စစ်တွေရောက်ဟိန္ဒူတွေ မောင်တောပြန်ပို့ခံရမှာ စိုးရိမ်နေ
2019.01.25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ ဟိန္ဒူတွေဟာ သူတို့ကို မူရင်းဒေသ အဓမ္မပြန်ပို့မယ်ဆိုရင် မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ၂ဝ၁၇ သြဂုတ်လ အာဆာအကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး
စစ်တွေမြို့ကို လာရောက်ခိုလှုံနေထိုင်တဲ့ ဟိန္ဒူအိမ်ထောင်စု ၂၁ စုက သူတို့ကို မောင်တောမြို့နယ်ပြန်ပို့ဖို့
အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အသနားခံစာတစောင်ကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။
အဲဒီစာမှာ မောင်တောကိုပြန်သွားရင် လုံခြုံရေး စိတ်မချရတဲ့အတွက် စစ်တွေမှာပဲနေထိုင်လိုကြောင်း ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ ဟိန္ဒူများကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံ ဦးရာဂူးနေမြင့်က ဒီဟိန္ဒူတွေဟာ အကြမ်းဖက်မွတ်စလင်တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို အစိုးရသက်သေတွေအဖြစ် ထုတ်ဖေါ် ပြောဆိုခဲ့သူတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
လူဦးရေ စုစုပေါင်း ၆၈ ယောက်ရှိတယ်။ အဲဒီလူတွေက ဖြစ်စဉ်အားလုံးကို အဓိကပြောပြထားသူတွေဖြစ်တယ်။ သူတို့အသက်အန္တရာယ်က အရမ်းကြီးတယ်ဗျာ။ သူတို့ကို တဖက်ကနေ ဖုံးဆက်ခြိမ်းခြောက်နေတာတွေလည်း ရှိတယ်။ အဲဒါကတကြောင်း၊ နောက်တချက်ကလည်း မိသားစုဝင်တွေ၊ တရွာလုံးလိုလို အသတ်ခံခဲ့ရတဲ့နယ်မြေမှာလည်း သူတို့က ပြန်ပြီး မနေချင်တော့ဖူး။
အဲဒီ ဟိန္ဒူမိသားစုဝင်တဦးဖြစ်တဲ့ ဦးနီမော်က သူတို့ပြန်သွားရင် လုံခြုံမှုမရှိနိုင်ဖူးလို့ ပြောပါတယ်။
“၂ဝ၁၇ သြဂုတ်လဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျနော်တို့က အစစအရာရာ အမှန်တရားကို ဖေါ်ထုတ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ အဲဒီနေရာမှာ သွားပြန်နေဖု့ိ အသက်အန္တရာယ်ရှိနေတယ်။”
နောက်တဦးဖြစ်တဲ့ ဦးအာချိကိုမာကလည်း မွတ်စလင်တွေ အကြမ်းဖက်မှာကို သူတို့ စိုးရိမ်ရကြောင်း ပြောပါတယ်။
“ ကျနော်တို့ တရွာလုံးသေသွားတယ်။ မိသားစုတွေလည်း သတ်ဖြတ်ခံရတယ်၊ ရတနာပစ္စည်းတွေ အိမ်တွေ အကုန် ပျက်စီးဆုံးရှုံးတယ်။ အဲဒီ သတ်သွားတဲ့လူတွေကိုတောင်မှ အခုထိသက်ဆိုင်ရာက ရှာလို့ မတွေ့သေးဖူးဗျ။ အဲဒီ နေရာမှာသွားနေမယ်ဆိုရင် အဆိုးဆုံးနေရာတွေဖြစ်မှန်း သိသိနဲ့ ကျနော်တို့ မသွားရဲဖူးဗျာ။ အခုလည်း မောင်တောမှာ မွတ်စလင် အပြည့်ပဲ။”
ဒီပြသနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ
“ကျနော်တို့ မြေပြင်အခြေအနေကို ကြည့်ပြီးတော့ အစိုးရနဲ့ ဒေသအာဏာပိုင်တွေနဲ့ လုံခြုံရေးအရ ပြန်ပြီးကြည့်ရမယ့် အပိုင်း ရှိမှာပေါ့ဗျာ။ လုံခြုံရေးအရလည်း အဆင်ပြေမယ့်နေရာဖြစ်ရမယ်၊ သူတို့ရဲ့ ဆန္ဒနဲ့လည်း ညီညွတ်တဲ့နေရာဖြစ်ရမယ်။ ဒီလို ညှိရမှာပေါ့။”
အဲဒီ ဟိန္ဒူတွေထဲမှာ သူမရဲ့ မိသားစုဝင် ၂ဝ ကျော်ကို မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်ခံခဲ့ရတဲ့ ခမောင်းဆိပ်ရွာက အမျိုးသမီးတဦးလည်းပါဝင်ပါတယ်။ သူမနံမည်က မရှော်ရော် ရှော်တီပါ။
“ကျမတို့ မိသားစုက ၂၃ ယောက်အသတ်ခံရတယ်။ ကျမ ယောက်ခမ၊ ကျမ အစ်ကို၊ ကျမ အမရယ် ညီမရယ်၊ အားလုံးပါပဲ။ ကျမတို့ ခမောင်းဆိပ်မှာ ရဲစခန်းရှိပါတယ်။ အဲဒီ ရဲစခန်းနားမှာ ကျမ အမေအိမ်ရှိတယ်။ ကျမ အဲဒီ အချိန်က အဲဒီ အိမ်ကို သွားလည်နေလို့ ကျန်ခဲ့တာပါ။ အဲဒီအချိန်က အင်မတန် ဒုက္ခရောက်တယ်။ စားလို့မရဖူး။ သောက်လို့ မရဖူး။ မွတ်စလင်လာရင် ပြေးရတယ်။ ကျမအမျိုးရှိတာအကုန် အသတ်ခံခဲ့ရတဲ့ နေရာကို ကျမတို့ လုံးဝ မပြန်ချင်ဖူး။”
ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးဝင်းမြင့်က ဒီဟိန္ဒူဒုက္ခသည်တွေကို အဓမ္မပြန်ပို့မှာ မဟုတ်ပါဖူးလို့ RFA ကို ပြောပါတယ်။
“အဲဒီတော့ သူတို့လုံခြုံရေးကလည်း ရှိသေးတော့ ကျနော်တို့က သူတို့ ဟိန္ဒူတွေ အချင်းချင်းရှိတဲ့နေရာမှာပဲ သူတို့ကိုနေရာချထားတာက ပိုပြီးသင့်တော်မယ်လို့ ပြောကြတာ။ နောက်ပြီးတော့ ဒါက ခဏပန်းမဟုတ်ဖူးလေ။ အမြဲတမ်းအတွက် စဉ်းစားရတာကိုး။ အဲတေ့ာ တသမတ်တည်းတော့ ပြောလို့ မရဖူးပို့နော်။ သူတု့ိရဲ့ သဘောထားလည်း ပြန်ပြီးတော့ မေးရမှာပါ။ သူတို့ကနေပြီးတော့ တကယ်တန်းလုံးဝ မလုံခြုံဖူးဆိုရင်တော့ ဒါ တမျိုးစဉ်းစားပြီးတော့ နေရာ ရှာရမှာပေါ့ ကျနော်တို့က”
ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားဒေသခံ ရခိုင်လူမျိုးတွေနဲ့ လူနည်းစုဖြစ်ကြတဲ့ မွတ်စလင်နဲ့ ဟိန္ဒူလူမျိုးတွေ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် ဆက်လက်ရင်ဆိုင်ရမယ့် ပြသနာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ဒီဟိန္ဒူတွေရဲ့ အခက်အခဲက သက်သေတခုအဖြစ် ပြသနေပါတယ်။