ရာဂီမုန်တိုင်းကြောင့် တောင်ကြီးခရိုင်က လယ်ဧက သုံးသောင်းကျော် စပါးမျိုးစေ့ အခက်အခဲဖြစ်နိုင်

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.10.08
ရာဂီမုန်တိုင်းကြောင့် တောင်ကြီးခရိုင်က လယ်ဧက သုံးသောင်းကျော် စပါးမျိုးစေ့ အခက်အခဲဖြစ်နိုင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စပါးခင်းများ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။
Pu Loi

ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသက စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးကုန်လို့ လာမယ့်နှစ်မှာ လယ်ဧက သုံးသောင်းနီးပါး မျိုးစပါး အခက်အခဲဖြစ်လာနိုင်တယ်လို့ ဒေသခံတောင်သူတွေက RFA ကိုပြောပါတယ်။

ပုံးအင်းဒေသဟာ တောင်ကြီး၊ ဟိုပုံး နဲ့ ဆီဆိုင်မြို့နယ်အတွင်းမှာရှိပြီး အဲ့ဒီဒေသက တောင်သူတွေဟာ ရေပေါ်ခြောက်လ ကုန်းပေါ် ခြောက်လနေထိုင်ကြတာပါ။ တောင်သူတွေဟာ အဓိက နွေစပါး၊ မိုးစပါး နှစ်သီး စိုက်ပျိုးပြီး နာမည်ကျော် နောင်မွန် ရှမ်းဆန်ထွက်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အခုတော့ ရေဘေးကြောင့် စပါးခင်းတွေ ပျက်စီးကုန်လို့ အခက်အခဲကြုံနေရတယ်လို့ တောင်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ရေက သုံးကြိမ်မက လေးကြိမ်တက်တာ။ အခုထက်ထိ ရေက မကျသေးဘူး။ ကျသွားတာတောင်မှ စပါးပင်တွေက ပုပ်သွားကုန်တော့ တစ်နှစ်စာ စားသုံးဖို့ အတွက်က လုံးဝကို ဆုံးရှုံးသွားတဲ့အတွက် မျိုးစပါးတွေတောင်မှ ကျွန်တော်တို့တွေ အခက်အခဲတွေ တော်တော်လေးကို ရင်ဆိုင်ရဦးမှာပါ။ အရင်းအနှီးလည်း မရှိသလောက်ဖြစ်သွားကြပြီ။ စားလို့မရတဲ့အဆင့်ထိ အညှောင့်ပေါက်သွားတဲ့ အဆင့်အထိရှိတယ်။ မျိုးစေ့ပြန်လုပ်လို့လည်းမရ ကြိတ်စားလည်း ပုပ်သိုးတဲ့အနံ့ထွက်ကုန်တော့ ရောဂါလည်းထပ်ဖြစ်လာဦးမှာ"

ပုံးအင်းဒေသခံတွေဟာ ၂၀၂၄ ခုနှစ် မိုးရာသီကာလဖြစ်တဲ့ ဇွန်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ သုံးကြိမ်ဆက်တိုက် ရေကြီးဒဏ်ခံခဲ့ရပြီး လက်ရှိ အချိန်ထိ တချို့ကျေးရွာက နေအိမ်တွေဆိုရင် နေထိုင်လို့ မရသေးဘူးလို့ လည်း ပြောပါတယ်။

ပုံးအင်းဒေသက စပါးစိုက်ခင်း ဧက သုံးသောင်းငါးထောင်လောက်ဟာ ရာဂီမုန်တိုင်းကြောင့် ၉၀ ရာခိုင်နှုန်းလောက် စပါးခင်းတွေ ရေဝင် ပျက်စီးခဲ့တယ်လို့ ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူတွေကို အကူအညီ ထောက်ပံ့ပေးနေတဲ့ ဆိုင်လျန်းမိုင်ကျောင်းက အရှင်ဝါရိန္ဒက RFA ကို ပြောပါတယ်။

"သူတို့လယ်ထဲမှာ စပါးတွေ ပျက်စီးကုန်တော့ ဒီတစ်နှစ်စာ သူတို့စားဖို့ သောက်ဖို့အတွက် ဆန်တွေမရှိတော့ဘူး။ နောက်နှစ်စိုက်ဖို့ အခု စပါးတွေမရတော့ မျိုးစပါးတွေ မရတော့ဘူး။ မျိုးစေ့စပါးတွေလည်း လယ်သမားတွေအတွက် အရေးအကြီးဆုံးလိုအပ်တယ်။ သူတို့လုပ်ထားတဲ့ လယ်တွေက ရေအကုန်မြုပ်ပြီး ပျက်စီးကုန်တော့ ဒီနှစ်အတွက် စားဝတ်နေရေး နောက်နှစ် စိုက်ဖို့ ပျိုးဖို့ အသုံးစရိတ်အကုန်လုံးက အခက်အခဲရှိတာပေါ့"

မြန်မာနိုင်ငံက လယ်သမားတွေဟာ မျိုးစပါးကို တစ်ကြိမ်အတွက်သာ ထားရှိပြီး အပိုအလျှံမထားတတ်တာကြောင့် နောင်နှစ်မှာ အခက်အခဲတွေကြုံရနိုင်တယ်လို့ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်းက RFA ကို ပြောပါတယ်။

"ထိုင်းနိုင်ငံတို့လို ဗီယက်နမ်တို့လို မျိုးစပါးက နိုင်ငံတော်မှာ အရံတွေအများကြီးထားပြီး ကြိုက်သလောက် စိုက်နိုင်တယ်။ ဒီမှာမရှိဘူး။ အဲ့လိုအစီအမံတွေမရှိဘူး။ လယ်သမားတွေ မျိုးစပါးအခက်အခဲတွေရှိတယ်။ အဓိကကတော့ နိုင်ငံတော်အတွင်း နောက်နှစ်အတွက် ဆန်စပါး ဖူလုံဖို့ လုပ်ရမယ်။ လယ်သမားက စားဖို့တောင်မရှိတော့ဘူး မျိုးစပါးမပြောနဲ့ အိမ်တောင် ပါသွားရင် ပါသွားမယ်"

လက်ရှိ ပုံးအင်းဒေသက ရေဘေးဒုက္ခရောက်နေတဲ့ တောင်သူလယ်သမားတွေကို နိုင်ငံတကာအဖွဲ့အစည်း အကူညီ မရရှိသလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အကူအညီ၊ သက်ဆိုင်ရာ အာဏာပိုင်အစိုးရအဖွဲ့တွေဆီက အကူညီ မရသလောက် နည်းပါးနေတယ်လို့ ပုံးအင်းဒေသအတွင်း ကူညီရေးတွေ လုပ်ဆောင်ပေးနေတဲ့ (ဆိုင်ပျန်း) အဖွဲ့ အိုက်လွိုင် က RFA ကို ပြောပါတယ်။

"သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီကတော့ ဘာတစ်ခုမှ အကူအညီ ကြီးကြီးမားမား ရတာမရှိပါဘူး။ ပုံးအင်းဒေသတစ်ခုလုံးက စပါးစိုက်ပျိုး တဲ့လုပ်ငန်းကိုပဲ အဓိကထားပြီးတော့ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်တယ်။ မုန်တိုင်းကြောင့် ရေနစ်မြှုပ်တဲ့ ဒဏ်ကြောင့်မလို့ ရရှိထားတဲ့ မျိုးစပါးတွေရဲ့ မျိုးကောင်းမျိုးသန့်ရရှိဖို့ ခက်ခဲသွားနိုင်တယ်"


ဆက်နွှယ်သောသတင်းများ

စိုက်ပျိုးမြေဧက သိန်းနဲ့ချီ ပျက်စီးတဲ့အတွက် ဆန်အိတ်ပေါင်း သန်းနဲ့ချီ လျော့နိုင်

ရေဘေးကြောင့် သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီး

မန္တလေး၊ ရှမ်းနဲ့ ကယားက ဒေသတချို့မှာ ရေပြန်မကျသေး



စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ ရှမ်းပြည်နယ် ထဲက ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေးတွေလုပ်ပေးမယ်လို့ RFA ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြောထားပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်း နေပြည်တော်မှာပြုလုပ်တဲ့ ရေဘေးကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ စစ်ကောင်စီက အလှူငွေ ၄၂ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာဆိုရင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လက်ခံရရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီငွေတွေကို ဘယ်လိုအသုံးပြုနေတယ် ဆိုတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသးပါဘူး။ ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးဧက ကိုးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။