ဖားကန့်မြို့က ဆန္ဒပြပွဲ ကိုးလကျော်အထိ တစ်ရက်မှ မပျက်သေး

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာ တစ်ရက်မှမပျက်ဘဲ ဒီနေ့ဆိုရင် ကိုးလကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ဒီကာလအတွင်းမှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရလို့ လူငယ်သုံးဦး သေဆုံးခဲ့ရပြီး ဆန္ဒပြတဲ့ ပြည်သူ ၃၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အရင်က ကချင်ပြည်နယ် နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ရှိပေမယ့် အခုတော့ ဖားကန့်မြို့က တိုင်းရင်းသား လူမျိုးပေါင်းစုံ ပင်မသပိတ်တစ်ခုပဲ ရှိပါတော့တယ်။ အမှန်တရားကို လိုချင်တဲ့သူတိုင်းဟာ အိမ်တွင်းပုန်းမနေဘဲ တတ်နိုင်တဲ့ဘက်က ပါဝင်စေချင်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့တွေ ကိုးလကျော်တဲ့ အထိပေါ့နော် ကျွန်တော်တို့ တိုက်ပွဲဝင်လာတာ။ ကျွန်တော်တို့ ရှေ့မှာ ကျွန်တော်တို့ မောင်လေးတွေ အရွယ်တို့ ကျွန်တော်တို့ အကိုအရွယ်တို့ ကျွန်တော်တို့ ရှေ့မှာ တိုက်ပွဲဝင်နေ ပေးကြတယ် ဒါကြောင့်မို့ အရမ်းကို ကျေးဇူးတင်တယ်။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်က လူထု ဆန္ဒပြတဲ့ထဲမှာ ပါဝင်နေတယ်။ အဲတာကြောင့် လူထုဆန္ဒပြတဲ့ထဲလည်း ကျွန်တော်တို့ တင်မကပဲ တခြား သူတွေကိုလည်း ပါဝင်စေချင်ပါတယ်”
ဖားကန့်မြို့နယ်မှာ ကမ္ဘာကျော် ကျောက်စိမ်းထွက်လို့ စစ်တပ်နဲ့ ခရိုနီတွေ ကြီးစိုးထားသလို၊ တစ်ဘက် မှာလည်း ဒီလုပ်ငန်းတွေကို အမှီပြုပြီး သက်မွေးဝမ်းကြောင်း ပြုနေတဲ့နိုင်ငံတစ်ဝှမ်းက အခြေခံလူတန်းစား လူမျိုးပေါင်းစုံရှိနေပါတယ်။
တစ်ဘက်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုက အရှိန်မပျက် ဆက်ရှိနေတာပါ။ ဒါနဲ့ ပတ်သက်လို့ သပိတ်မှာ ပါဝင်သူတစ်ယောက်က
“ကိူးလကျော်သည်ထိ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေနဲ့တကွ ဝိုင်းဝန်းပြီး သပိတ်ကို နည်းမျိုးစုံ စတင်ပြီးမှ ကျွန်တော်တို့ ရတဲ့အင်အားနဲ့ ထွက်တယ်။ ကျွန်တော်တို့ ပင်မသပိတ်စစ်ကြောင်းတွေ ဒီနေ့ချိန်ထိ ဘယ်တော့မှ ရပ်တန့်မသွားဘူး။ နောက်ဆက်လက်ပြီးလည်း သပိတ်စစ်ကြောင်းတွေ လုပ်ပြီး တွန်းလှန်တိုက်ပွဲတွေ ကျွန်တော်တို့ဝင်မယ်”
စစ်ကောင်စီက ဖားကန့်မြို့ကို အင်တာနက် ဖြတ်တောက်ထားတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် လူနေမှု ဘဝတွေကို ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်နေသူ တစ်ယောက်ကတော့ ဒီမိုကရေစီစနစ်ကို လိုလားလို့ အခုလို အဆက်မပြတ် ဆန္ဒပြနေတာလို့ပြောပါတယ်။
“ဖားကန့်သပိတ်စစ်ကြောင်းဟာ ထွက်ခဲ့တာ အခုနဲ့ဆို ကိုးလကျော်ပါပြီ။ ပြည်သူတွေ အားလုံးကလည်း ဒီမိုကရေစီ လမ်းစဉ်ကို လိုလားတဲ့အတွက်ကြောင့်မှု စစ်အာဏာရှင်စနစ် အမြတ်ပြတ် ပြုတ်ကျသွားတဲ့ အထိ ကျွန်မတို့ ဆက်လက်ပြီး တိုက်ပွဲပါဝင်သွားမယ် ပူးပေါင်းသွားမယ်။ သပိတ်ကို ဆက်လက်ပြီး ပြသွားမယ်။ ကျွန်မတို့ ပြည်သူလူထုကို ကာကွယ်ပေးနေတဲ့ တောထဲတောင်ထဲရောက်နေတဲ့ PDF နဲ့ ကေအိုင်အေကိုလည်း ကျေးဇူးတင်တယ်။ ပြည်သူလူထုအနေတဲ့လည်း အန္တရာယ်ဘေးကင်းအောင် ဆုတောင်းမေတ္တာပို့ပေး နေပါတယ်။ အားလုံးလည်း တိုက်ပွဲတိုင်းမှာလည်း အနိုင်ရပါစေ”
ဖားကန့်မြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲရော ၂၀၂၀ ရွှေးကောက်ပွဲမှာပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အနိုင်ရထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။