နှမ်းခါး သို့မဟုတ် စစ်ကောင်စီရဲ့ ပစ်မှတ်တစ်ခု

2021.12.29
နှမ်းခါး သို့မဟုတ် စစ်ကောင်စီရဲ့ ပစ်မှတ်တစ်ခု မကွေးတိုင်း နှမ်းခါးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်တချို့ကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဂန့်ဂေါဒေသက နှမ်းခါးရွာဟာ အရင်က မထင်မရှားရှိနေခဲ့တဲ့ ရွာတစ်ခုပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နှမ်းခါးရွာကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ သိလာရပါတယ်။

စစ်အာဏာသိမ်းမှုကို တစ်ရွာလုံးက ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့ နှမ်းခါးရွာဟာ အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်တာကိုပါခံခဲ့ရပြီး စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာကြောင့် ရွာသူရွာသားတွေလည်း စစ်ဘေးဒုက္ခသည်တွေဖြစ်နေပါတယ်။

မကွေးတိုင်း ဂန့်ဂေါနဲ့ ကလေးလမ်းပေါ်က အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်တာ ၁၅ ကြိမ်လောက် ရှိသွားပြီလို့ နှမ်းခါး ရွာသား တစ်ဦးက ပြောပါတယ်။ မတ်လ ၂၅ ရက်ကစပြီး နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဝင်လာခဲ့တာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ လေကြောင်း က တိုက်ခိုက်တာကိုပါ နှမ်းခါးရွာခံခဲ့ရပါတယ်။ အဲဒီလို အကြိမ်ကြိမ် ဝင်ရောက်ခဲ့လို့ နှမ်းခါးရွာသား သုံးဦး သေဆုံးခဲ့ပြီး ၁၀ ဦးလောက် အဖမ်းခံခဲ့ရပါတယ်။ နေအိမ်အလုံး ၆၀ လောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နွားတွေကို သတ်စားတာတွေလည်း လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နှမ်းခါးရွာသားတစ်ဦးက ရှင်းပြပါတယ်။

"ရွာထဲက လူတွေကို ဓါးတွေ လိုက်သိမ်းတာတို့ ပစ္စည်းရှာတာတို့ လုပ်တယ်ဗျာ ရေတွင်းတွေ ခွဲတာတို့ ဆိုင်ကယ်တွေ ခွဲသွားတာတို့ ရှိတယ်ဗျ ကျွန်တော်တို့ မှတ်တမ်းပြုစု ထားတာ နောက်ပိုင်းတအား ဆိုးသွမ်းတာက ရှစ်ကြိမ်ဗျ"

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်လို့ ကန့်ကွက်ကြဖို့ နှမ်းခါးရွာသူ၊ ရွာသားတွေဟာ မိုင် ၄၀ လောက်ဝေးတဲ့ ဂန့်ဂေါမြို့အထိ ကားကြီး ကားငယ် နဲ့ သွားပြီး တစ်ရွာလုံးနီးပါး ဆန္ဒပြခဲ့ကြပါတယ်။

ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဆန္ဒပြတာတွေကို လူတွေ သေဆုံးစေတဲ့အထိ စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ရရာလက်နက်နဲ့ ခုခံတွန်းလှန်မှုတွေ ရှိလာ ပါတယ်။

"တွေးပြီး ကြောက်နေရတော့တာပေါ့ တွေ့တဲ့လူတွေကိုလည်း သတ်တာကို"

အာဏာသိမ်းပြီး နှစ်လ လောက်အကြာ မတ်လကုန်ပိုင်းမှာတော့ နှမ်းခါးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ တိုက်ပွဲ စဖြစ်ခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်လာပြီး နောက်ပိုင်း စစ်ကောင်စီတပ်တွေက နှမ်းခါးရွာထဲကို မကြာခဏလာပြီး တပ်စွဲတာတွေ၊ ဖမ်းဆီးတာတွေ၊ ဖျက်ဆီးတာတွေ လုပ်လာပါတော့တယ်။

ဂန့်ဂေါနယ်မှာ နှမ်းခါး အပါအဝင် မွှေ့လည်၊ ရဲလှ၊ ဟံသာဝတီ၊ မြင်သာ၊ စတဲ့ အနီးအနားရွာတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အားကောင်းလှပြီး အဲဒီနေရာတွေ တစ်ဝိုက်မှာ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းကပါ တိုက်ခိုက်လာပါတယ်။ ရွာရဲ့လုံခြုံရေးကို အထူးဂရုစိုက်တဲ့ အကြောင်း PDF အဖွဲ့တာဝန်ခံ ကိုနွေဦးက ရှင်းပြပါတယ်။

"နှမ်းခါးရွာကို ဒေသကာကွယ်ရေး အနေနဲ့ ပျူးစောထီးတွေ ခိုးတာပြုတာတွေ ဖြစ်မှာဆိုးလို့ ဒေသ ကာကွယ်ရေး အဖွဲ့တွေက အမြဲ ကာကွယ်စောင့်ရှောက်မှုရှိတယ်၊ ရပ်ရွာလုံခြုံ အေးအေးချမ်းချမ်း နေကြတဲ့အချိန်မှာ သူတို့က စစ်ကောင်စီက မလိုအပ်ဘဲ မူးယစ်ဆေးဝါးဆို နှမ်းခါးမှာ မရှိဘူး အခြား ရွာတွေမှာ ရှိတယ် အဲကြောင့်ခေါ်ပြီး အစည်းအဝေး လုပ်တဲ့အချိန်မှာ ဝင်စီးတာပါဗျ"

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရွာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ရှိနေသလို အခြားတစ်ဖက်မှာလည်း ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း မိုင်းစစ်ဆင်ရေး တွေနဲ့ အပြင်းအထန် တုံ့ပြန်နေတာကို တွေ့ရတယ်လို့ စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"မကွေးတိုင်းမှာ နှမ်းခါးက လှုပ်ရှားမှု စတင်ရာ အများဆုံး သူတို့လည်း ထိခိုက်နစ်နာမှု အများဆုံး စစ်တပ် ဘက်က ဒါကြောင့် နှမ်းခါးကို မဲပြီး တိုက်ခိုက်နေတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အဲလိုလုပ်လို့လည်း အဲဒေသ အပေါ်မှာ ရပ်ခံနေတဲ့ PDF တွေ အနေနဲ့ ကျိုးကျမသွားဘူး ငြိမ်မသွားဘဲနဲ့ တိုက်ပွဲတွေကဆက်ပြီး ပြင်းထန်နေတဲ့အတွက် နှမ်းခါးက ဂုဏ်ယူဖို့ကောင်းတဲ့ အနေအထားတစ်ခု နှမ်းခါးက ကျွန်တော်တို့ လက်ရှိ နွေဦးတော်လှန်ရေးမှာ အတော်လေး ရှေ့တန်းရောက်တဲ့နေရာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တော့ ယူဆတယ်"

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် စစ်ကောင်စီတပ်တွေဟာ လေကြောင်း တိုက်ခိုက်မှုတွေကို သုံးလာတယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

gantgaw-flee
(ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဂန့်ဂေါမြို့နယ်က ကျေးရွာသားတချို့ကို တွေ့ရစဉ်) Photo: CJ

နှမ်းခါးရွာကို စစ်တပ်က အကြိမ်ကြိမ် ဝင်ရောက်တပ်စွဲတယ် ဆိုတာတွေက မမှန်ကန်တဲ့ စွပ်စွဲချက်တွေပဲလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

"နှမ်းခါးဘက်မှာ PDF လှုပ်ရှားမှုတွေ အဲနယ်မြေ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ပဲ သိရပါတယ် ဒါကြောင့် လုံခြုံရေး တပ်ဖွဲတွေက ၁၅ ကြိမ်လို့ ဘာလို့ ဆိုတာ ပုံကြီးချဲ့ပြောခြင်း ဖြစ်ပါတယ်။ ရွာနားလေးက ဖြတ်သွားလည်း တစ်မျိုးပေါ့ ရွာအပြင်ဘက်က ဖြတ်သွားလည်း တစ်မျိုးပေါ့ ရွာထဲဝင်လည်း တစ်မျိုး ဒီလိုမျိုး စွပ်စွဲချက်တွေက ဒီလိုအချိန်မှာ ရှိမှာပဲလို ပြောချင်တယ်"

ပြည်သူလူထု လုံခြုံရေးနဲ့ နယ်မြေဒေသ လုံခြုံရေးကိုပဲ လုပ်ဆောင်တာရှိပြီး နှမ်းခါးရွာကို ဝင်စရာ အကြောင်း မရှိဘူးလို ဗိုလ်ချုပ်ဇောင်မင်းထွန်းက ဆိုပါတယ်။

နှမ်းခါးကို စစ်တပ်က ဝင်ရောက်တပ်စွဲတဲ့ အခါတိုင်း ရွာသား ၄,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာ တောတောင် တွေထဲကို ထွက်ပြေးတိမ်ရှောင် ရတယ်လို့ နှမ်းခါးရွာသားတွေက ပြောပါတယ်။

"ကားနဲ့ လာမှန်းမသိရဘူး လေယာဉ်နဲ့ လာမှန်း မသိရဘူး အဲလိုပဲ တွေးပြီး ကြောက်နေရတော့တာပေါ့ တွေ့တဲ့လူတွေကိုလည်း သတ်တာကို ယောင်္ကျားလေးတွေ တွေ့လည်း သတ်တယ်ဆိုတော့ မနေရဲ ကြတော့ဘူး"

နှမ်းခါးရွာကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်တွေက တိုက်ခိုက် ဖျက်ဆီးတာ၊ တပ်စွဲတာတွေ လုပ်နေတဲ့ အပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်တာကို ခံနေရတာကြောင့် အရင်က အေးအေးချမ်းချမ်း နေလာခဲ့တဲ့ နှမ်းခါးရွာသူ၊ ရွာသားတွေလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ရွာမှာ ကိုယ်မနေရဲတဲ့ အခြေအနေကို ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။