လှည်းကူးမှာ CDM ကျောင်းဆရာရဲ့ မိသားစုဝင်ငါးဦး ပစ်သတ်ခံရ
2023.02.27
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အထိ ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်စဉ်တွေဟာ ကျေးလက်တွေသာမဘဲ မြို့တွေမှာပါ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှာ နေထိုင်တဲ့ မိသားစု ဝင်ငါးဦး နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း အသက် ၅၀ ကျော်အရွယ် ဒေါ်စန်းနွဲ့၊ အသက် ၃၀ ကျော်အရွယ် ကိုမောင်နဲ့ မဝင်းနွယ်၊ အသက် ၈၀ ကျော်အရွယ် ဦးအောင်မောင်းနဲ့ သုံးနှစ်အရွယ် ယောက်ျားလေး တစ်ဦး၊ စုစုပေါင်း ငါးဦးတို့ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေအထဲက မဝင်းနွယ်ရဲ့ ခင်ပွန်းဖြစ်သူ အလယ်တန်းပြကျောင်းဆရာ ဦးဝင်းစိုးဟာ CDM လှုပ်ရှားမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် အခု သတ်ဖြတ်မှုဟာ စစ်ကောင်စီကို ထောက်ခံသူတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကယူဆပေမယ့် ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အရပ်ဝတ်နဲ့ လူခြောက်ဦး နေအိမ်ကို ဆိုင်ကယ်နဲ့ ရောက်လာပြီး CDM ကျောင်းဆရာ ဦးဝင်းစိုး မိသားစု ဟုတ်၊ မဟုတ် မေးမြန်း အတည်ပြုပြီးမှ ပစ်သတ်ခံခဲ့ရတာလို့ လုံခြုံရေးကြောင့် အမည် မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။
"ည ၈ နာရီ ဆိုတာ သိတဲ့အတိုင်း မှောင်နေတာရယ် လုံခြုံရေး အခြေအနေရယ်ကြောင့် အပြင်မှာ လူမရှိတော့ဘူး။ အဲဒီအချိန် ဆိုင်ကယ် နှစ်စီးနဲ့ လူခြောက်ယောက် ဒေါ်စန်းနွဲ့အိမ်ရှေ့ရပ်သွားတယ်။ ပုံမှန် ငါးခြောက် လာဝယ် ကြတာပေါ့ ဒီလိုထင်တာ။ ပြီးတော့ အကုန်ဝပ်နေ ခေါင်းထောင်မကြည့်နဲ့ ဆိုပြီး အကြမ်းဖက်ကောင် ဝင်းစိုးရဲ့ မိသားစုဝင်တွေလား၊ သူ့အိမ်လား မေးတယ်။ ဟိုက ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ် ထင်တယ်။ တစ်ယောက်ကို သုံးချက်စီ ပစ်သွားတာ၊ ခေါင်းကိုပဲ နှစ်ချက်တိတိ ပစ်တယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကိုပါ ပစ်သွားတဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျရှုံးပါစေ ဆုတောင်းတယ်။ ပစ်သွားတဲ့သူတွေက ယူနီဖောင်း မပါဘူး။ အပြင် အဝတ်အစားတွေပဲ အသက်က ၃၀ နဲ့ ၄၀ ကျော် အရွယ်တွေပဲ"
ကျောင်းဆရာ ဦးဝင်းစိုးဟာ စစ်အာဏာသိမ်းပြီးချိန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် နေအိမ်ကနေ တိမ်းရှောင်နေရတာပါ။ မိသားစုဝင်တွေကတော့ ငါးခြောက်ရောင်းဝယ်ရေး အလုပ်နဲ့ ရပ်တည်နေကြသူတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်သတ်ခံရတဲ့ မိသားစုဝင်ငါးဦးရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖောင်ကြီး သုဿန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသက်ရှင်ကျန်ရစ်တဲ့ မိသားစုဝင်အချို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် စိတ်ထိခိုက် နေတာကြောင့် ဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။
"တစ်ယောက်ကို သုံးချက်စီ ပစ်သွားတာ၊ ခေါင်းကိုပဲ နှစ်ချက်တိတိ ပစ်တယ်။"
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာတော့ ဒီငါးလောင်းပြိုင်လူသတ်မှုကို PDF အဖွဲ့တွေက ကျူးလွန်ခဲ့ကြတာလို့ စွပ်စွဲရေးသားကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီနေ့အထိ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို လှည်းကူးမြို့နယ် ရဲစခန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေပါဘူး။
ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတွေရဲ့ မစ်ရှင်တွေဟာ ပြည်သူလူထုကို ဦးတည်တာ မရှိသလို အခုလိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကိုလည်း ကျူးလွန်တာမရှိဘူးလို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG Association က တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။
"မြို့ပြမှာ လုပ်ရတဲ့ အလုပ်တော်တော်များများက စစ်စကားနဲ့ ပြောရမယ်ဆိုရင် ကြိုတင်ကြံစည် တိုက်စစ်ကြီးပဲ။ ရုတ်ချည်း တိုက်စစ်က ရှားပါတယ်။ ကြိုတင် ကြံစည်ပြီး လုပ်ရတဲ့ အလုပ်တော်တော်များများက အခန့်မသင့်လို့ ကလေးတစ်ယောက်ကို ထိသွားတယ်ဆိုတာက မရှိခဲ့ပါဘူး။ ဒီနှစ်နှစ်အတွင်းမှာ ကျနော်တို့ အဖွဲ့အစည်းမှ မဟုတ်ဘူး ကျန်တဲ့ ယူဂျီတွေရောပဲ။ ဒီလို လုပ်ရပ်မျိုးက မြို့ပြပြောက်ကျားတွေ ယူဂျီတွေ အနေနဲ့ လုံးဝ လုပ်တာ မဟုတ်ဘူးဆိုတာ ဒီတစ်ချက်နဲ့တင် တော်တော်ရှင်းပါတယ်"
စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြို့နယ်အလိုက် စစ်ကောင်စီကို အားပေး ထောက်ခံသူတွေနဲ့ စုဖွဲ့ထားတဲ့ သွေးသောက် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပြီး NLD ပါတီကို အားပေးထောက်ခံသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေတာပါ။
မခုခံနိုင်တဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုပါ သတ်ဖြတ်ခံနေရတဲ့ ဖြစ်ရပ်တွေဟာ နိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနေတာကို ပြသနေတာလို့ ရန်ကုန်မြို့က လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ထောက်ပြပါတယ်။
"အခု လှည်းကူးဖြစ်စဉ်ကိုပဲ ကြည့်ရင် ပစ်မှတ်က သီးခြားရှိနေတာ။ သူနဲ့ ဆက်နွယ်နေတဲ့ မိသားစု ခဏ တဖြုတ် ရောက်လာတဲ့ ဧည့်သည်နဲ့ ကလေးသူငယ်တွေကအစ အကြောင်းမဲ့ ရက်ရက်စက်စက် ပစ်ခတ် လုပ်ကြံနေကြ တာက တကယ်တမ်းပြောရင် ဥပဒေနဲ့ မညီဘဲ ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုကို ကျုးလွန်တာ ဖြစ်တယ်။ ဒါက ဘာကိုပြနေလဲဆိုရင် နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝနီးပါးပျက်ယွင်း နေပြီ။ နိုင်ငံသားတွေရဲ့ ဘဝက လွတ်လပ်မှုမရှိ၊ လုံခြုံမှုလည်း မရှိဘူး၊ နိုင်ငံသားတွေရဲ့ ဘဝလွတ်လပ် လုံခြုံမှုကို တာဝန်ယူစောင့်ရှောက် ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း မရှိဘူးဆိုတာ ပြနေတာပဲ"
အာဏာသိမ်းပြီး နောက်ပိုင်း ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့ ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာ ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေတာလို့ မြန်မာနိုင်ငံလူ့အခွင့်အရေး ကွန်ရက် (BHRN)ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
"အခုလိုမျိုး သတ်ဖြတ်မှု ဖြစ်နေတယ် ဆိုတာက ဒီတိုင်းပြည်မှာ ဘယ်သူမှ ထိန်းချုပ် နိုင်စွမ်းမရှိဘူး ကျရှုံးနိုင်ငံ ဖြစ်နေပြီဆိုတာ ဒါကို သက်သေထူနေတာပဲ။ စကစ ပြချင်နေတာက ဒီနိုင်ငံကို သူက အုပ်ချုပ် နိုင်တယ်လို့ ပြချင်နေတာ ဒါပေမဲ့ ဒီကျုးလွန်မှုတွေကို မကာကွယ်ပေးနိုင်ဘူး သူလည်း ဒါတွေကို ကျုးလွန်နေတဲ့သူ ကိုယ်တိုင် ဖြစ်နေတော့ အဖြေရှင်းနေပြီးသား လက်ရှိ စစ်တပ်ဆိုတာက ရာဇတ်ဝတ်သားတွေပဲဆိုတာ ရှင်းနေပြီးသားပဲ"
နိုင်ငံတစ်ခုမှာ အစုအပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်လာရင် ပြည်သူအားလုံး ဒီကျူးလွန်မှုတွေ မခံရအောင် နိုင်ငံ့ခေါင်းဆောင် အကြီးအကဲနဲ့ အစိုးရက အကာအကွယ် ပေးရမှာဖြစ်ပြီး တာဝန်ရှိသူက မကာကွယ်ပေးနိုင်ရင် ဒါမှမဟုတ် တာဝန်ရှိသူကိုယ်တိုင်က ချိုးဖောက်နေရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး အဲဒီနိုင်ငံက ပြည်သူတွေအတွက် ကူညီကာကွယ်ပေးရမှာ ဖြစ်တယ်လို့ ဦးကျော်ဝင်းပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး ကတော့ ဒီလိုရက်စက်တဲ့ဖြစ်ရပ်တွေဟာ စစ်အာဏာသိမ်းမှုနဲ့အတူ ကျူးလွန်နေကြတာလို့ ပြောပါတယ်။
"ပြည်သူတွေအပေါ် စစ်ကောင်စီက ဘယ်လောက်အထိ ရက်ရက်စက်စက် နှိပ်စက် နေသလဲဆိုရင် မြန်မာနိုင်ငံမှာ သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ စံချိန်တင် ပြီးတော့ ရက်စက်မှုတွေ ပြသနေတာပေါ့။ လူသားမျိုးနွယ်အပေါ် အသက်ရှင်နေထိုင်မှုကို ဆန့်ကျင်နေတဲ့ ရာဇဝတ်မှုကို ကျုးလွန်နေတဲ့ စစ်ကောင်စီကို သူတို့ကို ဥပဒေကြောင်း အရ ဘယ်လိုမှ ပြေးမလွတ်ဘူး။ အဲဒီအတွက်ကို သူတို့ဟာ တရားရင်ဆိုင်ရဖို့ သေချာပေါက် ရှိပါတယ်"
စစ်ကောင်စီကတော့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို တိုက်ခိုက်တာမျိုး ဘယ်တော့မှ မလုပ်ဆောင်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ နိုင်ငံတစ်ဝန်းမှာ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာအပြင် ပြည်သူတွေသတ်ဖြတ်ခံရ တာတွေလည်း နေ့စဉ်လိုလိုဖြစ်ပွားနေဆဲဖြစ်ပါတယ်။