နေရပ်ပြန်ချင်တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်များ


2018.11.19
hindu-refugees-in-bangladesh-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တချို့ကို တွေ့ရစဉ်
Photo: AFP

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ဟာ နေရပ်ကို အမြန်ဆုံး ပြန်လာလိုတဲ့အကြောင်း မြန်မာအစိုးရကို ဆက်သွယ်ပြောဆိုမှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပေးထားတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေရပ်ပြန်ချင်တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်များ
(သီရိမင်းဇင်)

■ ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်ပို့မယ့် ဒုက္ခသည်တွေထဲမှာ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေ ပါဝင်ခြင်း မရှိသေးပေမယ့် ဟိန္ဒူဒုက္ခသည်တွေကတော့ သူတို့အနေနဲ့ နေရပ်ကို ပြန်လာချင်နေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းတုန်းက မြန်မာအစိုးရ တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး နှစ်နိုင်ငံ အကြား ပြန်လည်လက်ခံရေးကိစ္စတွေကို ဆွေးနွေးခဲ့ချိန်မှာ အဲဒီကိုရောက်နေတဲ့ ဟိန္ဒူဘာသာဝင်တွေက သူတို့သဘောဆန္ဒ ကို ပြောခဲ့ကြတာလို့ သိရပါတယ်။

အဲဒီခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ တစ်ခေါက် ၂၈၊ ၂၉ ၊ ၃၀၊ ၁ ရက် အဲမှာ ကျနော်တို့ နှစ်နိုင်ငံအစည်းအဝေး သွားခဲ့တာပေါ့၊ အဲဒီတုန်းကတော့ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ဟိန္ဒူခေါင်းဆောင်တွေပေါ့ တွေ့ခဲ့တယ်၊ သူတို့ကတော့ အမြန်ဆုံးပြန်လာချင်တယ်ပေါ့၊ အဲဒီမှာ ကျနော်တို့ အဖွဲ့ခေါင်းဆောင်က နိုင်ငံခြားရေး ဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်သူလေ၊ သူကတော့ ပြန်လာလို့ရအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ပြောတာပေါ့၊ နောက်နေ့ အစည်းအဝေးမှာလည်း နောက်တစ်သုတ်မှာလည်း အတတ်နိုင်ဆုံး ဟိန္ဒူ ၄၀၀ ကျော်ထည့်ပေးဖို့ အဲဒါလေးတော့ ပြောခဲ့တယ်"

ရခိုင်ပြည်နယ်မှာ ၂၀၁၆ သြဂုတ်လတုန်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဟိန္ဒူဘာသာဝင် စုစုပေါင်း ၄၃၈ ယောက် ရှိပါတယ်။

နိုဝင်ဘာလ ၁၅ ရက် နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူ က ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင်တွေက အမြန်ဆုံးပြန်လာလိုကြောင်း၊ ၂၀၁၆-၁၇ အာဆာအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကတော့ ပြန်လာချင်မှာ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေအိမ်တွေ၊ ဆွေမျိုးတွေ၊ လယ်ယာနဲ့ ငါးဖမ်းစက်လှေတွေ ပိုင်တဲ့သူတွေ စီးပွားရေးလုပ်ငန်းရှိတဲ့သူတွေက တော့ ပြန်လာချင်ကြကြောင်း ပြောကြားခဲ့ပါတယ်။

အခုလက်ရှိ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်ပို့မယ့် ဒုက္ခသည်စာရင်းတွေထဲမှာ အားလုံးက မွတ်စလင် ဒုက္ခသည်တွေသာ ဖြစ်ပါတယ်။

ပြန်ပို့မယ့်စာရင်းထဲမှာ ဟိန္ဒူ ဒုက္ခသည်တွေ ပါဝင်ခြင်းမရှိတာနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကတော့ မြန်မာအစိုးရဘက်က ဒီဟိန္ဒူတွေဟာ မြန်မာပြည်မှာ နေထိုင်ခဲ့သူတွေဖြစ်ကြောင်းနဲ့ ပြန်လက်ခံမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က အစောပိုင်း ၂၀၁၈ မတ်လတုန်းက ပြောထားတာ ရှိပါတယ်၊ ၁၂၂၂ ယောက်က အရင်ဆုံး မြန်မာဘက်ကနေ လက်ခံမယ်ဆိုပြီးတော့ ပို့ထားတာ၊ အဲဒီမှာ ဟိန္ဒူ ၄၄၀ ကျော်၊ မွတ်စလင်က ၇၀၀ ကျော်လား ပါတယ်"

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က ဟိန္ဒူဘာသာဝင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပထမဆုံးအသုတ်မှာ ထည့်မပို့ချင်တဲ့အတွက် ညှိနှိုင်းထားရတယ်လို့ ပြောပါတယ်။

"ဟိန္ဒူဘာသာဝင်တွေက သူတို့ပြန်ချင်တယ် ကျနော်တို့ဘက်ကို ဆက်သွယ်ပြီး အကြောင်းကြားတယ်၊ သူတို့ကတော့ ပထမဆုံးအနေနဲ့တော့ ပြန်မပို့ချင်ဘူး၊ ပထမအသုတ် ပြန်ပို့ပြီးရင် သူတို့ပြန်လွှဲပေးမယ်လို့ ပြောထားတာရှိပါတယ်၊ ဒီ ၂၂၆၀ ပြီးရင်တော့ ပို့ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်"

ဒါ့အပြင် ဟိန္ဒူတွေ အခုလို အမြန်ဆုံးပြန်လာချင်ကြောင်း ပြောကြတာဟာ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ရတာ အခက်အခဲရှိနေတာကြောင့်များလားလို့ ခန့်မှန်းမိကြောင်း ဦးစိုးဟန် က ပြောပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေဘက်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးအကြောင်းပြချက်ကြောင့် ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒီအပေါ်မှာတော့ တစ်ဘက်မှာ ရောက်နေတဲ့ ဟိန္ဒူတွေနဲ့ အဆက်အသွယ်ရှိတဲ့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမော် က အခုလို ပြောပါတယ်။

"အဲဒီနိုင်ငံမှာလည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးတာ၊ ထောက်ပံ့စာရတာတော့ ကျေးဇူးတင်တယ်၊ ဟိန္ဒူထုံးစံမှာက မွေးရပ်ဒေသမှာ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် သေချင်တယ်၊ အဲလိုဆို ဘာသာရေး နဲ့လည်း ဆန့်ကျင်မှု မရှိတော့ဘူးပေါ့နော်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ပထမအသုတ်အနေနဲ့ ပြန်လက်ခံမယ်ဆိုပြီး မူလက စီစဉ်ထားခဲ့တဲ့ ၂၂၀၀ ကျော်ထဲမှာလည်း ဟိန္ဒူဘာသာဝင်တွေ တစ်ယောက်မှ မပါဝင်ပါဘူး။

ပြန်ဝင်လာမယ့်နေ့မှာပဲ ဒုက္ခသည်တွေဟာ ပြန်မလာချင်ကြောင်း ဆန္ဒပြခဲ့တာအပါအဝင် တစ်ခြား အကြောင်း အမျိုးမျိုးကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို လာမယ့် ဒီဇင်ဘာလကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အဲဒါကြောင့် နေရပ်ကို အမြန်ဆုံးပြန်လာချင်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာလည်း ဒုက္ခသည် ပထမအသုတ် လွှဲပြောင်းပြီးမယ့်အချိန်အထိ စောင့်ဆိုင်းနေကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူတချို့ကတော့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ်ဆိုတဲ့စာရင်းထဲမှာ အမှန်တကယ်ပြန်လာချင်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဦးစားပေးအနေနဲ့ မပါဝင်တာကို ထူးခြားစွာတွေ့ရတယ်လို့ သုံးသပ်တာလည်း ရှိပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။