ရွှေကုက္ကိုက လူကုန်ကူးခံထားရသူ နိုင်ငံခြားသားတွေ ကျောက်ခက်မှာ ပြောင်းရွှေ့ခိုင်းစေခံနေရ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ ကျောက်ခက်ငွေလိမ်ဂိုဏ်းမှာ အလုပ်ခိုင်းခံနေရတဲ့ လာအိုနိုင်ငံသားတွေကို ပြန်လွှတ်စေချင်ရင် သူတို့ အလုပ်တာဝန်အလိုက် ဘတ်ငွေ နှစ်သိန်းကနေ သုံးသိန်းအထိ ဒဏ်ကြေးသတ်မှတ်ထားပြီး ဒီငွေတွေအတွက် အလုပ်လုပ်ပြီးမှ ပြန်လွှတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း လုံခြုံရေးအရ အမည်မဖာ်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"အခုရက်ပိုင်း ကျွန်တော်တို့ သိတဲ့အတိုင်း မြဝတီမှာ တိုက်ပွဲတွေက အရမ်းဖြစ်နေတယ်၊ တရုတ်သူဌေးတွေက ရွှေကုက္ကိုတို့၊ မြဝတီတို့၊ KK park တို့ အဲ့ဒီက နိုင်ငံခြားသားတွေကို ကျောက်ခက်ဘက်ကို ရွှေ့တယ်။ ပြီးတော့လည်း လာအိုတွေပေါ့၊ လာအိုတွေကို ဘာပြောလဲ ဆိုလို့ရှိရင် ပြန်လွှတ်ပေးမယ်၊ ပြန်ချင်လို့ရှိရင်ပေါ့ ဘတ်နှစ်သိန်း၊ သုံးသိန်းလောက်အထိ သူတို့ခြိမ်းခြောက်ပြီး တောင်းတယ်၊ အဲ့လိုပုံစံမျိုးတွေနဲ့ သူတို့အလုပ်လုပ်ပြီး ဆပ်ရင်ဆပ်ပေါ့၊ တစ်ခြားနိုင်ငံခြားသားတွေလည်းရှိတယ်၊ အီသီယိုးပီးယားတို့၊ ယူဂန်နာတို့၊ အဲ့ အလုပ်သမားတွေဆိုလို့ရှိရင် ဒေါ်လာ ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ အဲ့လိုပေးမှ ပြန်လွှတ်ပေးမဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်တယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့ဘက်မှာ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ကာစီနိုနဲ့ ငွေလိမ်ဂိုဏ်းတွေကိုလည်း ထိုင်းနဲ့ မြန်မာစစ်ကောင်စီ ပူးပေါင်းဖမ်းဆီးနှိမ်နှင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီနောက် မြဝတီ၊ ရွှေကုက္ကို၊ AA Park၊ KK park ကာစီနိုတွေက နိုင်ငံခြားသား အလုပ်သမားတွေကို ကျောက်ခက် Ko Sai အွန်လိုင်းငွေလိမ်လုပ်ငန်း နေရာဘက်ကို ရွှေ့ပြောင်းပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီငွေလိမ်လုပ်ငန်းတွေက ထွက်ပြေးတဲ့ နိုင်ငံခြားသားတွေကို ပြန်လည်ဖမ်းမိရင် တရုတ်လုပ်ငန်းရှင်ရဲ့ အလုပ်ကြီးကြပ်သူတွေက ညှဉ်းပန်းနှိပ်စက်တာတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"အရင်လတုန်းကဆိုလို့ရှိရင် ထွက်ပြေးတဲ့ လူတွေရှိတယ်၊ မခံနိုင်လွန်းအားကြီးလို၊ ထွက်ပြေးတဲ့ လူတွေဆိုလို့ရှိရင် ဘာလုပ်လဲဆိုရင် မျက်စိရှေ့မှာပဲ ကျွန်တော်မြင်နေရတယ်၊ ကျင်စက်တွေနဲ့ ထိုးတယ်၊ ကင်းမြှီးကောက် ထောင်ခိုင်းတယ်၊ ဒဏ်ပေးတယ်၊ အဲ့လိုတွေနဲ့ နှိပ်စက်တယ်၊ သေသွားတဲ့လူတွေတောင် ရှိတယ်၊ ဒါပေမဲ့ မျက်စိရှေ့မှာ မြင်နေရတော့ စိတ်မကောင်းဘူး၊ ကိုယ်ကလည်း ဘာမှလုပ်မပေးနိုင်တော့၊ မြန်/ဟွား (တရုတ်/မြန်မာ စကားပြန်) ပေါ့၊ သူတို့အဓိက လုပ်နေတာက တရုတ်ကြီးကြပ်ရေးမှူးတွေပေါ့၊ မြန်မာစကားလည်း တတ်တယ်၊ အဲ့လိုလူတွေကနေပြီးတော့ နှိပ်စက်နေကြတာ"
အဲဒီလောင်းကစားဂိုဏ်းမှာ အလုပ်လုပ်ကိုင်နေရတဲ့ လာအိုနိုင်ငံသားတွေက သူတို့ကို လက်ရှိ လောကငရဲကနေ လွတ်မြောက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တတ်နိုင်သလောက် အကူအညီပေးဖို့ မေတ္တာရပ်ခံကြောင်း တရုတ်အတွက် ငွေရှာမပေးရင် ထပ်ပြီးနှိပ်စက်ခံရမှာဖြစ်ကြောင်း RFA လာအိုဌာနကို ပြောဆိုကြပါတယ်။
သူတို့ရဲ့မိဘတွေကလည်း “ကျွန်မတို့သားတွေကို မတ်လ ၃ ရက်နေ့မှာ လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်၊ ကျွန်မတို့ကလည်း သူတို့အိမ်ပြန်လာမယ့်အချိန်ကို စောင့်စားနေခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီနေ့က မျှော်လင့်သလိုဖြစ်မလာဘဲ ကုန်ဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA လာအိုဌာနက လာအိုသံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာအစိုးရက ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ ဒီလူငယ်တွေရဲ့ အမည်နဲ့ လက်ရှိ သူတို့ရောက်နေတဲ့နေရာတွေကို မြန်မာအရာရှိတွေထံ ထပ်မံပေးပို့ကြဖို့ ပြောဆိုပါတယ်။
DKBA ထိန်းချုပ်နယ်မြေထဲက တရုတ်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်သမားတွေ ပိတ်လှောင်အလုပ်ခိုင်းစေခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA (ဆုံဆည်းမြိုင်) ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောစိန်ဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ RFA ကို အခုလိုပြောပါတယ်။
"အဲ့လိုမျိုး အဲ့ဒီမှာ ရောင်းစားခံရတယ် ဘာညာ၊ တစ်ချို့က သံရုံးကနေ ချိတ်ဆက်လာတာ၊ တစ်ခြားလူတွေရှိတယ်၊ အဲ့လိုမျိုးကျတော့ နာမည်မေးတယ်၊ ကျွန်တော်တို့ သွားပြီးတော့ ညှိနှိုင်းပြီးတော့ ထုတ်ယူပေးတာတော့ ရှိခဲ့ဖူးပါတယ်၊ ကျွန်တော်ကြားသလောက် အခု ကိုယ့်အဖွဲ့လူက မြေနေရာငှားတာ လောက်ပဲရှိတယ်၊ အဲ့လိုမျိုး သူတို့လုပ်ငန်းကို ဘာမှ ထဲထဲဝင်ဝင် ဝင်ပါတာ မကြားဘူး"
လက်ရှိ ဒီကိစ္စတွေ DKBA နယ်မြေထဲမှာ ဖြစ်နေတယ်ဆိုပေမယ့် စစ်ရေးလှုပ်ရှားနေတဲ့ အောက်ခြေက ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် စစ်ကောင်စီတပ်ကပါ ပါဝင်ပတ်သက်တာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောပါတယ်။
"DKBA နယ်မြေမှာ ဖြစ်တော့ DKBA ခေါင်းစဉ်နဲ့ ဖြစ်နေတာပါပဲ၊ အဲ့လိုအခြေအနေရှိတယ်၊ ဘယ်လိုပြောမလဲ ဒီအဖွဲ့တွေအားလုံးကို သူက မပေးရဘူးဆိုရင် သူလည်း ဒုက္ခရောက်မဲ့ သဘောရှိတာပေါ့၊ ဒီကျောက်ခက်ကလည်း BGF လည်း ဝင်ထွက်တယ်၊ စစ်တပ်လည်း ဝင်ထွက်တယ်၊ KNU လည်း ဝင်ထွက်တယ်၊ DKBA လည်း ဝင်ထွက်တယ် အဲ့လိုမျိုး"
လက်ရှိမှာ ကျောက်ခက် Kosai ကာစီနိုလောင်းကစားနေရာတွေမှာ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အီသီယိုးပီးယားနဲ့ ယူဂန်ဒါ စတဲ့ နိုင်ငံတွေက လူကုန်ကူးခံထားရသူ သုံးထောင်လောက်အထိ ရှိနေတယ်လို့ အဲဒီလုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့သူ သုံးဦးထက်မနည်းကို RFA က ဆက်သွယ်မေးမြန်းချက်တွေအရ သိရပါတယ်။
မြဝတီမြို့နယ်အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ နိုင်ငံခြားသားတွေ ပိတ်လှောင်ခိုင်းစေခံနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အခုလို နိုင်ငံခြားသားတွေ လူကုန်ကူးခိုင်းစေခံနေရတာတွေကို DKBA တပ်ဖွဲ့အနေနဲ့ ဖြေရှင်းဆောင်ရွက်မှုအခြေအနေကို မေးမြန်းရာမှာ ဗိုလ်မှူးကြီး စိန်ဝင်းက အခုလို ပြောပါတယ်။
"ကျွန်တော်တို့လည်း အဲ့ဒီကိစ္စက၊ ဝင်မစွက်ဘူး၊ ဘာမှလည်း မမေးဘူး၊ ဘာမှလည်း ပိုက်ဆံမတောင်းဘူး၊ ဒီဥစ္စာတွေက ပြောမယ်ဆိုရင် DKBA ဧရိယာမှာ ရှိနေလို့ ပြောတယ်ဆိုပေမဲ့လည်း အဲ့ဒီကျွန်တော် ကြားသလောက်ကတော့ စစ်တပ်က ပိုက်ဆံတောင်းချင်ရင် ပိုက်ဆံတောင်း၊ BGF လည်းတောင်း အကုန်လုံး တရုတ်ဆီက ဝိုင်းတောင်းနေကြတာပဲ"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ အခု မတ်လ ၂၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်တွေ မြဝတီမြို့အနီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမဲ့ DKBA၊ KNU နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုနယ်မြေ မြဝတီမြို့က ကာစီနိုလုပ်ငန်းနေရာတွေကိုတော့ ဝင်ရောက်ဖမ်းဆီးတာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတာမျိုး ဒီကနေ့အထိ မရှိသေးပါဘူး။