အခက်အခဲဖြစ်နေပြီလို့ ဗုဒ္ဓကျေးဇူးကျောင်းတိုက် ဆရာတော် ဦးကဝိပီယ က မိန့်ကြားပါတယ်။
"လောလောဆယ်ကတော့ ပြန်မဲ့အနေအထားတော့ မရှိသေးဘူး၊ ကိုယ့်နီးရာ ဒကာဒကာမတွေပေါ့ အလှူရှင်တွေဆီက လောလောဆယ်ဖြေရှင်းပေးနေရတာပေါ့။ ရက်ရှည်လာမယ်ဆိုရင်တော့ တော်တော် အခက်အခဲရှိမှာပေါ့၊ စောင့်ကြည့်တာပေါ့။ ရက်ရှည်ရင်တော့ မလွယ်ဘူး။ လောလောဆယ်စောင့်ကြည့်တဲ့ အတိုင်းအတာလောက်ပဲ၊ နောက်ဆိုရင်တော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ အားလုံးအခက်အခဲများနေတယ်လေ၊ တစ်မြို့နယ်လုံးအကုန် အခက်အခဲနဲ့ဆိုတော့ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့ရမှာလည်း မလွယ်ဘူးလို့ အဲဒီလိုအနေအထားဖြစ်နေတယ်’’
မြဝတီမြို့၊ အမှတ် ၂ တံတားက ကုန်သွယ်ရေးဇုန်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်ညနဲ့ ၂၀ ရက်တစ်နေ့လုံး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေးကြရတာပါ။
လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ဗုံးကြဲ၊ စက်သေနတ်တွေနဲ့ပစ်ခတ်တာကြောင့် မြို့ခံတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးကြရသလို တချို့လည်း နီးစပ်ရာနေရာတွေမှာ ရှောင်တိမ်းနေကြရပါတယ်။
ဗုဒ္ဓကျေးဇူးကျောင်းတိုက်ကို စစ်ဘေးရှောင်ဖို့အတွက် အရင်ကတည်းက ကြိုတင်ရောက်နေကြသူတွေရှိသလို ဧပြီလ ၂၀ ရက်က စာရင်းပြုစုထားရာမှာ အမျိုးသားဦးရေ ၂၁၂ ယောက်၊ အမျိုးသမီး ၂၄၅ ယောက်၊ ကလေးငယ် ၂၃၆ ယောက်နဲ့ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စုစုပေါင်း ၆၉၄ ယောက်တို့ ခိုလှုံကြရတာပါ။
တိုက်ပွဲတွေ ငြိမ်သွားလို့ အမျိုးသားတချို့ အိမ်ပြန်ကြပေမဲ့ ညဘက်မှာတော့ ဘုန်းကြီးကျောင်းမှာပဲ ပြန်နေကြတာများတယ်လို့ အဲဒီကျောင်းတိုက်တာဝန်ခံ ကိုနိုင်ဝင်းက ပြောပါတယ်။
"အခက်အခဲတော့ရှိတာပေါ့။ ဟိုကအလှူရှင်တွေကနည်းနည်းလှူလိုက်၊ ဒီကလှူလိုက် ဆရာတော်မှာလည်း ပြောမယ်ဆိုရင်ရှိတဲ့ဟာလေးနဲ့ပေါ့၊ ဝိုင်းဝန်းပြီးတော့ ချက်ပြုတ်ကျွေးကြရတာပေါ့၊ နေ့ခင်းဘက်ကျရင် ပူကလည်း တအားပူတော့ ဒီရာသီက၊ ပြီးရင် ဓမ္မာရုံအောက်တွေရော၊ စင်္ကြံတွေပေါ်မှာရောပေါ့။ ကျောင်းပတ်ပတ်လည် အပင်အောက်တွေမှာ အဲဒီလို အိပ်ရတယ်။ ဆန်အိတ်တွေတော့ ဆယ်အိတ်နှစ်ဆယ်လောက်တော့ ရှိတာပေါ့လေ၊ ၁၉ ရက်နေ့ ဖြစ်တဲ့နေ့ကတည်းက အဲဒါတွေက တချို့တစ်ဝက်က ကုန်နေပါပြီ။ ဆရာတော်မှာရှိတဲ့ ဟာလေးနဲ့ တစ်ရက်နှစ်ရက်ဆို ကုန်ပါပြီ’’
နောက်ထပ်တိုက်ပွဲဖြစ်မှာကို ကြောက်လို့ မပြန်ရဲသေးဘူးလို့ မြဝတီမြို့ခံ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်က ဆိုပါတယ်။
"ပစ်တာခတ်တာကြားတာနဲ့ ထွက်ပြေးလာကြတာ။ ဟိုဘက်ကလ က်နက်ကြီးတွေ ကျတယ်။ ဒီဘက် ဘုန်းကြီးကျောင်းဘက်ကို ထွက်ပြေးလာကြတယ်၊ လူကများလာတော့ အလှူရှင်တွေက နည်းတော့ စားဝတ်နေရေး နည်းနည်းတော့ ကျပ်တည်းတာပေါ့။ ပြန်လို့မရဲဘူးဆိုတာက ကျွန်တော်တို့အနားမှာ စစ်တပ်တွေ ဘာတွေ လာထိုင်နေတယ်လို့ကြားလို့ ပြန်မရဲဘူးဖြစ်နေတယ်၊ စစ်ပွဲတွေက မဖြစ်တာဘဲ ကောင်းတယ်၊ ဖြစ်ရင်က စားဝတ်နေရေးလုပ်စားကိုင်စား အဆင်မပြေတော့ဘူးပေါ့၊ တစ်နေ့လုပ် တစ်နေ့စားသမားတွေက စားဝတ်နေရေး အဆင်မပြေဘူးပေါ့ ငွေရေးကြေးရေးအကျပ်အတည်းဖြစ်တာပေါ့’’
တိုက်ပွဲကြောင့် မြဝတီမြို့က လူသုံးထောင်လောက်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ဆီ ထွက်ပြေးခိုလှုံနေကြရပြီး ဒီနေ့တိုက်ပွဲငြိမ်သက်နေပြီဖြစ်လို့ တချို့လည်း နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။