ပုဂံဘုရားတွေရေလွှမ်းမိုးမှုကာကွယ်ဖို့ အမွေအနှစ်စီမံခန့်ခွဲရေးစံနှုန်းတွေနဲ့ ကြပ်မတ်သင့်
2023.09.03

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မနေ့ကမနက်က မိုးသည်းထန်စွာရွာခဲ့လို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေက အာနန္ဒာဘုရားနဲ့ ရွှေစည်းခုံဘုရားရဲ့ ရင်ပြင်တော်ပေါ်ကို ရေတွေ ဝင်ရောက်ခဲ့ပါတယ်။
ဒီလို ဘုရားတွေထဲ ရေဝင်တာကို မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်စုပ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရွှေစည်းခုံဘုရားရင်ပြင်မှာ ခြေသလုံးလောက်ထိ ရေတက်သွားတယ်လို့ ပုဂံမြို့ခံတစ်ယောက်က ပြောပါတယ်။
“မိုးရွာရင်တော့ ချောင်းကျနေကျဆိုတော့လေ။ ရွှေစည်းခုံဘုရားကတော့ မိုးရွာတော့ ရေတော်တော်ဝင်တယ်။ ခြေသလုံးလောက်အထိ ရှိမယ်ထင်တယ်။ ကျန်တဲ့ဘုရားတွေလည်း တချို့ ရေဝပ်တဲ့နေရာတွေဆိုဝင်မှာပေါ့လေ။ ဒါပေမဲ့ မိုခါပြီးတော့ သူတို့ ရေလွှဲမြောင်းတွေ ဘာတွေလုပ်ထားတာရှိတော့လေ။ သိပ်တော့ အရင်တုန်းကလောက်တော့ ဝင်မယ်မထင်တော့ပါဘူး။”
ပုဂံမြို့ဟောင်းမှာ ရေကြီးရေလျှံတာတွေ မဖြစ်အောင် မြေတူးစက်ငယ်သုံးပြီး ရေမြောင်းတူးဖော်ခဲ့ပြီး မကြာခင်မှာပဲ အထင်ကရဘုရားတွေမှာ ရေဝင်ရောက်တာတွေ ထပ်ဖြစ်နေတာပါ။
ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ စပြီးစာရင်းတင်ကတည်းက ဒီလိုကိစ္စမျိုးတွေကို ကြိုတင်စီမံထားသင့်တာကို မစီမံခဲ့လို့ အခုလိုဘုရားရင်ပြင်ထိ ရေလွှမ်းလာတာလို့ ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ပြောပါတယ်။
"ပုဂံက ကမ္ဘာ့အမွေအနှစ်ဝင်တာ ၂ဝ၁၉ ဆိုတော့ လေးနှစ်ရှိပြီပေါ့ ကမ္ဘာ့အမွေအနှစ်ဝင်တာ။ မဝင်ခင်က ကျွန်တော်တို့က နှစ်နှစ်လောက် ကြိုပြင်ကြတယ်။ အဲဒီတော့ စုစုပေါင်း ခြောက်နှစ်ပေါ့။ ကမ္ဘာ့အမွေအနှစ်စပြီး တင်သွင်းဖို့လုပ်ကတည်းက ပုဂံရဲ့ Hydrology ပေါ့။ ရေသွင်း ရေထုတ်စနစ်တွေ၊ မြို့ပြအနေအထား အခင်းအကျင်းတွေ၊ ရေဝင်ရေထွက်ပေါက်တွေ ပါတယ်။ ဒီဟာတွေကို သေသေချာချာ စနစ်တကျ သုတေသနပြုပြီးတော့ ဒီရေသွင်းရေထုတ်စနစ်တွေကို ထိန်းရမယ်။ ထိန်းပြီး စနစ်တကျဖော်ထုတ်တာ၊ ရမ်းသန်းမှန်သွားအောင်ဆိုတာတွေကို အခု ခြောက်နှစ်သာ အချိန်ကုန်သွားတယ်၊ မလုပ်ခဲ့ဘူး။ အဲဒီမလုပ်ခဲ့တဲ့ အကျိုးဆက်တွေက အခုအချိန်မှာ ခံရတာပဲ”
ဒီလိုရေတွေဝင်လာတာကြောင့် နဂိုကတည်းက သဲဆန်တဲ့မြေလွှာရှိတဲ့ ပုဂံက မြေနိမ့်ပိုင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ဘုရားတွေရဲ့ Foundation အခြေခံတွေပျက်စီးသွားတာ၊ ရေနဲ့အတူပါလာတဲ့ အင်းဆက်ပိုးမွှားတွေရဲ့ ဖျက်ဆီးမှုခံရတာလိုမျိုး အန္တရာယ်တွေ ကြုံလာရနိုင်ပါတယ်။
ရေတွေမရှိတော့ရင်ပြီးရောဆိုပြီး အလွယ်နည်းနဲ့ ရေဖောက်ထုတ်လိုက်တာမျိုးကလည်း ဘုရားတွေရဲ့တည်ဆောက်မှုပုံစံပြောင်းပြီး ပြိုကျတာ၊ ရွဲ့စောင်းတာမျိုး နောက်ထပ်အန္တရာယ်ဖြစ်နိုင်ပါတယ်။

တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီး ဆက်တိုက်ပျက်စီးသွားမယ့် အန္တရာယ်တွေက ကာကွယ်ဖို့အတွက် ရှေးဟောင်းအမွေအနှစ် နယ်မြေအတွင်း ထပ်တိုးချဲ့လာတဲ့ အဆောက်အဦနဲ့လုပ်ငန်းတွေကို ဖယ်ရှားရမှာဖြစ်တယ်လို့လည်း ကိုသူရအောင်ကပြောပါတယ်။
“ ဒီရေလွှမ်းသွားတဲ့ပြသနာချုပ်ငြိမ်းသွားအောင် ပုဂံရဲ့ရေပိုရေလွှဲစနစ်၊ ဂေဟစနစ်တွေပေါ့နော်၊ မြို့ပြအခင်း အကျင်းနဲ့ ဂေဟစနစ်တွေကို နကိုယ်အတိုင်း ပြန်ဖြစ်အောင်လုပ်ရမယ်။ အဲဒီလိုလုပ်ဖို့ ဘာလိုသလဲဆိုတော့ ကျွန်တော်တို့ ပုဂံမှာ ဟိုတယ်တွေအများကြီးရှိတယ်။ ပြီးတော့ စားသောက်ဆိုင်ကြီးကြီးတွေ လာဖွင့်တယ်။ နောက်ပြီးတော့ ခရီးသွားလုပ်ငန်းအတွက် လိုအပ်တဲ့အဆောက်အဦတွေ တိုးချဲ့ကြတယ်။ အဲဒါတွေကို ရှေးဟောင်းသုတေသနဦးစီးဌာနက management plan အရ ဘယ်နေရာမှာ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မလုပ်ဘူး။ ဒါမျိုးတွေ မလုပ်တဲ့အတွက် ဒီရေကြီးတာတွေထပ်ဖြစ်နေမှာပဲ။ ဒါတွေ နိဂုံးချုပ်ဖို့ဆိုရင် ကျွန်တော် ခုနပြောတဲ့ဟာတွေပေါ့နော်၊ Tourism impact ကြောင့် ဖြစ်လာတဲ့ဟာတွေကို စနစ်တကျအမွေအနှစ် စီမံခန့်ခွဲရေးစံနှုန်းတွေနဲ့ ထိန်းဖို့လိုတယ်။ အဲဒီလိုလုပ်မှပဲ ပုဂံက ဒီလိုပြဿနာတွေ ထပ်မဖြစ်တော့မှာလို့ ကျွန်တော်က မှတ်ချက်ပေးချင်တယ်”
ရှေးဟောင်းသုတေသနဦးစီးဌာနကတော့ ပုဂံဒေသမှာ ရေကြီးတာတွေမဖြစ်အောင် အီတလီနိုင်ငံက ပညာရှင်ကိုခေါ်ပြီးဆောင်ရွက်နေတာလို့ ပြောထားပါတယ်။