တရုတ်နဲ့ စစ်ကောင်စီ ပူးတွဲဥက္ကဋ္ဌ ယူထားတဲ့ လန်ချန်း-မဲခေါင် အစည်းအဝေး ပုဂံမြို့မှာကျင်းပနေ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (LMC) ကို ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ ဇူလိုင်လ ၂ ရက် ဒီနေ့ကနေ ဇူလိုင် ၅ ရက်နေ့အထိ ကျင်းပနေပါတယ်။
ဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(Wang Yi) ၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Pramudwinai ၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအထူးသံ ပရက်ဆော့ခွန်း (Prak Sokhonn) ၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘူဝီထောင်ဆန်း Bui Thanh Son နဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တက်ရောက် မယ်လို့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ထုတ်ပြန်ထားပါတယ်။
ဒီနှစ် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မြန်မာက တရုတ်နဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ယခုနှစ်မှာတော့ တရုတ်နိုင်ငံနဲ့အတူ မြန်မာနိုင်ငံသည် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးအဆင့် အစည်းအဝေးတွေကို ကျနော်တို့ နိုင်ငံက ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ပါတယ်။ အဲဒီ အစည်းအဝေးမှာတော့ နှစ်နိုင်ငံအကြား ဒေသတွင်းအကြား သဘောတူညီမှုစာချုပ်များ၊ နားလည်မှု စာချွှန်လွှာများ လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်”
ဒါဟာ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ရှိမှုကို အသိအမှတ် ပြုခြင်း ဖြစ်ပြီး ဒီအစည်းအဝေးကနေ အကျိုးသက်ရောက်မှုကောင်းတွေ ရလာနိုင်တယ် လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဘယ်လိုစီမံကိန်းတွေအတွက် ချုပ်ဆိုမယ့် စာချုပ်တွေ ပါဝင်သလဲဆိုတာ တိတိကျကျ မသိရသေးသလို အဲဒီအစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက်မယ်ဆိုတဲ့ သတင်းတွေကိုလည်း RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီအစည်းအဝေးကြောင့် ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကစပြီး ပုဂံဒေသမှာ လုံခြုံရေး တင်းကျပ်ထားသလို ဧရာဝတီမြစ်ထဲမှာပါ စစ်ရေယဉ်တွေ ချထားတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂံမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
"ဒီမင်းအောင်လှိုင်ခရီးစဉ် အစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးအင်အားက တစ်ထောင်နီးပါး ချထားတာကို တွေ့ရတယ်။ နေရာပေါင်းစုံမှာလည်း တင်းကျပ်စွာ စစ်ဆေးနေတယ်။ ကျနော်ကိုယ်တိုင်ကို စစ်ဆေးတာ ခံခဲ့ရတယ်။ နေရာပေါင်းစုံမှာ လုံခြုံရေ
အင်းအားအပြည့်နဲ့ ချိတ်ဆက်ပြီးတော့ စစ်ဆေးနေတာတွေ ရှိတယ်ဗျ"
ပုဂံမြို့အဝင် အထွက်နဲ့ နာမည်ကြီးဘုရားတွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို အစောင့်အဖြစ် ချထားတဲ့အပြင် အရပ်ဝတ်လုံခြုံရေးတွေပါ အများကြီးတွေ့ရတယ်လို့ ပုဂံမြို့ခံက ဆိုပါတယ်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၁၆ ခုနှစ်က စတင်ခဲ့ပြီး မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ တရုတ်တို့ ပါဝင်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အစုအဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီအစည်းအဝေးကနေ မြန်မာပြည် စီးပွားရေးအတွက် တိုးတက်မှုအသင့်အတင့် ရလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပါတယ်။
“အရင်ကတည်းကလည်း ရှိတယ်လေ။ မြန်မာနိုင်ငံလည်း တရုတ်နဲ့ ပတ်သက် နေတာကိုး။ မဲခေါင်နဲ့ပတ်သက်တဲ့ နိုင်ငံတွေက ကျိန်းသေပါကြတာပဲလေ။ မဲခေါင်စီမံကိန်းမှာ တရုတ်က အဓိကဖြစ်မယ်ထင်တယ်။ တရုတ်နဲ့ ထိုင်းပေါ့လေ။ မြန်မာပြည်အတွက်လည်းပဲ မဲခေါင်ဒေသနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးမှုတိုးတက်မှုကတော့ အသင့်အတင့် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရတာပေါ့”
ဒါပေမဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေး ကိစ္စ္စတွေမှာတော့ ထူးခြားတဲ့ အပြောင်းအလဲ ရှိမလာနိုင်ဘူးလို့ စီးပွားရေး ပညာရှင်က ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လန်ချန်း - မဲခေါင် အစည်းအဝေးကို တရားမဝင်တဲ့စစ်ကောင်စီနဲ့ ပူးတွဲပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူတာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ချိုးဖောက် ကျူးလွန်တာဖြစ်ပြီး မြန်မာလူမှုအသိုက်အဝန်း တည်ဆောက်ရေးကို နှောင့်ယှက် ဖျက်ဆီးရာ ရောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ရိုက်ဆန့်ကျင်ပြီး အာဆီယံရဲ့ အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုတွေကိုပါ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ NUG က ပြောပါတယ်။
"တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ပါတယ်။"
ဒါကြောင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမှာ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်ရှိ ပါဝင်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့လိုသလို မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားပြုတဲ့ NUG အနေနဲ့လည်း စစ်ကောင်စီအစား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ကောင်စီဟာ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမှာ မဟုတ်ဘဲ အာဏာသိမ်းရတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲ ပြန်လုပ်မယ့် အကြောင်းကိုသာ ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတွေကတော့ ဆွေးနွေးမယ်လို့ မထင်ဘူးဗျ။ သို့သော် ကိုယ့်နိုင်ငံကတော့ ဘာတွေလုပ်နေတယ်။ အာဏာသိမ်းရတာ ဘာကြောင့် သိမ်းရတယ်။ နောက်တစ်ခါ အခြေခံဥပဒေအရ နှစ်နှစ်ပြည့်ပြီးတဲ့အခါမှာ ခြောက်လအတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမှာ စတဲ့အကြောင်းအရာတွေပေါ့။ ဒါတွေကတော့ သူတို့ကို နားလည်အောင် ဒီအစည်းအဝေးလုပ်တဲ့ အခွင့်အရေးကို အသုံးပြုပြီးတော့ ပြောတာတော့ ရှိနိုင်တာပေါ့”
ဒီနှစ် လန်ချန်း - မဲခေါင် အစည်းအဝေးကို ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်ပေးထားပေမယ့် ဒါက မြန်မာပြည်အရေးကို ဆိုလိုထားတာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေရဲ့ အခြေအနေကို ဆိုလိုတာဖြစ်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို လက်မခံတဲ့ အာဆီယံထဲက မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေ မပါဝင်တဲ့ အစည်းအဝေးဖြစ်လို့ မြန်မာ့အရေး ထူးခြားမှာ မဟုတ်ဘူးလို့လည်း ဦးရဲထွန်းက ဆိုပါတယ်။
အစည်းအဝေးတက်ရောက်မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ COVID-19 အခြေအနေ၊ အစားအသောက်နဲ့ စွမ်းအင်လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု စတဲ့အကြောင်းအရာတွေ ပါဝင်ဆွေးနွေးမယ်လို့ ဇွန် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကလည်း လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးရဲ့ (၉) ကြိမ်မြောက် အဆင့်မြင့် အရာရှိ အစည်းအဝေးကို အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပခဲ့ပြီး စစ်ကောင်စီအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။