မန္တလေး၊ ရှမ်းနဲ့ ကယားက ဒေသတချို့မှာ ရေပြန်မကျသေး
2024.09.29

နိုင်ငံတစ်ဝန်းက ရေဘေးကြုံရတဲ့ ဒေသတွေမှာ ရေပြန်ကျလာပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေကြပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းထဲက ဒေသတချို့မှာ စက်တင်ဘာလ ၂၉ ရက် ဒီနေ့အထိ ရေကြီးရေလျှံမှုတွေ ဆက်လက်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာပေါင်း ၁၇၃ ရွာက ဒေသခံနှစ်သောင်းကျော် ရေဘေးကြုံနေရတဲ့ အင်းလေးဒေသမှာဆိုရင် ဒီနေ့အထိ ရေပြန်မကျသေးဘဲ ရေကြီးတာ ရက်ကြာလာတာကြောင့် အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခု လက်ရှိအခြေအနေက ရေက မြို့ထဲမှာတော့ ကျသွားတယ်ဆိုပေမဲ့ အင်းထဲမှာတော့ ထူးထူးခြားခြားကြီး ကျသွားတယ်မျိုးတော့ မရှိဘူး။ မြို့ပေါ်အနေအထားနဲ့ ပြောရင်တော့ တစ်ပေခွဲ နှစ်ပေဝန်းကျင်လောက်တော့ ကျသွားတယ်လို့ ဆိုလို့ရတယ်လေ။ အင်းထဲမှာကျတော့ လူနေထိုင်လို့ရတဲ့ အနေအထားမှာ မရှိသေးပါဘူး ခင်ဗျ။ အခုချိန်က တကယ်တမ်းကျတော့ ဘုရားဒေသစာရီ ကြွချီတဲ့အချိန်ပေါ့နော်။ မိုးရွာသွန်းမဲ့ အခြေအနေ၊ နောက် ရေလည်းများတဲ့အခြေအနေ ဖြစ်တယ်။ အဲဒီအတွက် ရေကတော့ ရုတ်တရက် ကျဆင်းသွားဖို့တော့ မရှိဘူး"
အင်းလေးဒေသမှာ နှစ်ပေါင်းသုံးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုကို ကြုံတွေ့ရတာဖြစ်ပြီး ရေဘေးကြောင့် သေဆုံးသူ ကိုးဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ အင်လေးကန်ရေတွေနဲ့ တောင်ကျရေတွေက မိုးဗြဲဆည်ထဲစီးဝင်ပြီး ရေတွေများလာလို့ မိုးဗြဲဆည်ကနေ ရေလွှတ်တာကြောင့် ရှမ်း-ကယားအစပ် မိုးဗြဲ-ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်၊ နန်းမယ်ခုံနဲ့ ဒီးမောဆိုမြို့နယ်တွေမှာပါ ရေဘေးကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လွိုင်ကော်တို့ဘက်၊ ဒီမော့ဆိုတို့၊ နမ်းမယ်ခုံတို့ဘက်ကျတော့ ရေက ခုထိမကျနိုင်သေးဘူးပေါ့နော်။ မကျဘူးဆိုတာကလည်း ဆည်ကိုထိန်းနိုင်အောင်၊ တမံကိုထိန်းနိုင်အောင် ဖွင့်ချလိုက်တော့ အခုက မြို့ပေါ်ဘက်တော့ နည်းနည်း ရေပိုလွှမ်းတာပေါ့။ လွိုင်ကော်တို့ အဲဒီဘက်ပိုင်းမှာဆို မကျသေးဘူး။ ငြိမ်တုန်းပဲ ရှိသေးတယ်။ ဘာလို့တုန်းဆို ဒီဘီလူးချောင်းက ရေကြီးတုန်းဆိုတော့ ဘီလူးချောင်းကျမှ ရေက ကျမှာလေ။ ရေကလည်း ဘီလူးချောင်းရဲ့အရှိန်နဲ့ ဘေးပတ်ဝန်းကျင်ကို ရောက်သွားတဲ့ရေကလည်း မနည်းတော့ဘူးဆိုတော့ တော်တော်နဲ့ကိုတော့ ပြန်ကျဖို့တော့ မလွယ်သေးဘူးပေါ့နော်"
လွိုင်ကော်မြို့က ရေဘေးသင့်သူတွေဟာ မြို့လယ် သာသနာ့ဗိမာန်၊ မိုးကောင်းဘုရား စတဲ့နေရာတွေမှာ နေထိုင်ကြသလို တချို့ကလည်း နေအိမ်အပေါ်ထပ်တွေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ပွန်းချောင်းအနီးက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေဘေးကြောင့် ဒုက္ခသည်တွေရဲ့ နေအိမ်သုံးရာကျော် ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာတော့ ကင်းတားဆည်ရေလွှတ်တာနဲ့ မိုးများတာကြောင့် ပန်းလောင်မြစ်ဘေးက ရွာပေါင်း ခြောက်ရွာထက်မနည်းမှာ ရေကြီးရေလျှံ ဖြစ်နေဆဲပဲလို့ ဆိုပါတယ်။ ရွာမုန်းကြီး၊ စံပါတော၊ ရွှေအင်း၊ ရှင်ငယ်ကျ၊ မြင်းချီနိုင်၊ သဲကျွန်း စတဲ့ရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဆက်ရှိနေတာပါ။
ဆက်နွှယ်သောသတင်းများ
ရေဘေးကြောင့် သေဆုံးသူ ၄၃၃ ဦး အထိရှိလာ
KNU ထိန်းချုပ်နယ်မြေက ရေဘေးသင့်သူ လေးသိန်းနီးပါး အကူအညီလိုအပ်နေ
အောက်တိုဘာမှာ ရေထပ်ကြီးနိုင်ကြောင်း မိုးဇလ သတိပေး
ရေမကျသေးတာကြောင့် လယ်စိုက်ခင်းတွေလည်း ပျက်စီးသွားပြီလို့ မြစ်သားမြို့နယ်က ရေဘေးကြုံတွေ့နေရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဟိုတစ်နေ့က တိုးတဲ့ရေလောက်တော့ မမီသေးဘူးပေါ့။ ဒါပေမဲ့ ပြန်တော့တက်လာတယ်၊ တဖြည်းဖြည်းနဲ့တော့။ အိမ်တွေကတော့ လုံးဝမပေါ်သေးတဲ့အိမ်တွေလည်း အများကြီး ကျန်သေးတယ်လေ။ ဒီမြစ်နားနီးတဲ့အိမ်တွေကတော့ အိမ်ခြေတစ်ရာ ပတ်ချာလည်လောက်ကတော့ လုံးဝ မပေါ်သေးဘူး။ လူတစ်ရပ်မြုပ်လောက်ရှိသေးတယ်၊ ရေတွေက။ သူတို့ ကင်းတားကလည်း ရေက ပုံမှန်အတိုင်း ဖွင့်ထားတာကိုမှ မိုးက ထပ်ရွာလိုက်တော့ ပိုထပ်တိုးလာတာ။ ပန်းလောင်ဘေးကရွာတွေကတော့ တစ်ရွာမှ မကျသေးဘူး။ တောင်သူတွေဆိုရင် လယ်တွေ အကုန်ပျက်စီးကုန်တာပေါ့။ လယ်တွေပျက်စီးတာ အခု မြေဆီလွှာတွေပါကို ပါသွားတာဆိုတော့လေ။ ကျန်တဲ့မြေဆီလွှာတွေက ဘာမှစိုက်စားလို့ မရတော့ဘူး"
ပန်းလောင်မြစ်ဘေး ရွာတွေက ဒေသခံ တစ်သောင်းနီးပါးဟာ စက်တင်ဘာလ အစောပိုင်းကတည်းကနေ ဒီနေ့အထိ ကုန်းမြင့်နေရာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရဆဲပဲလို့ သူကပြောပါတယ်။
"တောင်သူတွေဆိုရင် လယ်တွေ အကုန်ပျက်စီးကုန်တာပေါ့။ လယ်တွေပျက်စီးတာ အခု မြေဆီလွှာတွေပါကို ပါသွားတာဆိုတော့လေ။ ကျန်တဲ့မြေဆီလွှာတွေက ဘာမှစိုက်စားလို့ မရတော့ဘူး"
လက်ရှိရေကြီးနေတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ သောက်ရေစတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ရေးဘေးသင့်နေသူတွေက ပြောပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦးအထိရှိလာပြီး သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတစ်ဝန်း လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင် ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ လာမဲ့အောက်တိုဘာလအတွင်းမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ တစ်ကြိမ်စီနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ တစ်ကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနိုင်ပြီး ရေကြီးမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။