စစ်ကောင်စီကို ဝေဖန်လို့ အဖမ်းခံရသူ နှစ်နှစ်အတွင်း ၁၅၀၀ နီးပါးရှိ
2024.02.21

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပြစ်တင်ဝေဖန်လို့ ဖမ်းဆီးခံရတဲ့သူ နှစ်နှစ်အတွင်း ၁၄၈၀ ထက်မနည်း ရှိခဲ့တယ်လို့ Data for Myanmar အဖွဲ့ရဲ့ ဇန်နဝါရီလ ၃၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
“လူတွေ မပြောရဲအောင်၊ လူတွေက မဝေဖန်ရဲအောင် လုပ်ဆောင်တာ အာဏာရှင်တွေ ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းပဲ ဖြစ်ပါတယ်"
ဖြစ်ရပ်တစ်ခုဆိုရင် ရန်ကုန်မြို့က မယမင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုင်းနိုင်ငံကိုပြန်သွားဖို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အချိန်မှာ အဖမ်းခံလိုက်ရပြီး ထောင်ဒဏ် တစ်သက်အထိ ချခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
“အဲကောင်မလေးက အရင်တုန်းက ထိုင်းမှာနေခဲ့တာ။ ထိုင်းမှာ အလုပ်လုပ်နေတာပေါ့။ သူကခွင့်ရတဲ့အချိန်မှာ ရန်ကုန်ကိုပြန်လာတယ်။ မိဘတွေနဲ့ အတူနေတယ်။ Passport နဲ့ အလုပ်ဗီဇာ သက်တမ်းတိုးဖို့ ပင်လုံခန်းမကို သွားတယ်။ အလုပ်သွားလုပ်ဖို့ အတွက် အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ သွားလုပ်တဲ့အချိန်မှာ ဖုန်းကို ယူစစ်တယ်။ ဖုန်းကိုယူစစ်တဲ့အချိန်မှာ ပို့တင်ထားတာတွေတွေ့တယ်၊ Messenger မှာ အချင်းချင်း ပြောဆိုထားတာတွေ တွေ့တယ်ဆိုပြီး အဲဒီကနေ မြောက်ဒဂုံ အချုပ်ခန်းကိုခေါ်ပြီး ချုပ်လိုက်တယ်။ ချုပ်ပြီး အင်းစိန်ထောင်ကိုပို့တယ်။ ပို့ပြီး သူတို့ဘာသူတို့ တရားစီရင်ပြီး ထောင်ဒဏ် တစ်သက်ချလိုက်တယ်”
အဖမ်းခံရတဲ့သူအများစုက ရန်ကုန်တိုင်းကဖြစ်ပြီး နှစ်နှစ်အတွင်းမှာ ၃၆၄ ယောက်ရှိပါတယ်။ ဒုတိယ အများဆုံးက မန္တလေးတိုင်းကဖြစ်ပြီး အဖမ်းခံရတဲ့သူ ၃၂၉ ယောက်ရှိခဲ့ပါတယ်။
ဒီလိုဖမ်းတာဟာ လူထုကိုအကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးပမ်းတာလို့ ဒေါက်တာလှကျော်ဇောက ဝေဖန်ပါတယ်။
“အင်တာနက်မှာ ဝေဖန်တဲ့သူတွေက သူတို့ (စစ်ကောင်စီ) အားနည်းချက်ကို ထောက်ပြနိုင်တယ်။ နောက် ဒီလူတွေကို သူတို့က အလွယ်တကူဖမ်းလို့ရတယ်။ သူတို့ နိုင်ရာကို ဖိထောင်းတဲ့သဘောပါပဲ”
ဒီလုပ်ရပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ လူအခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့နဲ့ အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ ရည်ရွယ်လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေကို လူမှုကွန်ရက်တွေက တစ်ဆင့်ပြုလုပ်ရင် အရေးယူမယ်လို့ စစ်ကောင်စီက အမြဲလိုလိုကြေညာထားပါတယ်။
စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူ့အလုပ်သူလုပ်တာလို့ ရှုမြင်ပါတယ်။
“သူက အုပ်ချုပ်တဲ့သူ တစ်ယောက်အနေနဲ့ သူ့ကို မကောင်းဘူးလို့ ပြောတဲ့သူတွေကို ဖမ်းမှာပဲ။ ဒါက ဝတ္တရား ဖြစ်သွားပြီ။ မဖြစ်မနေ လုပ်ရမှာပဲ။ သူပုန်ထဖို့ မြှောက်ပေးတဲ့သူတွေ ဒါတွေကို ဖမ်းတာကတော့ သူ့အလုပ် သူလုပ်တာပါ”
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်ရပ်တွေက အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“လူတွေ မပြောရဲအောင်၊ လူတွေက မဝေဖန်ရဲအောင် လုပ်ဆောင်တာ အာဏာရှင်တွေ ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းပဲ ဖြစ်ပါတယ်။ အခုကတော့ ပိုဆိုးတာက ဒါတွေကို စနစ်တကျ ထိန်းချုပ်ရုံတင်မကဘဲ ကြီးမားတဲ့ပြစ်ဒဏ်တွေပေးပြီး အပြစ်ပေးအရေးယူတဲ့ ကာလဖြစ်နေပါတယ်”
ဒီအတောအတွင်းမှာပဲ စစ်ကောင်စီဟာ ပြည်သူတွေအွန်လိုင်းမှာ ရေးသားပြောဆိုဝေငှနေတာကို စောင့်ကြည့်အရေးယူမယ့် ကော်မတီတစ်ရပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဒုတိယအဆိုးရွားဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။