ဖာပွန်ဒေသ လွတ်မြောက်နယ်မြေ ဖြစ်လာတော့မလား
2022.02.15
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ရှိဝန်ထမ်းအားလုံး ဖေဖော်ဝါရီလ ၁ဝ ရက်နေ့အတွင်း ထွက်ခွာဖို့ KNLA ကရင်အမျိုးသားတပ်မတော် တပ်မဟာ ၅ က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။
အခု လက်ရှိမှာ ဝန်ထမ်းအများစု ထွက်ခွာသွားကြပြီဖြစ်ပြီး သူတို့ကို လိုအပ်သလို ကူညီခဲ့တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောပါတယ်။
“သူတို့ ထွက်ခွာမယ်ဆိုရင် ကားနဲ့ဖြစ်ဖြစ် လှေနဲ့ဖြစ်ဖြစ် ကားစရိတ် စားစရိတ်ကအစ ကြိုတင်ပေးထားတယ်။ အလံဖြူတွေ ထောင်ဖို့နဲ့ လိုအပ်တဲ့ ကျေးရွာတွေနဲ့ ဆက်စပ်ပြီးတော့မှ ကြိုတင်မှာ ထားတာတွေလည်း ရှိပါတယ်”
ဖာပွန်ခရိုင်ဟာ ကရင်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်က ပထမဆုံး လွတ်မြောက်နယ်မြေ မကြာခင်ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့လည်း ပဒိုမန်းမန်း က ပြောပါတယ်။
“စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားတွေကို ကျနော်တို့က လုံးဝလက်မခံဘူး။ အဲဒီနေရာက ကနဦးထဲက ကျနော်တို့ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဖြစ်လို့ ကျနော်တို့ အုပ်ချုပ်နယ်မြေကို ပြန်ပြီးတော့ ဖွဲ့စည်းတည်ဆောက် ချမှတ်နိုင်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ဖာပွန်မြို့ထဲမှာတော့ စစ်ကောင်စီရဲ့ တပ်ရင်း ၄ ရင်းလောက်က တည်ရှိနေတဲ့အတွက် ဒီအုပ်ချုပ်ရေးကို တမဟုတ်ချင်း မြို့ထဲမှာတော့ ဆောင်ရွက်နိုင်မှာတော့ မဟုတ်သေးဘူးပေါ့နော်။ ဖာပွန် တခရိုင်လုံး မကြာခင်ကာလမှာ ကော်သူးလေ အုပ်ချုပ်ရေး၊ KNU အုပ်ချုပ်ရေးရဲ့ အောက်မှာ ရောက်သွားမှာ ဖြစ်တယ်။ တချိန်တည်းမှာ ကျနော်တို့ အုပ်ချုပ်ရေးစနစ် တည်ဆောက်တဲ့ နေရာမှာ ကရင်ပြည်နယ် တခုလုံးမှာ ကရင်လူမျိုးချည်းပဲ ရှိတာမဟုတ်ဘူး၊ တခြား ဗမာလူမျိုးတွေနဲ့ ပအိုဝ်း၊ ရှမ်းလူမျိုးတွေကအစ ရှိတဲ့ အခါကျတော့ ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်ကို အခြေခံတဲ့ ကော်သူးလေ အုပ်ချုပ်ရေးစနစ်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အထက်တန်းကျောင်း ၆ ကျောင်း ရှိတယ်။ ကရင် ကျောင်းသားတွေချည်း ရှိတဲ့ကျောင်းကိုတော့ ကော်သူးလေ ကျောင်းလုံးလုံး ပညာရေးစနစ်ကို သင်ကြားပို့ချမှာ ဖြစ်ပြီးတော့ ကျန်တဲ့ ဗမာတိုင်းရင်းသား နဲ့ ရှမ်းတိုင်းရင်းသားရှိတဲ့ ကျောင်းလေးကျောင်းကိုတော့ ကော်သူးလေ ဖက်ဒရယ်ကျောင်းအနေနဲ့ မြန်မာသင်ရိုးညွှန်းတမ်း တချို့နဲ့ ကျနော်တို့ ကော်သူးလေရဲ့ သင်ရိုးညွှန်တမ်း တချို့ကို တွဲဖက်ပြီးတော့ ကျောင်းဖွင့်ဖို့ဖြစ်ပါတယ်”
ဒီရက်ပိုင်းအတွင်း ဖာပွန်မြို့က ထွက်ခွာလာခဲ့တဲ့ ရှမ်းတိုင်းရင်းသား စိုင်းကောင်းသက်စံ ကတော့ မကြာခင် တိုက်ပွဲတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။
“တပ်မဟာ ၅ ကနေ စာထုတ်ပြီးနောက်မှာ သထုံဘက်ကို ဘီးလင်း-ကျောက်ကြီး လမ်းကနေ ပြန်ကြတယ်။ တချို့ကျတော့လည်း ကရင်ဒေသခံ၊ ကရင်လူမျိုး၊ ကရင်ဝန်ထမ်းဆိုရင် ယွန်းစလင်းချောင်း ကနေပြီးတော့ မြိုင်ကြီးငူကို ဆင်းပြီး ရှောင်ကြတယ်။ အများဆုံးက မြိုင်ကြီးငူကို ရှောင်ကြတယ်။ ထွေအုပ်လောက်ပဲ ကျန်ပါတော့တယ်။ ဖာပွန်မှာက အရှေ့ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်း ဆိုပြီး ရှိတယ်။ အရှေ့ဘက်ခြမ်းကတော့ တပ်အင်အားစု အများဆုံး စိုက်ကြတယ်။ ဝန်ထမ်းအင်အား အများဆုံး စိုက်ကြတယ်။ အနောက်ဘက်ခြမ်းကတော့ KNU နယ်မြေ ကရင်ပိုင်းတွေပဲပေါ့။ မြို့ပေါ်မှာ အရင်က လူဦးရေ တစ်သိန်းလောက် ရှိခဲ့တာ အခု လေးသောင်းကျော်လောက် ရှောင်သွားပြီးတော့ ခြောက်သောင်းကျော်လောက်ပဲ ကျန်တော့တယ်"

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးလေ့လာသူ ဦးရဲမျိုးဟိန်းက လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာဖို့အတွက် အချက်သုံးချက် လိုတယ်လို့ ပြောပါတယ်။
“ပထမအချက်က ဒီနယ်မြေထဲမှာ ကိုယ့်ဘက်က ဘယ်လောက် အုပ်ချုပ်ရေး ထူထောင်နိုင်သလဲဆိုတာ အရေးကြီးပါတယ်။ ဒုတိယအချက်က စစ်ကောင်စီတပ်တွေက လေကြောင်းပစ်ကူတွေ အရမ်းသုံးနေတယ်။ အဲဒီလေကြောင်းပစ်ကူကို ကိုယ့်ဘက်က ဘယ်လိုမျိုး ပြန်ပြီး တန်ပြန်ခုခံနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ လက်ရှိအနေအထားအရ တနိုင်ငံလုံးမှာ စစ်ကောင်စီ တပ်တွေက ပြန့်ကြဲပြီးတော့ သူတို့ နေရာယူထားတဲ့အတွက် နောက်ကနေ ဘယ်လောက်အထိ သူတို့ စစ်ကူ ပေးနိုင်တယ် ဆိုတာ အဲဒီ ၃ ချက်အပေါ် မူတည်ပါတယ်။ လက်ရှိ အနေအထားအရ ကြည့်မယ် ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာရော PDF တွေမှာရော အားနည်းချက်တစ်ခုက အဓိကက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန် တိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာကျတဲ့ လက်နက်မျိုးတွေ မရှိသေးဘူးဆိုတာမျိုး တွေ့ရတယ်။ အဲဒီအခါကျတော့ ဖာပွန်ခရိုင်မှာ KNU က သူ့အုပ်ချုပ်ရေးကို ဖြန့်ကျက်နိုင်မယ့် အနေအထားတော့ ရှိနိုင်မယ်၊ စစ်ကောင်စီရဲ့လေကြောင်းပစ်ကူကို တန်ပြန်နိုင်တာမျိုး မရှိနိုင်ဘူးဆိုရင်တော့ နယ်မြေကို ထိန်းဖို့ တော်တော်လေးခက်မယ်လို့ မြင်ပါတယ်”
အခုလို ဖာပွန်ခရိုင်ကို KNU က ထိန်းချုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။