တော်လှန်ရေးခရီး ဘယ်လိုဖြတ်သန်းကြမလဲ

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားစေတီတွေမှာ လာရောက်ဖူးမျှော်သူတွေများပြားခဲ့ပုံနဲ့ စစ်ကောင်စီက ကျင်းပတဲ့ ဈေးရောင်းပွဲတော်သတင်းတွေ ဓါတ်ပုံတွေနဲ့အတူ နွေဦးတော်လှန်ရေးအပေါ် စိတ်ပျက်ကြောင်း ပြောဆိုကြတဲ့အသံတချို့လည်း လူမှုကွန်ရက်တွေမှာ မြင်တွေ့ရပါတယ်။ ဝေဖန်သူတွေကတော့ စစ်ကောင်စီဟာ လူထုကို တော်လှန်ရေးအပေါ် စိတ်ပျက်အောင် ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ ဝါဒဖြန့် လုပ်ဆောင်နေတာလို့ ပြောပါတယ်။
မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက တော်လှန်ရေးဆိုတာ ရင်းနှီးပေးဆပ်မှု များပြားမှာဖြစ်သလို ပြန်လည်ရရှိမယ့် အကျိုးရလဒ်ကလည်း အင်မတန်ကြီးမားလှပါတယ်လို့ ပြောပါတယ်.။
“အခု နွေဦးတော်လှန်ရေးမှာတိုက်နေတဲ့ ရဲဘော်တွေအားလုံးကို ကျမပြောချင်တာက ကျမတို့ဟာ စစ်ကောင်စီကို တိုက်ပြီးတော့ ဗမာပြည်သစ်ကြီးကိုတည်ထောင်ဖို့လုပ်နေကြတာဖြစ်တဲ့အတွက် စနစ်တစ်ရပ်ကိုတော်လှန်ရေး လုပ်နေတာဖြစ်လို့ ဒါတစ်နှစ်အတွင်း နှစ်နှစ်အတွင်း လေးငါးလအတွင်းပြီးလိမ့်မယ်လို့မျှော်လင့်လို့မရဘူး။ တောက်လျှောက်တိုက်ရမှာဖြစ်တယ်။ စစ်အာဏာရှင် ရန်သူကို တစ်ဦးတည်းဖြစ်အောင်ထားပြီး ကျန်တဲ့ စစ်အာဏာရှင်စနစ်ကိုမလိုလားတဲ့လူတွေ စစ်တပ်ထဲက အခု CDM လုပ်လာတဲ့ စစ်ဗိုလ်တွေပဲဖြစ်ဖြစ်၊ စစ်သားတွေပဲဖြစ်ဖြစ် ရဲသားတွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ပါလာနိုင်အောင် ကျမတို့ကြိုးစားဖို့လိုတယ်။ အဲဒီအထဲမှာ လည်း ရန်သူကလွှတ်လိုက်တဲ့လူတွေဘာတွေလည်း ပါလာကောင်းပါလာနိုင်တာပဲ။ ကျမတို့ ဒီတော်လှန်ရေးထဲမှာ ဖြတ်သန်းရင်းနဲ့ သူတို့ကိုလည်း ပြောင်းလဲလာအောင်လုပ်ရမယ်။ တော်လှန်ရေးသမားတွေကို အဓိက အားဖြင့်တော်လှန်ရေးစိတ်ဓာတ်သွင်းပေးကြဖို့လိုတယ်။ တော်လှန်ရေးတစ်ရပ်ကိုလုပ်တဲ့အခါမှာ အိမ်ကိုစွန့်ပစ်ရမယ်။ ကိုယ့်ဘဝကြီးကိုစွန့်ပစ်ရမယ် ကိုယ့်အသက်ကိုလည် းစွန့်ပစ်ကောင်းစွန့်ပစ်ရမယ်ဆိုတာ မြဲမြဲမှတ်ထားပြီးတော့ အဲဒီအခြေခံပေါ်ကနေ ဒီစစ်အာဏာရှင်စနစ်ကိုတိုက်ရတဲ့အတွက် ငါတို့စွန့်လွှတ်ရမှာ များတယ် အမှန်ပဲ။ သို့သော် ကျမတို့ပြန်ရမှာပိုများတယ်။ တစ်ကမ္ဘာလုံး ကျမတို့ပြန်ရမှာဖြစ်တယ်။”
ပြည်သူ့ဘက် ကူးပြောင်းခဲ့တဲ့ CDM ဗိုလ်ကြီး အောင်မျိုးထက် ကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကို ပြည်သူတွေ သတိထားကြဖို့ တိုက်တွန်းပါတယ်။
“ပြည်သူ့ရင်ပြည်မှာ လုပ်တဲ့ စစ်တပ်ကနေ ဦးဆောင်ပြီးလုပ်တဲ့ သူတို့လုံခြုံရေးတွေ အပြည့်အဝပေးပြီးတော့ ပျော်ကြပါ ပါးကြပါ ဆိုပြီး သူတို့ နိုင်ငံတကာကို ပြချင်လို့ လုပ်တဲ့ အရာတွေ ရှိတယ်။ ဒါပေမယ့် အဲလိုနေရာမျိုးတွေကျတော့ ပြည်သူလူထု လုံးဝ မသွားကြတာတွေ့ရတယ်။ သူတို့ သွားတာ ဘာလဲဆိုတော့ အထင်ကရဘုရား တွေပေါ့။ ရွှေတိဂုံဘုရားတို့ မန္တလေးဆိုလည်း မန္တလေးက ဘုရားတွေ သွားတာရှိမယ်။ အဲလိုမျိုးပဲ သွားကြတယ်။ ဒါက စစ်တပ်ရဲ့ ရှုံးနိမ့်မှုတစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က လုံခြုံရေး ပေးထားတဲ့နေရာတွေမှာဆို စစ်တပ် က လူတွေပဲရှိတယ်။ နောက်ပြီးတော့ အခါကြီးရက်ကြီးတွေမှာ စစ်တပ်က ကားတွေပေးပြီးတော့ ရန်ကုန်မှာ ဆိုရင်လည်း ရန်ကုန်မှာရှိတဲ့ တပ်မှာရှိတဲ့ ရဲမေတွေ မှီခိုတွေ စစ်သည်တွေကို ကားပေးပြီးတော့ကို ရွှေတိဂုံ ဘုရားလိုနေရာမျိုးတွေ တကယ့် အထင်ကရနေရာမျိုးတွေကို ပို့ပေးပြီးတော့ကို စည်ကားနေပါတယ် နိုင်ငံကြီးက အေးချမ်းနေပါတယ်ဆိုပြီး လုပ်နေတာ တွေ့ရတယ်။”
စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ရဲ့ ဇနီး မနီလာသိန်း ကလည်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားရင်းကနေ ပြည်သူတစ်ဦးချင်းအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလိက ခံစားမှုတွေကို တော်လှန်ခွန်အားအဖြစ်ပြောင်းလဲကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

“ကျမတို့တော်လှန်ရေးကြီး ပြီးမြောက်အောင်မြင်ဖို့အတွက် ကျမတို့ရဲ့ ခံစားမှုတွေ ကျမတို့ရဲ့ ဝေးကွာမှုတွေ ကျမတို့ရဲ့ ဝမ်းနည်းမှုတွေကို ကျမတို့ အခုအချိန်မှာ ခွန်အားအဖြစ်ပြောင်းယူပြီးတော့ ကျမတို့ရဲ့ တော်လှန်ရေး မုချ အောင်မြင်ရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ အားတစ်ခုနဲ့ ဒီအရွေ့ကို အားသွန်ခွန်စိုက် လုပ်ကြမှ ကျမတို့တွေ အောင်မြင်မယ်ဆိုတာကို ကျမပြောချင်ပါတယ်။”
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်ကလည်း တော်လှန်ရေးမှာ ဆုံးခန်းတိုင်ပါဝင်ဖို့ အတွက် ခံစားချက်အပြင် ခံယူချက်ခိုင်မာဖို့လိုတယ်လို့ လွတ်မြောက်နယ်မြေ တစ်နေရာကနေ RFA ကို ပြောကြားခဲ့ပါတယ်။
“စစ်အုပ်စုက လက်နက်ကိုင်ထားပြီးတော့ ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်တဲ့ ကိစ္စကို ကျွန်တော်တို့အနေနဲ့ မကျေနပ်ချက်၊ ကျွန်တော်တို့ရဲ့ နာကြည်းချက် စတဲ့ စိတ်ခံစားချက်တွေနဲ့ ပါဝင်ခဲ့ကြတာပေါ့။ ဒါပေမယ့် တော်လှန်ရေးက ကြာရှည်လာပြီးတော့ ဒီခရီးရှည်ကြီး တစ်ခုလုံးမှာ တော်လှန်ရေးက ဆုံးခန်းတိုင်ဆက်ပြီး ပါဖို့ဆိုရင်တော့ စိတ်ခံစားချက် တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ ကျွန်တော်တို့မှာ ခံယူချက်ရှိဖို့လိုလာတယ်။ တော်လှန်ရေးဟာ အင်မတန် ခက်ခဲတယ်ပေါ့ဗျာ၊ ကြမ်းတမ်းတယ်ပေါ့ နောက်ပြီးတော့ ကျွန်တော်တို့မှာ နာကျင်စရာတွေ ကြေကွဲစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ ခုနကပြောခဲ့တဲ့ ခံယူချက် ခိုင်ခိုင်မာမာ မရှိထားဘူးဆိုရင် တော်လှန်ရေးရဲ့ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ကျွန်တော်တို့ ဒီတော်လှန်ရေးကြီးကို ကျောခိုင်းစွန့်ခွာသွားရတဲ့အဖြစ်မျိုးကို ရောက်သွားနိုင်တယ်။ အဲဒါက ဘာလဲဆိုရင် ခံယူချက် ကောင်းကောင်းမရှိတဲ့အတွက် တော်လှန်ရေးအပေါ်မှာ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု မရှိတော့တာ။ တော်လှန်ရေးကို ကျောခိုင်းလိုစိတ်တွေဖြစ်လာတာ။ တော်လှန်ရေးထဲမှာ ဆက်ပြီးတော့ ပါနေရတာကို အဓိပ္ပါယ်မဲ့တယ်လို့ ကျွန်တော်တို့ ခံစားလာရတာစသည်ဖြင့်ပေါ့ဗျာ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ဟာ တော်လှန်ရေးမှာ စိတ်ခံစားချက်အပြင် ခံယူချက်ကို သေသေချာချာ မွေးယူဖို့လိုတယ်။ အဲဒီ ခံယူချက်နဲ့ ရှေ့ဆက်ဖို့ လိုတယ် ဆိုတာပါပဲ။”
“ကျမတို့ပြည်မက ဗမာလူမျိုးတင်မက တိုင်းရင်းသားဒေသအသီးသီး တိုင်းရင်းသားတွေကိုပါ တဖြည်းဖြည်းစုစည်းလာနိုင်တာ ဒါတွေဟာအားကောင်းချက်တွေဖြစ်ပါတယ်”
ဒေါက်တာလှကျော်ဇော က နွေဦးတော်လှန်ရေးဟာ မြန်မာပြည်မှာ အရင်ကပေါ်ပေါက်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ မတူတဲ့ အချက်တွေရှိပါတယ်။ အဲဒီအားသာချက်တွေကို တော်လှန်ရေးမှာ ပါဝင်သူအားလုံး ညီညွတ်စွာနဲ့ ထိရောက်စွာ အသုံးပြုနိုင်ရင် တော်လှန်ရေးဟာ အချိန်တိုတိုနဲ့ တိုးတက်လာမှာဖြစ်တယ်လို့ ပြောပါတယ်။
“တစ်ခုက ဘာလဲဆိုတော့ ကမ္ဘာကြီးရဲ့အခြေအနေကိုက globalization ဖြစ်သွားတာရယ် ကမ္ဘာရဲ့သိပ္ပံနည်းပညာ တွေ အရမ်းတိုးတက်သွားတာကို ဒါတွေအားလုံးကို တော်လှန်ရေးသမားတွေက ကောင်းကောင်း အသုံးချနိုင်တာရယ် အဲဒါတစ်ချက်၊ ဒုတိယအချက်က ကျမတို့ပြည်မက ဗမာလူမျိုးတင်မက တိုင်းရင်းသားဒေသအသီးသီး တိုင်းရင်းသားတွေကိုပါ တဖြည်းဖြည်းစုစည်းလာနိုင်တာ ဒါတွေဟာအားကောင်းချက်တွေဖြစ်ပါတယ်။ ဒီအားကောင်းချက်တွေပေါ်မှာ အားထားပြီးတော့ ဒါတွေကိုပိုမိုကောင်းမွန်အောင်တိုးတက်အောင်လုပ်လို့ရှိရင် တော်လှန်ရေးဟာဒီထက်ပိုပြီးမြန်ဆန်လာနိုင်တယ် ပိုပြီးတော့မြိုင်ဆိုင်လာနိုင်ပါတယ်။”
ဝေဖန်သူအားလုံး တညီတညွတ်ပြောဆိုကြတာကတော့ တော်လှန်ရေးဟာ ကာလတစ်ခုကို ဖြတ်သန်းရမှာဖြစ်တဲ့ အတွက် ဇွဲသန်သန်နဲ့ ခံယူချက်ခိုင်မာဖို့လိုတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။