နိုင်ငံစုံညွန့်ပေါင်းဖွဲ့ပြီး မြန်မာပြည်သူတွေကိုကူညီဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တိုက်တွန်း

2022.09.21
နိုင်ငံစုံညွန့်ပေါင်းဖွဲ့ပြီး မြန်မာပြည်သူတွေကိုကူညီဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တိုက်တွန်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းရွာများမှ ထွက်ပြေးလာသူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေတဲ့အချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအချို့ဟာ စစ်ကောင်စီကို သက်တမ်းရှည်အောင် အားပေးထောက်ခံတဲ့လုပ်ရပ်တွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်မ် အင်ဒရူး က စက်တင်ဘာ ၂၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ နှုတ်နဲ့အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

“ဒီအကျပ်အတည်းကို နိုင်ငံတကာက တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဟာ အလွန်မှပဲ စိတ်ပျက်နေကြပါတယ်“

ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့အခြေအနေတွေ တစ်စထက် တစ်စ ပိုဆိုးလာနေပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို တညီတညွတ်တည်း တုံ့ပြန် ဆောင်ရွက်မှုမရှိသ၍ မြန်မာပြည်သူတွေ ဒုက္ခခံစားနေရဦးမယ်လို့ မစ္စတာတွမ်အင်ဒရူး က ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေဟာ ဆိုးဝါးတာကနေ ပိုဆိုးလာပြီး အဆိုးတကာ့ အဆိုးဆုံး အခြေအနေကို ဦးတည်နေပါတယ်။ မြန်မာပြည်သူ တစ်သန်း သုံးသိန်းလောက်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေကြရပါ တယ်။ စစ်တပ်က အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။ မြန်မာစစ်တပ်ဟာ နေအိမ်ပေါင်း ၂၈၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ လည်း ဆက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတင်ပဲ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းက စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁၁ ဦးအပါအဝင် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရပါတယ်”

မြေမြှုပ်မိုင်းဒဏ်ကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ အပြစ်မဲ့ပြည်သူအရေအတွက်ကလည်း တိုးလာနေပြီး အစာရေစာ ရှားပါးမှုတွေနဲ့ ကလေးသူငယ် အာဟာရပြတ်လပ်မှုတွေ ကြုံလာရတော့မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားတဲ့အကြောင်း၊ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ ရိုဟင်ဂျာတွေဟာလည်း အကျဉ်းစခန်းလို နေရာတွေမှာ အကန့်အသတ်တွေနဲ့ နေထိုင်နေကြရကြောင်း၊ စစ်ကောင်စီဟာ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ ဒေသက ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေရယူခွင့် မပေးဘဲ အကူအညီကို လက်နက်အဖြစ်အသုံးပြုနေတဲ့အကြောင်း သူက ပြောသွားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု War Crime နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against Humanity မြောက်တဲ့ ရာဇဝတ်မှုတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတယ်တဲ့ အခြေအနေမှာ နိုင်ငံတကာရဲ့တုံ့ပြန်ပုံကို မြန်မာပြည်သူတွေ အလွန်ပဲစိတ်ပျက်နေကြတယ်လို့ မစ္စတာ တွမ် အင်ဒရူးက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ။ ဒီအကျပ်အတည်းကို နိုင်ငံတကာက တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဟာ အလွန်မှပဲ စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ စိတ်ထိခိုက်ပြီး ဒေါသလည်း ထွက်နေကြပါတယ်။ အချို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာဆိုရင် ဒီတရားမဝင်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ဘဏ္ဍာငွေတွေ၊ ကုန်သွယ်ရေးတွေ၊ လက်နက်တွေနဲ့ တရားဝင်အောင်ထောက်ပံ့ပြီး ကူညီထားကြတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အချို့နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း နှုတ်ကနေ ပြောထားပေမယ့် အလုပ်နဲ့ အမှန်တကယ် သက်သေပြတာ မရှိတဲ့အတွက်လည်း စိတ်ပျက်နေကြတာ ဖြစ်ပါတယ်”

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာကနေ စုစည်းညီညွတ်ပြီး ပိုမိုထိရောက်ပြင်းထန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေရနိုင်ဖို့အတွက် နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်ကြဖို့လိုတယ်လို့ မစ္စတာ တွမ် အင်ဒရူးက ပြောသွားပါတယ်။

“ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေအတွက် အလေးထားတဲ့ ကမ္ဘာ့နိုင်ငံတွေဟာ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်တွေကို ဘဏ္ဍာငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ မပေးဖို့ စုစည်းပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။ တကယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဒီလိုဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင်၊ မြန်မာပြည်သူတွေဘက်က ရပ်တည်မယ်လို့ကတိပေးထားတဲ့ နိုင်ငံတွေ၊ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေ ထိရောက်မှုအရှိဆုံးဖြစ်အောင် စေ့စပ်ညှိနှိုင်းပြီး လုပ်ကြဖို့ လိုပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့ အခုထက်ပိုပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုး ရသင့်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းပြီး၊ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းကြပါ။ မြန်မာနိုင်ငံအတွက် တစ်နိုင်ငံချင်း လုပ်နေတဲ့ ဆောင်ရွက်ချက်တွေ အစား အားလုံး တိုင်တိုင်ပင်ပင်နဲ့ စုစည်းပြီး မဟာဗျူဟာကျကျ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ”

307197577_10162050281703128_2832547972899850804_n (1).jpg
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းရွာများမှ ထွက်ပြေးလာသူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေအတွက် ရန်ပုံငွေရရှိမှု အခြေအနေကလည်း အလွန်နည်းပါးနေပြီး လိုအပ်ချက်ပြည့်မှီဖို့ ၈၀ ရာခိုင်နှုန်းလောက် လိုနေသေးတယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။

 “မြန်မာနိုင်ငံအတွက် တစ်နိုင်ငံချင်း လုပ်နေတဲ့ ဆောင်ရွက်ချက်တွေ အစား အားလုံး တိုင်တိုင်ပင်ပင်နဲ့ စုစည်းပြီး မဟာဗျူဟာကျကျ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်”

အခုအချိန်မှာ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ဖမ်းဆီးမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးနေကြရပြီး၊ ထွက်ပြေးလာရတဲ့သူတွေကို လက်ခံထားတဲ့နိုင်ငံတွေဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့လည်း အရေးကြီးတဲ့အကြောင်း မစ္စတာ တွမ် အင်ဒရူးက ပြောသွား ပါတယ်။

“သူတို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးချင်လို့ ပြေးလာကြတာ မဟုတ်ပါဘူး။ မပြေးလို့ မဖြစ်တဲ့ အခြေအနေ ကြောင့်သာ ထွက်ပြေးလာရတာပါ။ အခုဆိုရင် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က ဒေသခံအဖွဲ့အစည်းတွေကလည်း ထွက်ပြေးလာကြသူတွေကို အကူအညီပေးနေကြပါတယ်။ ဒါပေမယ့် သူတို့ချည်းပဲ အားလုံးကို မလုပ်နိုင်ပါဘူး။ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံက အစိုးရတွေဟာ အသက်မသေဖို့ ထွက်ပြေးလာရ တဲ့သူတွေရဲ့ အခွင့်အရေးကိုလေးစားဖို့လိုပါတယ်။ ဒီနိုင်ငံတွေကိုလည်း နိုင်ငံတကာက အကူအညီပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးအတူတကွ ရင်ဆိုင်ကြဖို့လိုပါတယ် ”

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လက်ရှိ နိုင်ငံတကာက လုပ်ဆောင်နေတဲ့ လမ်းကြောင်းဟာ အလုပ်မဖြစ်တဲ့အတွက် သူတို့ရဲ့အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် လမ်းကြောင်းအသစ် ဖော်ဆောင်ပေးကြဖို့ မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။