Facebook နဲ့ အမုန်းစကား၊ သတင်းအမှားများ


2018.12.19
facebook-monitoring-622.jpg လူမှုအင်တာနက်စာမျက်နှာ Facebook
.

မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်တော်တော်များများကို ထပ်ပြီး ပိတ်လိုက်တဲ့အကြောင်း Facebook ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာအစိုးရကလည်း Facebook သုံးစွဲမှုနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေပါဝင်မယ့် Cyber ဥပဒေမူကြမ်းကို မကြာခင် အပြီးသတ်ရေးဆွဲနိုင်တော့မယ်လို့ သိရပါတယ်။

RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Facebook နဲ့ အမုန်းစကား၊ သတင်းအမှားများ

(မနန္ဒာချမ်း)

Facebook ကုမ္ပဏီရဲ့ အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်ထဲမှာ - မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ Facebook စာမျက်နှာ ၄၂၅ ခု၊ အုပ်စု ၁၇ ခု၊ Facebook အကောင့် ၁၃၅ ခုနဲ့ Instagram အကောင့် ၁၅ ခုကို ပိတ်လိုက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ Online ပေါ်မှာ မမှန်ကန်တဲ့ အကြောင်းအရာတွေ ဖော်ပြနေတဲ့ လုပ်ရပ်တွေကိုလည်း ဆက်ပြီး စုံစမ်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ Facebook တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖူးပြီး လူမှုကွန်ရက် အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ ကိုမြတ်သူကတော့ - ဒီလုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ပါတယ်။

“Facebook ကနေ ဒီမှာ ရည်ရွယ်ချက်ရှိရှိ အမုန်းစကားတွေတွေ သတင်းအမှားတွေ ဖြန့်နေတဲ့သူတွေကို ဖယ်ရှားတာကတော့ ကျနော့်အမြင်က အကျိုးသက်ရောက်မှု တစုံတရာရှိတယ်ဗျ။ ဒါပေမဲ့ ဒီလိုအကောင့်တွေကို ဖယ်ရှားယုံထက် ဒီလိုအကောင့်တွေမှာရှိတဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေ ဖော်ထုတ် သုတေသနပြုပြီး တော့မှ နောက်ထပ်လည်း ဒီအကောင့်တွေ ပြန်လာလို့မရအောင်လို့ တားဆီးမယ်ဆိုရင်တော့ ပိုပြီး ထိရောက်မှု ရှိမယ်။ နောက် အရေးကြီးဆုံးတခုက Facebook အနေနဲ့ အသုံးပြုသူတွေက သူကိုယ်တိုင် စုံစမ်း ဖော်ထုတ်နေ တာထက်စာရင် အသုံးပြုသူတွေက တိုင်ကြားတတ်လာအောင် သူ့အနေနဲ့ မြှုပ်နှံသင့်တယ်။ နောက် Facebook ကော မြန်မာအစိုးရကပါ မီဒီယာ အသိပညာ - သတင်းတွေကို ဘယ်လို ဝေဖန်ပိုင်းခြားမလဲဆိုတဲ့ အသိပညာ ပေးမှုတွေမှာ ဝင်မြှုပ်နှံပေးရင်တော့ အကောင်းဆုံးပါပဲ”

အခု ပိတ်လိုက်တဲ့အထဲမှာတော့ သာမန်အရပ်ဘက်သုံး အကောင့်တွေလို့ ယူဆနိုင်ပေမယ့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ သတင်းတွေ၊ အလှအပနဲ့ လူမှုရေးဆိုင်ရာ စာမျက်နှာတွေ၊ ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့စာမျက်နှာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook အကောင့် အပါအဝင် စစ်တပ်အရာရှိတွေနဲ့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ တခြားအကောင့်တွေကိုလည်း Facebook က ပိတ်ခဲ့ဖူးပါတယ်။

တချိန်တည်းမှာပဲ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ကလည်း Facebook လို လူမှုကွန်ရက်တွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ပါဝင်မယ့် Cyber ဥပဒေမူကြမ်းတခု မကြာခင် ထွက်လာတော့မယ်လို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

“Cyber Law အဖြစ်နဲ့ Cyber ဥပဒေမူကြမ်းကို ရှေ့လွှတ်တော်မတိုင်မီ (ရက် ၃ဝအတွင်း) တင်ပြနိုင်အောင် ရေးဆွဲနေပါတယ်။ ဒီဥပဒေမူကြမ်းမှာ ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook, Twitter တို့ Personal Data Protection, Child Online Protection စသဖြင့် နယ်ပယ်တွေမှာ သက်ဆိုင်ရာ နယ်ပယ်တွေကိုလည်း ထည့်သွင်းရေးဆွဲမည်ဖြစ်တဲ့အကြောင်း သတင်းပေး တင်ပြအပ်ပါတယ်”

ဒါ့အပြင် မြန်မာပြည်သူတွေအားလုံး သတင်းအချက်အလက်တွေ သိရှိနိုင်အောင် ရည်ရွယ်ပြီးတော့ Rights to Information ဥပဒေမူကြမ်းကိုလည်း ရေးဆွဲနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်လှထွန်း ကလည်း ပြောပါတယ်။

“Rights to Information က သတင်းသမား တခုတည်းနဲ့ မဆိုင်ဘူးခင်ဗျ။ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို စနစ်တကျ ခိုင်မာစေဖို့အတွက်ပေါ့ ပြုစုထားတာပါ။ အဲဒီဥပဒေပြဌာန်းလာပြီဆိုရင်တော့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဖြစ်မှာပါ။ ကြိုးစားနေပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ်ပြဿနာဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက Online စာမျက်နှာတွေပေါ်မှာ အမုန်းစကား ပျံ့နှံ့မှုတွေ၊ သတင်းအမှား ပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း Facebook ကုမ္ပဏီကလည်း တစုံတရာ ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးပမ်းလာသလို၊ မြန်မာအစိုးရဘက်ကလည်း ဥပဒေတွေပြဌာန်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းလာနေတာဖြစ်ပါတယ်။ ဒါပေမဲလည်း အစိုးရအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ရေးဆွဲရာမှာ ရှုထောင့်မျိုးစုံက အမြင်တွေကို ရယူသင့်တယ်လို့လည်း ကိုမြတ်သူက ထောက်ပြခဲ့ပါတယ်။

“ကျနော်ကတော့ အမုန်းစကားတွေ သတင်းအမှားတွေကို သက်သက်ရည်ရွယ်ပြီးတော့ လုပ်နေတာရှိတယ်။ ဒါပေမဲ့ ဒါတွေက အမုန်းစကားပါ ဒါတွေက သတင်းအမှားပါလို့ မသိဘဲနဲ့ share မိ ရေးမိတဲ့သူတွေရှိတယ်။ ကျနော်တို့က စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတော့ သတင်းမီဒီယာဆိုတာ ဘာမှန်းကို ကျနော်တို့က သဲသဲကွဲကွဲ မသိတဲ့ မျိုးဆက်ဖြစ်တယ်ဗျ။ ဒီမျိုးဆက်က ဒီလိုအမှားမျိုးကို ရည်ရွယ်ချက်မပါဘဲ ကျူးလွန်နိုင်ပါတယ်။ ဒီဥပဒေတွေနဲ့ပတ်သက်ရင် ကျနော်သည် ဥပဒေတွေကို ပွင့်ပွင့်လင်းလင်းပြောရရင် အယုံအကြည် မရှိဘူးဗျ။ ဥပဒေတွေသည် ကာကွယ်တားဆီးဖို့ထက် ဖိနှိပ်ဖို့ဖြစ်တယ်လို့ ပိုမြင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံ မှာ ဖိနှပ်ဖို့အတွက် အသုံးချတာက ပိုများနေတယ်ပေါ့။ ဥပဒေသည် ဘယ်လိုဖြစ်သင့်သလဲဆိုရင် ဒါသည် အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်တယ်။ အဲဒါကြောင့် လူထုနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ မီဒီယာတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေကို လုပ်သင့်တယ်လို့ ကျနော် မြင်ပါတယ်”

မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူဦးရေ ၁၈ သန်းကျော်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအရ သိရပြီး၊ Facebook ကတဆင့် အမုန်းစကား ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Facebook က တာဝန်ပေး ထားတဲ့ စုံစမ်းသုတေသနပြုမှု BSR အဖွဲ့ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့လည်း Facebook ကုမ္ပဏီက ကတိပြုထားပါတယ်ရှင်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။