ဖားကန့်မြေပြိုမှု သေဆုံးသူ ၃၃ လောင်း ပြန်တွေ့ထား၊ စစ်ကိုင်းတိုင်းကပိုများ
2023.08.16

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်မြေပြိုမှုကြောင့် ပျောက်ဆုံး နေသူ ၄၂ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ ရေမဆေး ကျောက်ရှာဖွေနေသူတွေနဲ့ ရွှေမျော လုပ်ကိုင်နေသူတွေ ပါဝင်တယ်လို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ မန္တလေးတိုင်း မိုးကုတ်နဲ့ တံတားဦး၊ စစ်ကိုင်းတိုင်းက တန့်ဆည်၊ ရွှေဘို၊ ဟုမ္မလင်းနဲ့ ကျွန်းလှ၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်၊ ပဲခူးတိုင်းက ဝေါမြို့နယ်၊ မကွေးတိုင်း ပေါက်မြို့နယ်က ဖြစ်ကြပြီး အများဆုံးက စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေထဲမှာပါဝင်တဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် လက်ယက်ကုန်းရွာက အသက် ၂၆ နှစ်အရွယ် ကိုအောင်ထွန်းမြင့်ဟာ မိဘကိုလုပ်ကျွေးနေသူဖြစ်လို့ အလွန်အမင်းခံစားနေရတယ်လို့ သူ့မိခင်က RFA ကို ပြောပါတယ်။
"မနေ့ည ငါနာရီလောက်ပေါ်လာတော့ သင်္ဂြိုဟ်ပြီးပါပြီ။ သားလူပျိုလေးပဲ မိဘလုပ်ကိုင် ကျွေးနေတဲ့ သားလေးပါ။ အဓိက အားကိုးစရာဆိုလို့ သူ့တစ်ယောက်တည်းပေါ့။ အခုလို ဖြစ်သွားတော့ အရမ်းခံစားရတာပေါ့။ သားတစ်ယောက်ပဲ အားကိုးစရာရှိတာ အရမ်းခံစားရတာပေါ့"
သားသမီး သုံးဦးအနက် ကိုအောင်ထွန်းမြင့်က ဖားကန့်မှာကျောက်တူးပြီး မိသားစုကို ထောက်ပံ့ခဲ့တာ ၁၀ နှစ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
နောက်ထပ်သေဆုံးသွားတဲ့ ကျွန်းလှမြို့နယ် ငှက်ပျောတောရွာက အသက် ၄၆ နှစ်အရွယ် ကိုဝင်းကျော်ရဲ့ ယောက်ဖတော်စပ်သူကလည်း အခုလို မထင်မှတ်ဘဲသေဆုံးသွားတာ နှမြောမိတယ်လို့ ပြောပါတယ်။
"ကျွန်းလှမြို့နယ် ငှက်ပျောတောကျေးရွာက ကိုဝင်းကျော်တဲ့။ ကျွန်တော်က သူရဲ့ယောက်ဖဗျ။ အသက် ၄၆ နှစ် ရှိသွားပြီ။ သူက လူပျိုကြီး။ ကျွန်တော်ကတော့ ယောက်ဖပါသွားတယ်ဆိုတော့ နှမြောတာပေါ့ဗျာ။ တကယ်တမ်းပြောမယ်ဆို သူက ဖအေးတစ်ယောက်တည်းရှိတာလေ မအေက မရှိတော့ဘူးလေ။ သူ့အစ်မ တစ်ယောက်ရှိသေးတယ်လေ၊ ဒါတွေကို လုပ်ကိုင်ကျွေးနေတယ်ဆိုတော့လေ"
ကိုဝင်းကျော်ရဲ့ အလောင်းကိုလည်း ဩဂုတ်လ ၁၅ ရက်မနေ့က ပြန်တွေ့တာကြောင့် သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။
သြဂုတ် ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်က ဖားကန့်မြို့နယ် မနရွာအနီးက ကျောက်စိမ်းတူးလုပ်ကွက် မြေဇာပုံနဲ့ ကျောက်ကမ်းပါးက ရေကန်အတွင်းပိုင်း ပြိုကျခဲ့တာကြောင့် အဲဒီအနားမှာ တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးနေသူတွေနဲ့ ရွှေမျောတိုက်သူ ၄၀ ကျော် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက သြဂုတ်လ ၁၆ ရက်ညနေ ၃ နာရီခွဲအထိ အလောင်း ၃၃ လောင်းတွေ့ရှိထားပြီဖြစ်တယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။
"မနေ့ကနဲ့ဆိုလို့ရှိရင် ၃၃ ဖြစ်သွားပြီ။ မနေ့က ၂၅၊ ဒီနေ့ရှစ်လောင်း။ မနေ့က ၂၅ လောင်း။ ၂၅ လောင်းကို ပိုင်ရှင်တွေ့တာက ၁၉ လောင်း။ ပိုင်ရှင်တွေ့တာတွေကတော့ သူ့ဟာနဲ့သူ သင်္ဂြိုဟ်ကြပြီပေါ့နော်။ ကျန်တဲ့အလောင်းတွေကတော့ ပိုင်ရှင်မပေါ်သေးဘူး။ သက်ဆိုင်ရာကို သုသာန်ကိုတော့ ပို့ထားပြီးပြီပေါ့နော်။ (သေဆုံးတဲ့သူတွေက) စစ်ကိုင်းတိုင်းပါမယ်၊ ပြီးရင် ရခိုင်ပါမယ်၊ ကချင်ပါတယ်"
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်တိုက်ဆောင်ရွက်နေပြီး သြဂုတ် ၁၆ ရက်၊ အလောင်းတွေတွေ့ထားပေမယ့် ပိုင်ရှင်မပေါ်တာတွေ ရှိသေးတာကြောင့် စာရင်း အတိအကျတော့ မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်း ရွှေဘိုမြို့နယ်ကနေ ကျောက်လာလုပ်နေသူတစ်ဦးကလည်း ရွာမှာနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖားကန့်မှာ ကျောက်တူးလုပ်ငန်းလာလုပ်တာဖြစ်ပြီး မြေပြိုတဲ့အထဲ သူ့ညီဝမ်းကွဲ ပါသွားတယ်လို့ ပြောပါတယ်။
"ကျွန်တော့ညီဝမ်းကွဲနဲ့ သူ့ငယ်ချင်း သုံးယောက်ပေါ့။ ကျွန်တော်တို့ရွာကများတယ်။ ကျွန်တော်တို့ရွာဆို တော်တော်များများက ဒီနှစ်က အောက်ပိုင်းက အခြေအနေက မငြိမ်သက်တော့ မပြန်ဖြစ်ကြတာများတယ်။ ခါတိုင်းဆိုရင် ကျွန်တော်တို့ မိုးတွင်းဆိုပြန်ကြတယ်၊ ရာသီချိန်မှာပဲပြန်ပြန်တက်တာ။ အောက်ပိုင်းကလည်း ရွာလည်း မီးရှို့ခံစားရတော့ မပြန်ဖြစ်တာပေါ့။ ဒီမှာဆို ပိုပြီးတော့ လုံခြုံတယ်ပေါ့။ အဲဒါကြောင့် ဒီနှစ်မပြန်ဖြစ်ဘူးပေါ့"
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက ဩဂုတ် ၁၅ ရက်အထိ အလောင်း ၂၅ ဦးတွေ့ရှိပြီး ပိုင်ရှင်ရှိတဲ့အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီနေတယ်လို့ပြောပါတယ်။
"ဒဏ်ရာရတဲ့ ခုနစ်ယောက်က ဆေးရုံမှာကုနေတယ်။ နောက် ကျွန်တော်တို့ မနေ့က အထိတော့ ၂၅ လောင်း ဆယ်လို့ရတယ်။ ဆယ်လို့ရတဲ့အထဲမှာ ၁၈ လောင်းက ပိုင်ရှင်ရှိတဲ့အတွက် ပြည်နယ်အစိုးရက ဆယ်သိန်း ထောက်ပံ့တယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေကိုတော့ ဌာနဆိုင်ရာနဲ့ ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ စုပေါင်းပြီး တစ်ဦးကို လေးသိန်းခွဲ ထောက်ပံ့ထားတယ်။ လိုတဲ့ကိစ္စလည်း အကုန်လိုက်လုပ်ပေးနေတယ်"
ကချင်အမျိုးသားဖိုရမ် (KNF) ပြောရေးဆိုခွင့်ရှိသူ ဦးဇော်တန်က ကျောက်စိမ်း တူးဖော်တာကို တားလို့မရတဲ့အတွက် စနစ်တကျ စီမံခန့်ခွဲမှုတွေနဲ့ ဒီမြေတွေရဲ့ မြေဆီသဘာဝကို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ဒီလိုမြေပြိုမှုတွေ ထပ်ထပ်ပြီး မဖြစ်လာအောင်တားဖို့က ဒီနေရာ၊ ဒီဒေသကို ရပ် မှဖြစ်နိုင်မှာ။ ရပ်လို့မရတာလည်း ကျွန်တော်တို့ အားလုံးအသိပါပဲ။ ဘာလို့ဆို ဒီဒေသပေါ်မှာမှီခိုပြီးမှ အသက်ရှင်နေရတဲ့သူတွေ အများကြီးရှိတယ်။ ဒီဒေသအားဖြင့် နိုင်ငံရေး၊ စီးပွားရေး လည်ပတ်နေတာတွေလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရပ်လို့မရတဲ့၊ တားလို့မရတဲ့အတူတူ ထိရောက်တဲ့ အရေးယူမှု ပြုတာတွေနဲ့၊ စနစ်တကျ စီမံခံခွဲတဲ့ဟာတွေနဲ့၊ ပြီးလို့ရှိရင် ဒီမြေ၊ ဒီဒေသရဲ့ မြေဆီ၊ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းကာကွယ်မှသာ ဒီဟာတွေကို မြေရှင်းနိုင်မယ်လို့ မြင်ပါတယ်"
"ကျွန်တော်တို့ဒီလိုမြေပြိုမှုတွေ ထပ်ထပ်ပြီး မဖြစ်လာအောင်တားဖို့က ဒီနေရာ၊ ဒီဒေသကို ရပ် မှဖြစ်နိုင်မှာ။ ရပ်လို့မရတာလည်း ကျွန်တော်တို့ အားလုံးအသိပါပဲ"
မြေပြိုမှုကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုများနဲ့ အတူ ထပ်တူဝမ်းနည်းကြေကွဲရ ကြောင်းလည်း KNF က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီဒေသဟာ ဆယ်စုနှစ်မက စက်ယန္တယားကြီးတွေနဲ့အချိန်ပြည့် အမြဲ တူးဖော် နေတာကြောင့် သဘာဝအလျောက် ရှိနေတဲ့ တောတောင်တွေ မရှိတော့ဘဲ မကြာခဏ မြေပြိုနေတာလို့ဆိုပါတယ်။
၂ဝ၂ဝ ပြည့်နှစ်ကဖြစ်ခဲ့တဲ့ ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက်ပြိုကျမှုမှာ လူပေါင်း ၁၉၀ ကျော်သေဆုံးခဲ့ရသလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မက်လင်ဂျောင်ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမကုမ္ပဏီတို့ရဲ့ ကျောက်တူးဖော်ရေးလုပ်ကွက် မြေပြိုမှုမှာလည်း ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ရှစ်ဆယ်နီးပါး သေဆုံးခဲ့ရပါတယ်။
ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်းလေးသိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ ပြောထားပါတယ်။