ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဝန်ထမ်းတွေကို မတိုက်ခိုက်ဖို့ MSF နဲ့ လူထုအခြေပြုအဖွဲ့တွေ တောင်းဆို
2023.11.29

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာ အခု နိုဝင်ဘာလ တတိယပတ်ထဲမှာ သုံးကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းဆေးရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဆေးရုံ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
"ဆေးရုံကတော့ စစ်တပ်က ဝင်စီးပြီး သူဟာသူ နေရာယူတော့တာပါဗျ”
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါ မင်းပြားဆေးရုံကို ကျရောက်ပေါက်ကွဲပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီး သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
“ဆေးရုံကိုက လက်နက်ကြီး ထိတယ်ဆိုတာထက် လက်နက်ကြီးနဲ့ ပစ်ခဲ့တာဆိုရင်တော့ ပိုမှန်လိမ့်မယ်ဗျ။ အဲဒီဓာတ်ခွဲရုံ တစ်ထပ်လုံးတော့ ပျက်စီးသွားတဲ့ အနေအထားတော့ ရှိလောက်တယ်။ မြို့ထဲမှာဆိုလို့ရှိရင်လည်း စစ်ကြောင်းလာတယ်ဆိုလို့ရှိရင် ဦးတည်ရာမယ့် ဟိုပစ်လိုက်၊ ဒီပစ်လိုက် ရမ်းပြီးတော့ ပစ်သွားတယ်။ သေတဲ့သူလည်း သေတာရှိတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ ဒါပေမဲ့ အဲဒါကိုတောင်မှ ဆေးရုံသွားပြီးတော့ ဆေးကုသဖို့အတွက် အခွင့်မသာဘူး၊ အခွင့်အရေး မရှိဘူး”
ရခိုင်ပြည်နယ်မှာ အခုနိုဝင်ဘာလထဲ ပြန်စခဲ့တဲ့တိုက်ပွဲတွေကြောင့်လည်း အပတ်စဉ် လူနာ ၁၅၀၀ လောက်ကို ကုပေးနေတဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရဲ့ ရွေ့လျား ဆေးခန်းတွေကို ရပ်နားထားရတယ်လို့ MSF က ပြောပါတယ်။ MSF ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အဲဒီဒေသမှာရှိနေ သေးပေမယ့် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေမရတာ၊ လွတ်လွတ်လပ်လပ်သွားလာလို့ မရတာတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကတော့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းရာကို တိမ်းရှောင်သွားတဲ့အတွက် ဆေးရုံလည်ပတ်မှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်းဆိုင်းဆေးရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြောင်းနဲ့၊ အဲဒီဆေးရုံကို မြောက်ပိုင်းစစ်ဆင်ရေးစခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက မလည်ပတ်နိုင်တော့လို့ လူနာမရှိတဲ့အတွက် လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ နိုဝင်ဘာလ ၁၈ ရက်နေ့က MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MSF ရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တစ်ခြားလူသားချင်း စာနာမှုအဖွဲ့တွေနဲ့အတူ ဒေသတချို့မှာ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်ပေမယ့် တိုက်ပွဲတွေနဲ့ ပိတ်ဆို့မှုတွေကြောင့် အမှန်တကယ် အကူအညီလိုအပ်နေတဲ့ သူတွေထဲက ရာခိုင်နှုန်းတချို့ကိုပဲ ကူညီနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဋိပက္ခဒေသတွေက HIV လူနာတွေ၊ TB လူနာတွေဟာလည်း ရောဂါအတွက် ပုံမှန်ဆေးမထုတ်နိုင်ကြတာ တွေ့ရပြီး၊ အဲဒီလူနာတွေဟာ ကျန်းမာရေး ထိခိုက်တာ၊ ဆေးယဉ်ပါးတာနဲ့ တခြား ကူးစက်ရောဂါတွေအဖြစ် လွယ်တဲ့အခြေအနေတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ MSF က သတိပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ (TWO) ရဲ့ သတင်းမှတ်တမ်းဌာနက အမည်မဖော်လိုတဲ့ တာဝန်ခံကလည်း စစ်ဘေးဒုက္ခ သည်တွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝမရတဲ့ကြောင်း RFA ကို ပြောပါတယ်။
“တချို့စခန်းတွေ (စစ်ဘေးဒုက္ခသည်စခန်း) ကတော့ ကြက်ခြေနီအသင်းပြီးရင် Local NGO တွေ လာပြီးမှ သူတို့ကို ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးပေမယ့်လည်း တချို့ဟာတွေက မရဘူးပေါ့နော်။ ဥပမာ မြို့ပြင်ကနေ ထွက်ပြီးမှ ရွာမှာရှိတဲ့ စစ်ရှောင်စခန်းတွေလိုမျိုးပေါ့နော်။ ဆေးရုံဆေးခန်းတွေကလည်း အခုချိန်က လမ်းတွေဖြတ်တောက်ထားတဲ့အတွက်ကြောင့်မိုလို့ သောက်ဆေးတို့ ထိုးဆေးတို့က အဆမတန် စျေးမြင့်တယ်ပေါ့။ အဲဒါ ဒီဆေးတွေက ဆေးရုံထဲမှာလည်း မရဘူး။ ကိုယ့်ဟာကိုယ် ပြင်ပက ဆေးခန်းတွေမှာ သွားဝယ်ပြီး သုံးရတဲ့ဟာတွေလည်း ကျွန်မတို့ တွေ့ရတယ်။ အခက်အခဲတွေတော့ အများကြီးရှိတယ်ပေါ့”
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ မတိုက်ခိုက်ဖို့ကိုလည်း သူက တောင်းဆိုပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာလည်း နိုဝင်ဘာလ ၁၈ ရက်ညက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်ကြရင်း မြို့နယ်ဆေးရုံဝန်းထဲကို လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဘယ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျတာလဲဆိုတာ တိတိကျကျပြောနိုင်တဲ့သူ မရှိသေးပါဘူး။ အဲဒီနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အကြောင်းကြားပြီးတဲ့နောက် ကျန်းမာရေး ဝန်ထမ်းတွေက ဆေးရုံကို စွန့်ခွာသွားသလို၊ နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဆေးရုံထဲ ဝင်စီးလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အလင်းဝင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောတဲ့အချိန်မှာ မနက်အစောကြီး ဆရာဝန်ကြီးက အလင်းဝင်သွားတယ်။ ဆရာဝန်ကြီးရဲ့ နောက်မှာ လက်ထောက် ဆရာဝန်နှစ်ယောက်က ချက်ချင်းအလင်းဝင်တယ်။ နောက်ထပ် ကျန်တဲ့ သူနာပြု နှစ်ယောက်လုံးကလည်း အလင်းဝင်တယ်။ အဲဒီနေ့ချင်း မနက်ခင်းပိုင်းမှာပဲ အကုန်လုံး အလင်းဝင်ကြတယ်ဗျ။ လူနာတွေကတော့ ကလေးသူငယ် ရောပေါင်းရင် ၁၃ ယောက်ပတ်ချာလည် လောက်ရှိတယ်၊ အဲဒါကို လူနာတွေကို အရင်ပြန်ခိုင်းလိုက်တယ်။ လူနာတွေ အကုန်ပြန်ပြီးမှ ဆရာဝန်တွေ အလင်းဝင်တာ။ ဆေးရုံကတော့ စစ်တပ်က ဝင်စီးပြီး သူဟာသူ နေရာယူတော့တာပါဗျ”
အခုလိုအချိန်မှာ လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး၊ တိုက်ပွဲတွေအတွင်း ပိတ်မိနေပြီး အသက်ကယ် ဝန်ဆောင်မှုတွေမရတဲ့ လူထုတွေဆီ အနှောင့်အယှက်မရှိ သွားရောက်နိုင်ရေး ခွင့်ပြုပေးဖို့အတွက်လည်း ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုတဲ့အကြောင်း MSF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ပဋိပက္ခတွေအတွင်း ပြည်သူလူထုဆေးကုသခွင့်ကို နှစ်ဖက်လုံးက ခွင့်ပြုပေးသင့်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆေးဖက်ဆိုင်ရာကွန်ရက် CDM Medical Network ရဲ့ တာဝန်ရှိသူ ဒေါက်တာ စစ်မင်းနိုင်က ပြောပါတယ်။
“ဒီလိုမျိုး ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက်လုံးကိုလည်း မေတ္တာရပ်ခံချင်တယ်၊ အနူးအညွတ် တိုက်တွန်းချင်တာကတော့ လူတိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ရပိုင်ခွင့်ရှိပါတယ်။ ဒီနေရာများသည် ပဋိပက္ခတွေနဲ့ မသက်ဆိုင်ဘဲ သီးသီးသန့်သန့် ဒါကို လူလူချင်းစာနာသောအားဖြင့် ဒီလိုမျိုးကိစ္စတွေကို ခွင့်ပြုပြီးတော့ ဒါတွေကို ဆေးကုသခွင့်ပေးရမှာ ဖြစ်ပါတယ်”
အခုပြောဆိုကြသလို ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာ၊ တိုက်ပွဲဖြစ်တဲ့ဒေသက ပြည်သူတွေ ဆေးကုသခွင့်ရဖို့ ခက်နေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အရှေ့တောင်အာရှအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဦးဇော်ဝင်းကတော့ ဆေးရုံ၊ ဆေးခန်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မတိုက်ခိုက်သင့်ဘူးလို့ ပြောပါတယ်။
“လူ့အခွင့်ရေးမှာကြည့်မယ်ဆိုရင် ပြည်သူတွေက ဆေးကုသမှုခံယူခွင့် အပြည့်အဝရှိတယ်။ အဲဒါကြောင့်မိုလို့ ဒီလိုမျိုး ဆေးရုံဆေးခန်းကို ပစ်မှတ်ထားတာဟာ ဘယ်လိုမှလက်ခံ နိုင်စရာ မရှိဘူးလို့ ကျွန်တော် ပြောချင်တယ်။ ဒါကို လုံးဝကို ရပ်တန်းက ရပ်ရမှာပေါ့နော်။ စစ်တပ်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုး ဆေးရုံ၊ ဆေးခန်းကို ပြစ်မှတ်ထားတာဟာ လုံးဝကို ရှောင်ရှားရမယ်လို့ ကျွန်တော် ပြောချင်တယ်”
စစ်တပ် အာဏာသိမ်းထားတဲ့ ကာလအတွင်း ကျန်းမာရေး ကဏ္ဍဆိုင်ရာ ဝန်ထမ်းတွေ၊ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာ အကြိမ် တစ်ထောင့်တစ်ရာနီးပါးရှိတယ်လို့ ဆွစ်ဇာလန်နိုင်ငံက Insecurity Insight ဆိုတဲ့ လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံ၊ ဆေးပေးခန်းစတဲ့ ကျန်းမာရေးဆောက်အအုံတွေ ထိခိုက်ပျက်စီးတဲ့ အကြိမ်အရေအတွက်က ၁၈၀ ကျော်၊ သတ်ဖြတ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၉၇ ဦး၊ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၁၇ ဦးနဲ့ အဖမ်းခံရတဲ့သူက အနည်းဆုံး ၈၈၀ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းအားလုံးက နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာဖို့၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေး အဆောက်အအုံတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပြီး ဒါတွေကို ကျူးလွန်တဲ့သူက တာဝန်ယူရမယ်လို့ Insecurity Insight က ပြောထားပါတယ်။