ပုဂံအမွေအနှစ်ထိခိုက်နိုင်တဲ့ ဟိုတယ်တွေ ပြောင်းရွှေ့မည်
2019.07.07
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာဒေသအဖြစ် UNESCO အဖွဲ့က သတ်မှတ်လိုက်တဲ့ ပုဂံဒေသမှာ ရှေးဟောင်း အမွေအနှစ်တွေကို ထိခိုက်နိုင်ခြေရှိတဲ့ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းတွေ ရှိနေပါတယ်။
ပုဂံမြို့သစ်နဲ့ မြို့ဟောင်းမှာရှိတဲ့ ရှေးဟောင်းစေတီ၊ ပုထိုးတွေ၊ မြေပြင်လက္ခဏာတွေ၊ ရှေးဟောင်းအမွေအနှစ် နေရာတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသအဖြစ် ၄၃ ကြိမ်မြောက် UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကနေ ဇူလိုင်လ ၆ ရက်နေ့က ဆုံးဖြတ်လိုက်တာပါ။
ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့အထဲမှာ ပြဿဒ်ကြီး၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို စတဲ့ နာမည်ကြီး ဘုရားစေတီတွေအပါအဝင် အဆောက်အအုံ စုစုပေါင်း ၃၈၂၂ ခု၊ ဧရာဝတီမြစ် အနောက်ဘက်မှာရှိတဲ့ တန့်ကြည်တောင်နဲ့ မြစ်ကွေ့ဒေသတွေပါဝင်ပြီး ပုဂံမြို့ဟောင်းနဲ့ မြို့သစ်အပါအဝင် ကျေးရွာ ၁၀ ရွာလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခုသတ်မှတ်လိုက်တဲ့ ပုဂံ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသထဲမှာ ဟိုတယ်တွေလည်း အများအပြားရှိနေပါတယ်။
ဒါကြောင့် အဲ့ဒီထဲက ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်စေနိုင်တဲ့ ဟိုတယ်တွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး နေရာပြောင်းရွှေ့သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက UNESCO အဖွဲ့ကို အာမခံချက်ပေးထားပါတယ်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ နိုင်ငံတကာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက RFA ကို အခုလို ပြောပါတယ်။
"ပုဂံမှာက ခေတ်အဆက်ဆက်ကလည်း ဟိုတယ်တွေတည် ဆောက်ခဲ့တယ်၊ ပုဂံဒေသခံတွေရဲ့ ဟိုတယ်တွေ ရှိသလို ပြင်ပစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ဟိုတယ်တွေလည်းရှိနေတယ်၊ တချို့ဟိုတယ်တွေက အရင်တုန်းက အသိပညာဗဟုသုတ နည်းပါးခဲ့ပြီးတော့မှ ပုဂံဒေသရဲ့ အမွေအနှစ်တွေကို ထိခိုက်နိုင်တဲ့နေရာတွေမှာ တည်ဆောက်ထားတာရှိတယ်၊ ဒါမှမဟုတ်ရင် မတူးဖော်ရသေးတဲ့ မြေအောက်မှာရှိနေတဲ့ အမွေအနှစ်တွေရဲ့ အပေါ်မှာတက်ပြီးတော့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေလည်းရှိတယ်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ စံမံခန့်ခွဲသူတွေ ပြည်တွင်း ပြည်ပကပညာရှင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တိုက်ရိုက် ပတ်သက်တဲ့သူတွေ အကုန်လုံး ပူပေါင်းဆွေးနွေးပြီးတော့မှ အသင့်တော်ဆုံးဖြစ်နိုင်မယ့် နည်းလမ်းတစ်ခုကို တည်ထောင်ပြီးတော့မှ အချိန်ကာလတစ်ခုပိုင်းခြားသတ်မှတ်ပြီး အဆင့်လိုက် ပြန်လည်ပြောင်းရွှေတဲ့လုပ်ငန်းကို လုပ်ဖို့ဆိုပြီးမှ စီမံခန့်ခွဲမှုအစီအစဉ်မှာလည်း ဖော်ပြထားတာ ဖြစ်ပါတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းရှင်တွေကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာကြောင့် ပုဂံဒေသကို နိုင်ငံတကာက စီမံအုပ်ချုပ်သွားမလားဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ပုဂံဒေသကို မြန်မာအစိုးရတာဝန်ရှိသူတွေကပဲ စီမံအုပ်ချုပ်သွားရမှာ ဖြစ်ကြောင်းလည်း ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။
ပုဂံမြို့ဟောင်းထဲမှာ အဆောက်အဦးနဲ့ ဈေးဆိုင်တွေတိုးချဲ့မဆောက်ဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ပြန် ထားပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း စည်းကမ်းဖောက်ဖျက်ပြီး ဈေးဆိုင်တွေ ဆောက်လုပ်လာတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဝေဖန်တာတွေလည်း ရှိနေပါတယ်။
အစိုးရအနေနဲ့ စည်းကမ်းဖောက်ဖျက်သူတွေကို ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ပုဂံမြို့ဒေသခံ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ဦးမင်းမင်းဦးက RFA ကို ပြောပါတယ်။
"ယူနစ်စကို ဝင်သွားပြီဆိုတော့ ယူနစ်စကိုက ထိန်းသိမ်းပြီးတော့ ဒီဟိုတယ်ကြီးဟာ ဖွင့်လို့မှရပါ့မလား၊ ပြီးရင် လည်း ဒီဟိုတည်ကိုရပ်မလား၊ ဒါမှမဟုတ် ဆက်ဆောက်မလား၊ တကယ်လို့ ရပ်တယ်ဆိုရင်တော့ တရားဥပဒေ အရ ညီမျှပေါ့ဗျာ၊ မရပ်ဘဲ ဆက်ဆောက်မယ်ဆိုရင်တော့ ယူနစ်စကိုက စကားပြောလာတာ သူတို့က ဆက်ဆောက်မယ်ဆို နောက်ပိုင်းမှာပြဿနာတွေ ဖြစ်လာနိုင်တာပေါ့ဗျာ၊ အစိုးရအနေနဲ့ လုပ်သင့်တာ တစ်ခုကတော့ ဥပဒေစိုးမိုးအောင်လုပ်ရမှာပဲဗျ၊ ဥပဒေက အစိုးမိုးဘူး၊ အခုဟာက ဖြစ်နေတာက သူတစ်လူ ငါတစ်မင်းပဲ မြို့ဟောင်းထဲမှာ ဆိုင်တွေဆောက်တယ်၊ လုပ်ချင်တာလုပ်တယ်၊ အစိုးရကလည်း မပြောနိုင်ဘူး၊ အမတ်ကလည်း မပြောနိုင်ဘူး၊ အမှန်တကယ်ဆိုရင်တော့ ဥပဒေအတိုင်းသွားရင် ဘယ်သူမှခွင့်ပြုစရာမရှိဘူး၊ မဆောက်ရဘူးဆိုတဲ့ နေရာလုံးဝမဆောက်ဘူး၊ ဆောက်ရမယ်ဆိုတဲ့ နေရာဆောက်"
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တာကြောင့် လာမယ့် ခရီးသွားရာသီမှာ ကမ္ဘာလှည့်ခရီးသည်တွေတိုးမြှင့်ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိနေပြီး စိန်ခေါ်ချက်တွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်းများအသင်း ဒုဥက္ကဋ္ဌ ဦးအေးကျော်က ပုဂံဒေသနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို အခုလို ပြောပါတယ်။
"ဘုရားပေါ်တက်တာတော့ ခွင့်မပြုသင့်ဘူး၊ ဘုရားပေါ်တက်မကြည့်ရလို့ မလာဘူး ဆိုတဲ့သူတွေနည်း နည်းလေးပါ၊ ဝ.၀၀၁ ရာခိုင်နှုန်းပဲရှိတယ်၊ ဒါတွေကလည်း ပူစရာမလိုပါဘူး၊ ပိုပြီး ဧည့်သည်တွေလာတော့မှာပါ၊ ကျွန်တော်အနေနဲ့ကတော့ ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းတဲ့နေရာမှာ ဘောလုံးလွှတ်တဲ့ဟာတွေ ကိုလည်း မလုပ်သင့်ပါဘူး၊ အန္တရာယ်ရှိပါတယ်၊ အဲဒါကြောင့် ဟိုတယ်တွေကလည်း ကမ္ဘောဒီးယားနဲ့ နှိုင်းယှဉ်ပြီး ပြောပြီးပြီ၊ ရှေးဟောင်းသုတေသန ပတ်ဝန်းကျင်မှာ ဟိုတယ်မရှိပါဘူး၊ အဝေးကြီးမှာရှိပါတယ်၊ အနည်းဆုံး သုံးလေးငါးမိုင်သွားရပါတယ်၊ အဲဒါကြောင့်ခွင့် မပြုနိုင်တဲ့ ဧရိယာထဲမှာရှိတဲ့ ဟိုတယ်တွေကို ခွင့်မပြုဖို့၊ စားဝတ်နေရေးကြောင့် လျောက်ပြောပြီးမှ သူတို့ကို ပြန်ဖွင့်ပေးထားတာရှိတယ်၊ အဲဒါကိုလည်း ပြန်ကန့်သတ် ရတော့မယ်၊"
ခရီးသွားလုပ်ငန်းရဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး Nature Dream Travel and Tour ကုမ္ပဏီတည်ထောင်သူ ဒေါ်စံပယ်အောင်က အခုလို ပြောပါတယ်။
"ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေမှာ ဘာပြဿနာဖြစ်လဲဆိုတော့ လာတဲ့ဧည့်သည်တွေကို ကျွန်မတို့က ဘယ်လိုတိုးရစ်ကို လက်ခံမလဲပေါ့၊ ဥပမာ အရည်အသွေးမြင့်တဲ့ တိုးရစ်တွေကို လာဖို့ကြိုးစားမလား၊ အရည်သွေးကျတဲ့ ဥပမာ ဇီးရိုးဒေါ်လာတိုးရစ်ဇင် တရုတ်ဧည့်သည်တွေကို လက်ခံမလားပေါ့၊ နောက်တစ်ခါ ပြည်သူတွေအတွက်ကော အဆင်သင့်ဖြစ်ပြီလား၊ ပုဂံဒေသကရော ဒီလိုဧည့်သည်တွေ အများကြီးဝင်လာရင် လုံလောက်တဲ့ အဆောက်အအုံတွေကောရှိနေပြီလား၊ အခုလို စိန်ခေါ်မှု လောလောဆယ် ဖြစ်ပါတယ်"
ပုဂံဒေသကို တပ်မတော်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ်သတ်မှတ် ပေးဖို့ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
အဲဒီအချိန်က ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေမရှိတာ အပါအဝင် လမ်း၊ မျှော်စင်နဲ့ ဂေါက်ကွင်းတွေကို ဘယ်လိုစီမံဆောင်ရွက်လည်းဆိုတာတွေကို UNESCO အဖွဲ့က တောင်းခံရာမှာ အဲဒီအချိန်က အစိုးရတာဝန်ယူထားသူတွေက မတင်ပြနိုင်တာကြောင့် မရရှိခဲ့တာဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်တာကြောင့် ရှေးဟောင်းစေတီပုထိုးတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ UNESCO အဖွဲ့ရဲ့ အကူအညီအထောက်အပံ့တွေ တိုးမြှင့်ရရှိလာတော့မှာလည်း ဖြစ်ပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်နိုင်ရေးအတွက် မြန်မာအစိုးရနဲ့ UNESCO အဖွဲ့ တာဝန်ရှိသူတွေဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုမြင့်သူဝင်း တင်ပြသည်)