နွယ်အေး စွန္နီဂျာမေဗလီ လူမှုရေးအသင်းက အစားအစာ နေ့စဉ်လှူဒါန်း

သန့်ဇင်ဦး
2020.10.12

ကပ်ဘေးကာလမှာ ဘာသာရေးအဆောက်အအုံတွေကို ပိတ်ထားပေမယ့် ရန်ကုန်က ဗလီတစ်ခုမှာတော့ လူတချို့က နေ့စဉ်နေ့တိုင်း အလုပ်များနေကြပါတယ်။ နေရာကတော့ ဒေါပုံမြို့နယ် နွယ်အေး စွန္နီဂျာမေဗလီမှာပါ။

ဗလီရဲ့ လူမှုကူညီရေးအသင်းဝင်တချို့က  အိုးကြီးအိုးငယ်တွေနဲ့ အလုပ်များနေပြီး တချို့ကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင်  ချက်ပြုတ်စီစဉ်ထားတဲ့ အစားအစာတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန့်သတ်စောင့်ကြည့်ရေးစခန်းတွေကို အဆက်မပြတ် ပို့ဆောင်ပေးနေပါတယ်။

ဒီအစီအစဉ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း အရှိန်တက်လာချိန် စက်တင်ဘာ လလယ်ပိုင်းကတည်းက အစပြုခဲ့တာ အခုဆိုရင် အစားအစာ သွားရောက် လှူဒါန်းရတဲ့နေရာ ပိုမိုများပြားလာပြီလို့  အသင်းရဲ့ အတွင်းရေးမှူး ဦးဇော်မင်းလတ်က  ပြောပြပါတယ်။

"ဟာလာလ်(Halal food) စားချင်တယ်ပြောတဲ့လူ မှန်သမျှကို ကျွန်တော်တို့ မည်သူဖြစ်ပါစေ အကုန်ပို့ပေးတယ်၊ လက်ရှိမှာလည်း သံဃာခြောက်ပါးရှိတယ်၊ သီလရှင် လေးငါးပါးရှိတယ်၊ နောက် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေကို ကျွန်တော်တို့ တောက်လျှောက်ဒီကနေပို့ပေးနေတယ်၊ ကျွန်တော်တို့ အစ္စလာမ်ဘာဝင်တွေ သီးသန့်ပို့ပေးတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ၁၃ ရက် ၉ လပိုင်းကနေ စပြီးတော့ လှူခဲ့တယ်၊ ယနေ့အချိန်ထိဆို ကွာရတင်းစင်တာပေါင်း ၇၅ နေရာ ရှိပါသွားပါပြီ၊ ကျွန်တော်တို့မှာ တစ်ရက်ကို ၂၆၀၀  ကျော် ၂၇၀၀  နီးပါး ဖြစ်လာပါပြီ တစ်ရက်ကို။"

လောလောဆယ်တော့ လူအယောက် ၁၃၅၀ စာအတွက် မနက်စာရော ညစာအတွက်ပါ ပို့ဆောင် လှူဒါန်းနေတာဖြစ်ပြီး တစ်ရက်ကို သိန်းနှစ်ဆယ်ဝန်းကျင် ကုန်ကျပါတယ်။ ရံပုံငွေကို နွယ်အေး စွန္နီဂျာမေဗလီ လူမှုရေးအသင်းက မတည်ထားတယ်၊  ရပ်ကွက်အတွင်း နေထိုင်သူတချို့၊ လုပ်ငန်းရှင်တချို့က အလှူငွေ ပုံမှန်ထည့်နေသလို ကပ်ဘေးကာလ အစားအစာဒါနပြုတဲ့ ဒီအစီအစဉ်အတွက် အလှူရှင် အသစ်တချို့ကလည်း ဆက်သွယ်လာတယ်လို့ ပြောပါတယ်။

ချက်ပြုတ်စီစဉ်ရေးအတွက် တစ်နေကုန် လုပ်အားပေးနေတဲ့ အဲဒီရပ်ကွက်ထဲ နေထိုင်သူ ဒေါ်လှမော်က နေ့လယ်စာနဲ့ ညစာ ထမင်းဟင်းအပြင် မနက်စာ အဆင်ပြေဖို့လည်း  ဆောင်ရွက်ပေးပါတယ်လို့ ပြောပါတယ်။

"အမဲသားမစားဘူးလို့ ပြောတဲ့သူတွေ ဆိုရင်လည်း ကြက်သားတို့ ကြက်ဥပြုတ်တို့ပေါ့ စားတယ်ဆိုလည်း သူတို့ဟိုကနေ လှမ်းပြီးဖုန်းဆက်လိုက်တာနဲ့ ဒီကနေ အဆင်သင့်လုပ်ထားပြီးသား၊ အဲဒီလိုမျိုး လုပ်ပေးထားတာ။ အဲဒါကြောင့် မစားဘူးဆိုတဲ့လူ မရှိရအောင်ပေါ့၊ ပန်းသီးဆို ပန်းသီး၊ ပေါင်မုန့်ဆို ပေါင်မုန့်၊ ကော်ဖီဆိုကော်ဖီ အဲဒီလိုမျိုး အကုန်လုံးထည့်ပေးတာ၊ အနည်းဆုံး အဲဒီအထဲမှာ ၁၃ မျိုးလောက်ပါတယ်၊ အစ္စလာမ်ဘာသာရယ်လို့တော့ မဟုတ်ဘူး၊ အကုန်လုံးကို လှူတာ၊ အယုတ်အလတ်အမြတ်မရွေး အကုန်သွားပို့တယ်၊ နေ့တိုင်းပဲ၊ ဒေါ်ကြီးတို့ဆိုရင် အကုန်လုံးက ညနေ ငါးနာရီခွဲ ခြောက်နာရီမှ ပြန်ကြရတာ။"

ကွာရတင်းစင်တာ ၇၅ နေရာကို အချိန်မီ ပို့ဆောင်လှူဒါန်းနိုင်ဖို့ ချက်ပြုတ်ရေး လုပ်ငန်းကို မိုးမလင်းခင်ကတည်းက အစပြုကြပါတယ်။

လုပ်အားပေးတစ်ယောက်ဖြစ်သူ ဦးကျော်သိန်းက ပင်ပမ်းပေမယ့် ကျေနပ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်က မနက်စာဆိုရင် ညနှစ်နာရီ ကတည်းကစပြီး လုပ်ငန်းစတယ်၊ မနက် ခုနှစ်နာရီခွဲဆို အပြီး၊ နေ့လယ်စာ ဆိုရင်တော့ ကိုးနာရီကနေ လုပ်ငန်းစတယ် တစ်နာရီခွဲဆို အပြီး၊ ညမနက် တာဝန်ယူထားပါတယ်၊ ဒီလို ချက်ပြုတ်ပေးပြီး ဒီလို မီးပူနားမှာ လုပ်ပေးရတာကို လုံး၀ ဂုဏ်ယူတယ်၊ ဝမ်းလည်းသာတယ်၊ ပျော်လည်း ပျော်တယ်။"

ကူးစက်မှု မြန်နှုန်းမြင့်နေတဲ့ ရန်ကုန်မြို့မှာ စောင့်ကြည့်စခန်းဝင်ရသူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ရေးက အရေးကြီးသလို နေ့စဉ် ပုံမှန် အာဟာရရှိရှိ စားသောက်ရေးကလည်း အရေးကြီးပါတယ်။ ဒီလို အခြေအနေမှာ နွယ်အေး စွန္နီဂျာမေဗလီရဲ့ လူမှုရေးအသင်းက အခုလို ကူညီနေတာပါ။

အတည်ပြုလူနာနဲ့ ထိတွေ့ဖူးသူ အများအပြား စောင့်ကြည့်စခန်းမှာ ရက်အတန်ကြာ နေထိုင်ကြရပြီး သူတို့တွေ အဟာရရှိရှိ စားသောက်နိုင်ဖို့ လိုအပ်ပါတယ်။

အသင်းရဲ့ Facebook စာမျက်နှာမှာတော့ အချိုရည်ဘူးအများအပြား သယ်ဆောင်လာတဲ့ပုံတပုံ တွေရပါတယ်။ အဲဒီအချိုရည်ဘူးတွေက စောင့်ကြည့်စခန်းဝင်နေသူတွေ၊ လူနာတွေအတွက် မဟုတ်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတဲ့ လုပ်အားပေးတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။  

လှူဒါန်းတဲ့ အစားအစာတွေအတွက်တော့ အသင်းမှာရှိတဲ့ဆရာဝန်တွေ၊ ကျန်းမာရေးဌာနက ဆရာဝန်တွေ အကြံပေးတဲ့အတိုင်း အာဟာရဖြစ်စေဖို့ စီမံပေးနေတယ်လို့ သိရပါတယ်။

အသင်းက ဖြန့်ဝေနေတဲ့ အစားအစာဘူးတွေမှာ “ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဒွန်တွဲလျက်ရှိသည်” ဆိုတဲ့ စာတန်း ကပ်ထားတာ တွေ့ရမှာပါ။

ထမင်းဘူးတွေထဲမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ ပူစီနံနဲ့ အစရှိတာတွေလည်း အစုံအလင် ပါဝင်တဲ့အပြင် တစ်ပတ် တစ်ခါလောက် ကြက်ပေါင်းရည်၊ ငှက်သိုက်စတာတွေပါ ထည့်ပြီး လှူဒါန်းတယ်လို့ အသင်းက ပြောပါတယ်။

"ကျွန်တော်တို့ ဒီအထဲမှာဆိုရင် ကြက်ဥပါတယ်၊ ညနေဘက်ဆို အသား ကြက်သားဟင်း၊ သံပုရာသီး၊ အာလူး၊ ဂေါ်ဖီပန်းကြော်၊ ပီးတော့ ရုံးပတီသီး၊ ဆလပ်ရွက်၊ ဂျင်း၊ ကြက်သွန်ဖြူ အကုန်လုံးပါတယ်၊ ကျွန်တော်တို့လမ်း ကြောင်းတွေ ခွဲထားတယ်၊ လက်ရှိ ကျွန်တော်တို့ပို့နေတာ ၇၅ နေရာရှိတယ်၊ ကားကပဲ ၁၅ စီးလောက်ရှိတယ်၊ သူ့လမ်းကြောင်းနဲ့သူပေါ့၊ လမ်းကြောင်းတစ်ခုကို ငါးနေရာဆို ငါးနေရာ၊ အဲလိုခွဲပြီးတော့ ကျွန်တော်တို့ လိုက်ပို့ပေးပါတယ်၊"

အောက်တိုဘာ ၅ ရက်နေ့ကတော့ စောင့်ကြည့်စခန်းတစ်ခုမှာ တာဝန်ကျတဲ့ သူနာပြု ဆရာမ နှစ်ယောက်ရဲ့ မွေးနေ့ဖြစ်တာကြောင့် အသင်းက မွေးနေ့ကိတ် စီစဉ်ပေးခဲ့ပါသေးတယ်။

သံဃာတော်တွေ၊ သီလရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးထဲက သက်သက်လွတ် စားချင်တာဖြစ်ဖြစ် ဆန်ပြုတ်နဲ့ အခြားစားချင်တာ တောင်းဆိုတာဖြစ်ဖြစ် စီစဉ်ပြီး လှူဒါန်းပေးတယ်လို့လည်း အသင်း အတွင်းရေးမှူးက ရှင်းပြပါတယ်။

"အရမ်းကောင်းပါတယ်၊ ကွာရတင်းစင်တာ ၇၅ နေရာစလုံးက ကျွန်တော်တို့ကို လိုလိုလားလားနဲ့ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးတယ်၊ ဆေးရုံအုပ်ကြီးတွေရော စေတနာ့ဝန်ထမ်းခေါင်းဆောင်တွေရော တော်တော်ကို အဆင်ပြေပါတယ်၊ သူတို့နဲ့ ကျွန်တော်တို့နဲ့ လုပ်ရကိုင်ရတာ၊ ကျွန်တော်တို့ကို အများကြီးကူညီပေးပါတယ်၊ သူတို့ကလည်း ကျွန်တော်တို့ကို လူစာရင်းလေး တက်လာရင် တက်လာပါတယ် ဆိုပြီးတော့ ပြောပါတယ်၊ သူတို့ပြောတဲ့စာရင်းကိုပဲ ကျွန်တော်တို့ သေချာ လိုက်လံ ပို့ဆောင်ပေးပါတယ်။"

ရွာတွေကြားထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ က တည်ဆောက်ခဲ့တဲ့ ဗလီမှာ စေတနာ့ဝန်ထမ်းအဖွဲ့  တည်ထောင်ထားတာ ၁၃ နှစ် ရှိပါပြီ။ ဒီနေရာမှာ ချက်ပြုတ်ထုတ်ပိုးပြီးရင်တော့ မြို့တွင်း မြို့ပြင်က စောင့်ကြည့်ရေးစခန်းတွေ တည်ရှိရာ ဟိုတယ်တွေ၊ အထက်တန်းကျောင်းတွေ၊ အရပ်ဘက်နဲ့ စစ်ဘက်က စင်တာတွေအပြင် တက္ကသိုလ်တွေ၊ ဆေးရုံတွေကိုပါ မော်တော်ယာဉ်တွေနဲ့ လိုက်လံ ပို့ဆောင်ပေးမှာပါ။

အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ (ကွာရတင်းစင်တာ) တွေက ပြည်သူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အကူအညီ တောင်းလာသူ မည်သူ့ကို မဆို ကပ်ဘေးကာလ မပြီးမချင်း နေ့စဉ် ချက်ပြုတ်လှူဒါန်းသွားမယ်လို့ အသင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။