လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အထည်ချုပ်လုပ်ငန်းတွေ အခက်အခဲတွေ့နေရ
2021.02.25
CMP လက်ခစားအထည်ချုပ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်ပအပ်ထည်တွေ ဆုံးရှုံးခဲ့ရတာ ကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေခဲ့ရပြီး ကာကွယ်ဆေးရောင်ခြည်သန်းမှုကြောင့် အထည်ချုပ်လုပ်ငန်း တွေက အပ်ထည်တွေပြန်ရမယ့်အခြေအနေမှာ စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်ပအပ်ထည်တွေ ပြန်လည် ဆုံးရှုံးသွားကြပြီဖြစ်ပါတယ်။
လက်ခစားအထည်ချုပ်လုပ်ငန်းတွေမှာ ပြည်ပအပ်ထည်တွေ ရသလောက်လက်ခံထားကြပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေအရ အဲဒီအပ်ထည်တွေကို အချိန်မီချုပ်လုပ်ပေးနိုင်ရေး အခက်အခဲတွေရှိနေတာဖြစ် ပါတယ်။
အပ်ထည်အချိန်မီပေးနိုင်ဖို့ လုပ်သားအင်အား မလုံလောက်တဲ့ ပြဿနာကြောင့် ဝန်ထမ်းလစာပေးဖို့အတွက်ပါ အခက်တွေ့နေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ယဉ်ယဉ်မိုးက ပြောပါတယ်။
“အထည်ချုပ်မှာ ထုတ်လုပ်ရေးက ပျက်သွားပြီ။ ကလေးတွေက လာတစ်ရက် မလာတစ်ရက်နဲ့ ဆိုတော့ လိုင်းထဲမှာ ထုတ်လုပ်ရေး ပျက်သွားပြီ။ ပြီးပြီးသားတွေကို တင်ပို့ဖို့ကလည်း အခုပို့မရတော့ ဒီလိုပဲ ပုံးတွေ ရိုက်ပြီးစောင့်နေရတယ် တင်လို့ရမယ့်အချိန်ကို အဲချိန်မှာ လစာထုတ်ဖို့ကနီးလာပြီ ပစ္စည်းကမတင်ရ တော့ ငွေတောင်းခံဖို့ကလဲ အဆင်မပြေ ဟိုဘက်က ငဲ့ညာပြီး ပေးလိုက်ပေမယ့် ဒီဘက်က ထုတ်လို့မရတဲ့ အခြေအနေနဲ့ဆိုတော့ ဒီလလစာပေးဖို့ တော်တော်ခက်ခဲတဲ့အခြေအနေ ဖြစ်သွားပြီ”
ကုန်ကြမ်းရဖို့ အခက်အခဲ၊ လုပ်ငန်းခွင်မှာ ပျက်ကွက်ဝန်ထမ်းတွေကို ထိန်းချုပ်ဖို့အခက်အခဲ၊ အလုပ်သမား မလုံလောက်တဲ့ အခက်အခဲတွေကြောင့် လက်ခံထားပြီးသား အပ်ထည်တွေကို အချိန်မီ ပြန်တင်ပို့နိုင်ရေး အတွက်လည်း အခက်အခဲတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
အဲဒီလို အပ်ထည်အချိန်မီမပေးနိုင်တဲ့ အခြေအနေတွေကြောင့် ထပ်မံရရှိမယ့်အပ်ထည်တွေ ဆုံးရှုံးသွားရပြီး လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက လုပ်ငန်းရှင်တွေဆီ လွှဲပြောင်းပေးလိုက်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ အထည်ချုပ်စက်ရုံ တစ်ထောင်ကျော်ပြီး CMP လက်ခစားအထည်ချုပ်ဝန်ထမ်းက ငါးသိန်း ကျော်ရှိနေတာဖြစ်ပါတယ်။
ဒီဝန်ထမ်းတွေဟာ လက်ရှိမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်နေကြတာဖြစ်ပြီး ဒီအခြေ အနေတွေကို နိုင်ငံတကာကလည်း သိနေပြီဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိနိုင်ငံရေးအခြေအနေကို ပြည်ပကအပ်ထည်လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြောဆိုထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။
“စစ်တပ်က အာဏာသိမ်းတာကို အထည်ချုပ်အလုပ်သမားတွေက လက်မခံဘူး၊ ဆန္ဒပြပွဲတွေမှာ ပါဝင် ချင်တယ်၊ အလုပ် မသွားကြဘူး၊ ကျမတို့ CTUM အနေနဲ့ ဟိုဘက်က အထည်ချုပ်မှာရှိတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေနဲ့ စကားပြောတဲ့အခါ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်၊ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့်ရှိတယ်။ အဲဒါတွေကို သွေဖယ်မှာမဟုတ်ဘူးလို့ ပြောထားတာရှိတယ်။ ဘရမ်းမဟုတ်တဲ့ အခြားဟာတွေကတော့ မပြောတတ်ဘူး”
အထည်ချုပ်လုပ်ငန်းရှင်တွေဘက်မှာလည်း အပ်ထည်အချိန်မီ မပြီးစီးနိုင်တာမို့ ငွေတောင်းခံရာမှာ အခက်အခဲ တွေရှိနေပြီး ဝန်ထမ်းတွေလစာပေးဖို့ ခက်ခဲနေကြရပါတယ်။
အထည်ချုပ်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ အခက်အခဲတွေနဲ့ အခြားအခက်အခဲ တွေကို ဖြေရှင်းပေးဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ဦးထွန်းထွန်း က ပြောပါတယ်။
“ရှိထားတဲ့အော်ဒါကိုပဲ စုစည်းလုပ်နေရတယ်၊ ကိုဗစ်နဲ့ တချို့ကလေးေတွေက အခုအခြေအနေနဲ့ဆိုတော့ သူတို့အိမ်က ပြန်ခေါ်သွားတာတွေရှိတယ်၊ လုပ်သားအင်အားကတော့ အပြည့်အဝမရှိဘူး၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကတော့ လုပ်ပေးမယ်ပြောတယ်၊ မြန်မာ့ဆိပ်ကမ်းတို့ စီးပွားကူးသန်းတို့ကတော့ ပုံမှန် ပြန်ဖြစ်လို့ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကြားတယ်”
ဒီလိုပြဿနာတွေ ဖြေရှင်းဖို့အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၂၉ ဇုန်ရဲ့ ဥက္ကဋ္ဌတွေ၊ CMP အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနဲ့ UMFCCI က တာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီမှာ Zoom မီတင် အစည်းအဝေး လုပ်ခဲ့ကြ ပါတယ်။
လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေလစာပေးရေး ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားသွားတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။
“လကုန်ရင် အလုပ်သမားတွေကို လခပေးရတော့မှာ၊ ဒီလခထုတ်ဖို့ ဘဏ်တွေက CDM လုပ်နေတော့ လုပ်ငန်းရှင်တွေက ပုဂ္ဂလိက ဘဏ်တွေမှာပဲအပ်ထားတာ၊ အချို့က လကုန်တာနဲ့ပေးတယ်၊ CMP ကတော့ ၅ ရက် ၆ ရက်မှာပေးတယ်၊ ဒီရက်မှာ မရတာ ကိစ္စမရှိဘူး နောက်တစ်ပတ်ထဲမှာ ရဖို့လိုတယ်ပေါ့၊ အဲဒီ ကိစ္စကို ဘဏ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောလာတာ”
ရန်ကုန်တိုင်းမှာ အထည်ချုပ်စက်ရုံ ၁၀၀၀ ကျော်ရှိတဲ့အနက် ကိုဗစ်ကာလမှာ စက်ရုံပေါင်း ၃၆၀ ကျော် ပိတ်သိမ်းလိုက်ရပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် ဆန္ဒပြလိုကြတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်ရယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ယာယီပိတ်သိမ်းလိုက်ရတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။
ရွှေလင်ဗန်း စက်မှုဇုန်မှာတော့ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်နဲ့ ယာယီပိတ်ထားတဲ့ စက်ရုံ ရှစ်ရုံ ရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုုပ်နှံမှုတွေက ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံ ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ စလုပ်နေပြီဖြစ်တာကြောင့် စီးပွားရေးအပေါ် သက် ရောက်မှုတွေရှိလာနိုင်တယ်။ မြန်မာမှာ အမေရိကန် ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Coca-Cola, Mastercard, Ford Motor စတာတွေရှိပြီး ၂၀၁၆ ခုနစ်တည်းကစပြီး အမေရိကန်ဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ ၃၂၆.၅ မီလီယံ ရင်းနှီးမြှုုပ်နှံထားပါတယ်။ ၂၀၂၀ မှာ နှစ်နိုင်ငံကြားက ကုန်သွယ်မှုဟာ ဒေါ်လာ ၁.၃ ဘီလီယံ ရောက်လုနီးဖြစ်တယ်။ ပြောရရင် ၂၀၂၀ ခုနစ် မြန်မာနိုင်ငံရဲ့ စုစုပေါင်းကုန်သွယ်မှု ၃.၅ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
ဂျပန်ကုမ္ပဏီဖြစ်တဲ့ Kirin တောင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်သလို အမေရိကန်ကုမ္ပဏီ တွေကလည်း စောင့်ကြည့်နေပြီဖြစ်တယ်။ NPR သတင်းဌာနမှာ ဖော်ပြချက်အရ Coca Cola တို့ Mastercard တို့လို ကုန်အမှတ်တံဆိပ်တွေကလည်း မြန်မာနိုင်ငံရဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နေပြီး သူတို့ဝန်ထမ်းတွေရဲ့ လုံခြုံမှုကို အဓိကထား စောင့်ကြည့်နေတယ်လို့ ဖေဖော်ဝါရီလ ပထမအပတ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ IMF ရဲ့ အချက်အလက်တွေအရတော့ ၂၀၂၀ မှာ စင်္ကာပူနိုင်ငံက မြန်မာ့ရင်းနှီးမြှုုပ်နှံမှုတွေမှာ အများဆုံးပါဝင်ခဲ့တဲ့ ရင်းနှီးမြှုုပ်နှံသူဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုက အာရှက (စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင် စီးပွားရေးလုပ်ငန်းတွေ) အလုံးအရင်းဝင်တာဖြစ်တဲ့အတွက်ကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုက အတိုင်းအတာတစ်ခုထိသာ ဖြစ်နိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။
World Bank ရဲ့ လတ်တလော နောက်ဆုံးအချက်အလက်တွေအရဆိုရင် ဒီ ၂၀၂၁ ခုနစ်ဘဏ္ဍာနှစ်မှာ စီးပွား ရေးက ၂ ရာခိုင်နှုန်းပဲ တိုးတက်ပြီး ၂၀၁၉ နှစ်ကုန်မှာ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၂.၄ ရာခိုင်နှုန်းပဲ ရှိရာကနေ ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါကြီးမဖြစ်ခင်မှာ စိုက်ပျိုးရေး၊ သဘာဝဓာတ်ငွေ့၊ ရေနံဆီ၊ အဝတ်အထည်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေကို မှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကပ်ရောဂါမဖြစ်ခင်တုန်းက ၂၀၁၉ - ၂၀၂၀ မှာ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် World Bank ရဲ့ အချက်အလက်တွေအရ ဝ.၅ ရာခိုင်နှုန်းပဲ တိုးတက်တယ်လို့ သိရပါတယ်။