ကာစီနိုလောင်းကစားနဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းများသမိုင်း
2023.10.09

တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် အင်တာနက်ပိတ်ဆို့တာနဲ့ အတားအဆီးအများဆုံး ဖြစ်ပေမဲ့ အင်တာနက်သုံးမှ လည်ပတ်နိုင်တဲ့ အွန်လိုင်းမသမာမှုလုပ်ငန်းမှာတော့ မြန်မာနိုင်ငံဟာ မကောင်းသတင်းနဲ့ ကျော်ကြားနေတဲ့နိုင်ငံ ဖြစ်နေပါတယ်။
လောင်းကြေးစားကြေးလုပ်မလားလို့ စိန်ခေါ်တတ်တဲ့ လောင်းကစားမှုဆိုတာ ငွေကို ဖြစ်ဖြစ်၊ တခြားတခုခုကို ဖြစ်ဖြစ် မသေချာ၊ မရေရာတာကို တန်ဖိုးပေးပြီး အရဲစွန့်ကစားတာပဲ ဖြစ်ပါတယ်။
အင်တာနက်ခေတ် မရောက်ခင်က ကြက်ဝိုင်း၊ ဖဲဝိုင်း၊ မာကျောက်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်းက စလို့ မြင်းပွဲ၊ ဘောလုံးပွဲအလယ် ချဲထီ အဆုံး လောင်းကြေးစားကြေးလုပ်၊ လောင်းကြေးထပ်ကြပါတယ်။ ယဉ်ကျေးမှု အစောဆုံးစတယ်လို့ ပြောတဲ့ ရှေးခေတ် တရုတ်နဲ့ရောမလို နေရာတွေမှာ လောင်းကစားဝိုင်းရှိပေမဲ့ ၁၆၃၈ မတိုင်ခင်ထိ ကာစီနိုလောင်းကစားရုံ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၁၈ ရာစုမှာ ကာစီနိုလောင်းကစားရုံတွေ ဆောက်လုပ်ပေမဲ့ ၁၉ ရာစုမှာမှ ဥရောပမှာ ကာစီနိုရုံတွေ ထွန်းကားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၈၀၀ ပြည့်လွန်ပိုင်းတွေထိ ကာစီနိုရုံတွေ မရှိခဲ့ဘဲ အစောဆုံးက နယူးအော်လန်း (New Orleans )ပြည်နယ်မှာ အပျော်စီးသင်္ဘောတွေပေါ် လောင်းကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ နာဗာဒါ (Nevada)ပြည်နယ်မှာ လောင်းကစားဥပဒေကို ၁၉၃၁ မှာ ပြဋ္ဌာန်းခဲ့ပြီး ခုဆိုရင် လက်စ်ဗီးဂတ်စ် (Las Vegas)ဟာ ကမ္ဘာကျော်လောင်းကစား မြို့တော်ကြီး ဖြစ်နေပါတယ်။ အင်တာနက်ဖောက်ထွင်းရာဇာတွေ ထိုးဖောက်ခံရတဲ့ ဖြစ်ရပ်သာရှိပေမဲ့ အရှေ့တောင် အာရှမှာကျက်စားတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းမျိုး လက်စ်ဗီးဂတ်စ်မရှိဘဲ လောင်းကစားသက်သက်ပဲ ဖြစ်ပါတယ်။
၁၉၆၂ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ လောင်းကစားဝါသနာပေမဲ့ မြင်းပွဲတွေ ပိတ်ခဲ့ပါတယ်။ သူကိုယ်တိုင်တော့ ပြည်ပမှာ အသည်းအသန်လောင်းကစားခဲ့တယ်လို့ ကွယ်လွန်သူ သတင်းစာဆရာကြီး အောင်ဗလခေါ် ကြေးမုံဦးသောင်းက ပြောဖူးပါတယ်။ သူ့လက်ထက် တိုင်းပြည် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ပြီး လူထုက မကျေနပ်လို့ ပေါ်ပေါက်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပြီးနောက် ပြည်တွင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စစ်တပ်က နည်းပေါင်းစုံနဲ့ နှိမ်နင်းပါတယ်။
တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေ အမျိုးမျိုးပေးပါတယ်။ တစ်ဆက်တည်း ကမ္ဘာမှာ ဘိန်းအများဆုံးထွက်တယ်လို့ နာမည်ကြီးတဲ့ ရွှေတြိဂံဒေသမှာ အရင့်အရင်က မရှိခဲ့ပေမဲ့ အထူးခွင့်ပြုချက်ဘောင်အတွင်းကနေ ကက်စီနိုလောင်းကစားရုံတွေ ဖွင့်ခွင့်ပေးတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
ရှစ်လေးလုံးနောက်ပိုင်း ဈေးကွက်စီးပွားရေး ဖွင့်တာနဲ့အတူ နဝတ- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ပြန်လည်တည်ဆောက်ရေးအဖွဲ့လက်ထက် (1996 Visit Myanmar Year) ၁၉၉၆ မြန်မာ့ခရီးသွားနှစ်မှာ ဟိုတယ်လုပ်ငန်းတွေ ထွန်းကားလာပါတယ်။ အဲဒီ၁၉၉၆ တုန်းကဆို မြန်မာအများစုဟာ fax မိတ္တူပို့စက်လောက်သာ သိကြပြီး အခုကမ္ဘာ့သတင်းတွေမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံမှာ ကျက်စားနေတယ်ဆိုတဲ့ အွန်လိုင်းမသမာမှု မဆိုထားနဲ့ အီးမေးလ် အီလက်ထရွန်းနစ် စာပို့စနစ်နဲ့ ရင်းနှီးနိုင်ဖို့ အင်တာနက်ကိုလည်း မသိခဲ့ကြပါဘူး။
အင်တာနက်စပေါ်တာက ၁၉၈၃၊ ကမ္ဘာ့နိုင်ငံတွေက ၁၉၉၀ ပြည့်လွန် နှစ်ဦးပိုင်းတွေမှာ စတင်သုံးနေပေမဲ့ မြန်မာနိုင်ငံကတော့ ၂၀၀၀ ပြည့်လွန် နှစ်ဦးပိုင်းမှာမှ လူထုနဲ့ အင်တာနက် မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ ဒီလို အင်တာနက်ရှိတဲ့အတွက် အွန်လိုင်းလောင်းကစားပေါ်လာပေမဲ့ တရုတ်နိုင်ငံမှာ တားမြစ်ထားတာမို့ တရုတ်လောင်းကစားဝါသနာအိုးတွေအတွက် ၂၀၁၀ ပြည့်လွန်ပိုင်းတွေမှာ လုပ်ငန်းရှင်တွေက ဖိလစ်ပိုင်ကနေ အွန်လိုင်းကစားဝိုင်းဖန်တီးပေးပါတယ်။ ဖိလစ်ပိုင်ကလည်း အွန်လိုင်းလောင်းကစားကို ၂၀၁၆ မှာ နှိမ်နင်းတဲ့အခါ ကမ္ဘောဒီးယားနိုင်ငံကိုရောက်လာပါတယ်။ ကာစီနိုရုံတွေကို လုံခြုံရေးယူတဲ့ တရုတ်ဂိုဏ်းတွေက ရာဇဝတ်မှုတွေ ကျူးလွန်လာတဲ့အခါ ၂၀၁၉ သြဂုတ် ၁၈ ရက်မှာ အွန်လိုင်းလောင်းကစားကို ပိတ်ပင်လိုက်တဲ့အတွက် အောက်တိုဘာမှာ မြန်မာနိုင်ငံကို ရွှေ့လာပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကာစီနီုရုံတွေပိတ်လိုက်တဲ့အခါ အွန်လိုင်းလောင်းကစားက ပိုအလုပ်ဖြစ်လာပါတယ်။ အစပိုင်းမှာ အွန်လိုင်းလောင်းကစား ဂိဏ်းဖြစ်ပေမဲ့ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ၊ အလုပ်အကိုင်ရှာဖွေသူတွေကို မက်လုံးပေးပြီး ငွေလိမ်ဂိုဏ်းမှာ အဓမ္မခိုင်းစေရင်း လုပ်ငန်းလည်းကြီးထွား ကမ္ဘာအရပ်ရပ်မှာလည်း ကွန်ရက်ဖြန့်ပါတယ်။ အထူးခွင့်ပြုချက် ဘောင်အတွင်းကနေ ကာစီနိုလောင်းကစားရုံ တွေ ဖွင့်ခွင့်ရထားတဲ့ မြန်မာနိုင်ငံက ကာစီနိုရုံတွေလည်း ငွေလိမ်ဂိုဏ်းအသွင်ပြောင်းကြပြီး မကောင်းသတင်းတွေလည်း ထွက်လာပါတယ်။ အွန်လိုင်းရာဇဝတ်ဂိုဏ်း လုပ်ငန်းအတွက် လူကုန်ကူးမှုတွေကလည်း ဖုံးဖိမရအောင် သတင်းတွေလှိုင်လှိုင်ထွက်လာပါတယ်။
ဒီငွေလိမ်ဂိုဏ်းတွေ ဘယ်မှာရှိပြီး ဘယ်သူတွေ ပါဝင်လှုပ်ရှားသလဲဆိုတာ တရားလွှတ်တော်ရှေ့နေ စောဘဦးလေး က ပြောပြပါတယ်။
“ကရင်ပြည်နယ် သောင်ရင်းမြစ်နားမှာ ကာစီနိုရုံတွေရှိတယ်။ နယ်ခြားစောင့်တပ်တွေ ရှိတဲ့နေရာတွေ"
မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန်မှာ လူကုန်ကူးခံရတဲ့ လူတစ်သိန်းနှစ်သောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှာ တစ်သိန်းရှိပြီး ဒီအထဲ တရုတ်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ RFA ပင်တိုင်ဆောင်းပါးရှင် ဝါရှင်တန်စစ်တက္ကသိုလ် ပါမောက္ခ ဇက်ခါရီ အဘူဇာ စက်တင်ဘာက ရေးသားတဲ့ ဆောင်းပါးမှာ ဖော်ပြပါတယ်။
ကိုးကန့်ဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ထိန်းချုပ်တဲ့ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်မြို့နယ်၊ ကရင်ပြည်နယ်၊ မြဝတီရွှေကုက္ကိုမြို့သစ်စီမံကိန်း စတာတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားတယ်လို့လည်း ကျော်ကြားလှပါတယ်။
အွန်လိုင်းဆိုကတည်းက အင်တာနက်ရှိမှ လုပ်ငန်းလည်ပတ်နိုင်ပြီး အခုတော့ ကမ္ဘာမှာ အင်တာနက်အတင်းကျပ်ဆုံးဆိုတဲ့ တရုတ်နိုင်ငံက သူ့နိုင်ငံသားတွေပါ သားကောင်ဖြစ်ရတဲ့ ဒီရာဇဝတ်ဂိုဏ်းတွေကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းနေပါတယ်။