နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်ကို စစ်ကောင်စီချိုးဖောက်နေ
2022.11.01

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်းသဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်းဆိုတာ နိုင်ငံတကာသံတမန်ရေးရာဆွေးနွေးပွဲတွေက ပေါက်ဖွားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်မက်အတွင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လူသားဆန်ဆန်ဆက်ဆံဖို့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေဖြစ်ပါတယ်။
“စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ နှစ်ဖက်လက်နက်ကိုင်တွေကလည်း လက်နက်ကိုင်ပဋိပက္ခမှာ တိုက်ရိုက် မပတ်သက်တဲ့ သာမန်အရပ်သားတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေကို အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်“
ဂျီနီဗာဂျီနီဗာကွန်ဗန်းရှင်းရဲ့ ရည်ရွယ်ချက်ကို ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက အကျဉ်းချုပ်ပြောပြတာကတော့ ...
“ဂျီနီဗာကွန်ဗန်းရှင်းက စစ်မက်ဖြစ်တဲ့ဒေသတွေ၊ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားတဲ့အခါတွေမှာ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေ၊ ကျောင်းသားတွေ ၊ ဝန်ထမ်းတွေစတဲ့ လူတွေကို အကာအကွယ်ပေးဖို့၊ သုံ့ပန်းတွေ၊ ဒဏ်ရာရတဲ့ သုံ့ပန်းတွေ၊ဒဏ်ရာရတဲ့ လူတွေကို အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းထားတာ"
၁၈၆၄ မှာ ဂျီနီဗာကွန်ဗင်းရှင်း သဘောတူညီချက်တွေ စတင်လာပြီး ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှာ ခေတ်နဲ့ ညီအောင်မွမ်းမံထားပါတယ်။
ပြောရမယ်ဆိုရင် ဂျီနီဗာကွန်ဗန်းရှင်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ လူသားတွေအပေါ် ပြုမူဆက်ဆံရမယ့် နိုင်ငံတကာစံနှုန်းတွေကို ရေးဆွဲပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တဲ့အခါ လက်နက်မကိုင်သူတွေလည်း ပစ်မှတ်ဖြစ်ရပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ညက ဖြစ်ရပ်က သိသာထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။
ကေအိုင်အေ တပ်မဟာ (၉) နယ်မြေမှာ ကေအိုင်အိုတည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ကြိုဆိုပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က ဂျက်လေယာဉ်သုံးစင်းနဲ့ လေကြောင်းကနေတိုက်ခိုက်တဲ့အခါ စစ်ဘက်နဲ့မဆိုင်သူတွေလည်း သေဆုံးသူတွေထဲ ပါဝင်တာကို ကချင်နိုင်ငံရေး စောင့်ကြည့်သူတစ်ယောက်က ....
“ညမှာ ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့်အကြိုအခမ်းအနားဆိုပေမယ့်လည်း ဒီမှာတက်ရောက်လာတာကတော့ ကချင်ပြည်သူလူထုတွေ ပါနေတယ်။ ဒီစစ်တပ်ကနေပဲ မဟုတ်ဘဲနဲ့ ပြည်သူလူထုတွေလည်းပါနေတယ်။ ဒါကြောင့် ပြည်သူထူတွေ သေကြေပျက်စီးတဲ့ဟာမျိုးတွေ ဖြစ်နေတယ်”
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်ပွားလာတဲ့ စစ်အေးတိုက်ပွဲတွေမှာ နိုင်ငံချင်းဖြစ်ပွားတဲ့ စစ်ပွဲထက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခက ပိုများလာတာကို ခြုံငုံမိစေဖို့ ဂျီနီဗာကွန်ဗန်းရှင်းတွေကို အထောက်အကူပေးမယ့်နောက်ဆက်တွဲ သဘောတူညီချက်တွေကို နိုင်ငံတကာညီလာခံတွေမှာ အတည်ပြုပါတယ်။ ၁၉၇၇ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဒုတိယနောက်ဆက်တွဲသဘောတူညီချက်ဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်ပါတယ်။
ဒါကို ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ....
“ဂျီနီဗာကွန်ဗန်းရှင်းရဲ့ နောက်ဆက်တွဲ ဒုတိယကျင့်ဝတ်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စ၊ လက်ယက်ကုန်းမှာ ဖြစ်တဲ့ ကိစ္စတွေဆို ဂျီနီဗာကွန်ဗန်းရှင်းကို အတိအလင်း ချိုးဖောက်ထားတာဖြစ်ပါတယ်"
ဒီအတွက်လည်း ....
“ဒါကြောင့်မို့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်တဲ့သူတွေအားလုံးက ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာပြီးတော့ လူကိုလူလို ဆက်ဆံကြဖို့ အရေးကြီးပါတယ်။ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ နှစ်ဖက်လက်နက်ကိုင်တွေကလည်း လက်နက်ကိုင်ပဋိပက္ခမှာ တိုက်ရိုက် မပတ်သက်တဲ့ သာမန်အရပ်သားတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေကို အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ကိုလည်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လူသားဆန်ဆန်ဆက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီလိုလူသားဆန်ဆန်မဆက်ဆံရင် ဂျီနီဗာကွန်ဗန်းရှင်းကို အတိအလင်း ချိုးဖောက်တယ်လို့ ပြောရပါမယ်”
ဒီလိုချိုးဖောက်တာတွေဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ သတ်မှတ်ပါတယ်။ ဖောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံတွေလည်း ကုန်သွယ်ရေးအရ ပိတ်ဆို့ခံရ ဒါမှမဟုတ် တခြား စီးပွားရေးအရ တုံ့ပြန်ဆောင်ရွက်ခံရပါတယ်။