ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုမှာ Facebook တာဝန်ရှိတဲ့အတွက် လျော်ကြေးပေးဖို့ AI အဖွဲ့ တောင်းဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.25
ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုမှာ Facebook တာဝန်ရှိတဲ့အတွက် လျော်ကြေးပေးဖို့ AI အဖွဲ့ တောင်းဆို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်နေ့ကျင်းပစဉ်။
AFP

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသန့်စင်မှု ကျူးလွန်ခံရတဲ့ ရာဇဝတ်မှုတွေအတွက် ဖေ့စ်ဘွတ်လူမှုကွန်ရက်ဟာ ပါဝင်ပတ်သက်မှုရှိတဲ့အတွက် ဖေ့စ်ဘွတ် ရဲ့ Meta ကုမ္ပဏီအနေနဲ့ ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် နစ်နာကြေးပေးဖို့ Amnesty International အဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ အဖြစ်အပျက်တွေရဲ့ ခြောက်နှစ်ပြည့်ချိန်မှာ အခုလို ထုတ်ပြန်လိုက်တာပါ။

အမြတ်အစွန်းရဖို့ကို အဓိကထားတဲ့ ဖေ့စ်ဘွတ်ရဲ့ Algorithms ကြောင့် ရိုဟင်ဂျာတွေအပေါ်မှာ ရှိနှင့်ပြီး အမုန်းတရားတွေကို ပိုပြီး ပျံ့နှံ့စေခဲ့ပြီး၊ ရိုဟင်ဂျာလူမျိုးတွေ မြန်မာနိုင်ငံက ထွက်ပြေးရတဲ့အခြေအနေအထိ ရောက်အောင် တွန်းအားပေးခဲ့တယ်လို့ သြဂုတ်လ ၂၅ရက်က ထုတ်ပြန်တဲ့ AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

AI အဖွဲ့ရဲ့ လေ့လာစုံစမ်းမှုတွေအရ ဖေ့စ်ဘွတ်ရဲ့ Algorithms တွေဟာ ကုမ္ပဏီ အကျိုးအမြတ်ရဖို့ကို အဓိကထားပြီး၊ သုံးစွဲသူတွေရဲ့ Like, Share နဲ့ Comment ရေးသားမှု တွေလိုမျိုး ပါဝင်ဆောင်ရွက်မှုတွေ တက်ဖို့ကို အဓိကထားတဲ့အကြောင်း၊ ဒီလို ဆောင်ရွက်မှုကြောင့် ရိုဟင်ဂျာတွေအပေါ် ရှိနှင့်ပြီး အမုန်းတရားတွေကို မီးလောင်ရာ လေပင့်သလို ပိုဆိုးစေခဲ့ပြီး အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာဖို့ တွန်းအားပေးခဲ့တဲ့အကြောင်း၊ နောက်ဆုံးမှာ ရိုဟင်ဂျာတွေ လူမျိုးစုအလိုက် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရတဲ့အဖြစ်ကို ‌ရောက်ခဲ့ရတာ ဖြစ်တယ်လို့ AI ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုဆိုရင် Meta ကုမ္ပဏီဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်က ၆ နှစ်ကြာသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက် မီဒီယာ လုပ်ငန်းတစ်ခုက လူ့အခွင့်အရေး ပြဿနာထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အထင်ရှားဆုံး သာဓကတစ်ခုအဖြစ် ရှိနေပေမယ့် ရိုဟင်ဂျာတွေဟာ Meta ကုမ္ပဏီဆီက လျော်ကြေးရဖို့ စောင့်ဆိုင်းနေရဆဲဖြစ်တယ် လို့ AI အဖွဲ့က နည်းပညာဆိုင်ရာတာဝန်ခံမှုဌာန အကြီးအကဲ Pat de Brun က ပြောထားပါတယ်။

ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို ထိန်းချုပ်တဲ့ Meta ကုမ္ပဏီအနေနဲ့ ရိုဟင်ဂျာတွေကို နစ်နာကြေးပေးပြီး ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ အကျိုးအမြတ်ရဖို့ အဓိကထားတဲ့ ဝင်ငွေရှာတဲ့ ပုံစံကိုလည်း ပြင်ဆင်ပြောင်းလဲပြီး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် အကာအကွယ်ပေးသင့်ပါတယ် လို့လည်း Pat de Brun က ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့နေရာမှာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကလည်း အားပေးကူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်း Amnesty International အဖွဲ့က လေ့လာသုံးသပ်ချက် အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်နေ့ကျင်းပစဉ်။ ( Photo : AFP )
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်နေ့ကျင်းပစဉ်။ ( Photo : AFP )

အခုလို မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှု နဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်တွေမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ လျော်ကြေးပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အခုလိုပြောပါတယ်။

"ဖေ့စ်ဘွတ်အပါအဝင် တခြားသောလူမှုကွန်ရက်တွေက တဆင့်အမုန်းစကားတွေ အကြမ်းဖက်မှုကို ဦးတည်တဲ့ လုပ်ရပ်မျိုးတွေ ဖြစ်ပွားခဲ့တာ အားလုံးလည်း အသိ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှု မှာလည်း စီးပွားရေးလုပ်တဲ့အခါမှာတော့ လူ့အဖွဲ့အစည်းကိုအခြေခံပြီး လူ့အခွင့်အရေးကို အခြေခံပြီး လူ့အဖွဲ့အစည်း ပိုပြီးကောင်းမွန်စေတဲ့ စီးပွားရေးဖြစ်ရင် ကောင်းတာပေါ့။ အထူးသဖြင့် နည်းပညာတွေတိုးတက်တဲ့ခေတ်မှာ ဒီလူမှုကွန်ရက်ကို တာဝန်ရှိရှိ အသုံးပြုတဲ့ အလေ့အထ ဗမာပြည်မှာ မရှိခဲ့ဘူး၊ ဒါကို ထိန်းကျောင်းတဲ့နေရာမှာလည်း ဖေ့စ်ဘွတ်မှာ လုံလောက်တဲ့ အရင်းအမြစ်တွေ ဗမာပြည်မှာ မရှိခဲ့ဘူး။ အဲဒီအတွက် ဒီလိုအကြမ်းဖက်မှုကို ဦးတည်စေတဲ့ အမုန်းစကားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်။ ဒီအကြမ်းဖက်ဖြစ်ရပ်တွေကို ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်စေခဲ့တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေမှာတော့ ဒါတာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လိုတာပေါ့"

Meta ကုမ္ပဏီ ကိုယ်တိုင်ကလည်း ကုမ္ပဏီတွင်း လေ့လာသုံးသပ်ချက်တွေအရ ဖေ့စ်ဘွတ်မှာ အသုံးပြုနေတဲ့ algorithms တွေကြောင့် ပြင်ပကမ္ဘာမှာ တကယ့် နစ်နာဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လို့ ၂၀၁၂ ခုနှစ်လောက်ကတည်းက သုံးသပ်ထားတာရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ်မှာ Meta ရဲ့ သုတေသီတွေက ဖေ့စ်ဘွတ် ကြောင့် အစွန်းရောက် ဝါဒကို ပိုကြီးထွားလာတယ်လို့ သုံးသပ်ထားကြောင်း  AI ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်အချို့ကိုပြောပြထားကြပြီး  ဖေ့စ်ဘွတ်နဲ့ တည်ထောင်သူ မာ့ခ်ဇူကာဘတ်တို့ ကိုယ်တိုင် တောင်းပန်စကားပြောဖို့ တောင်းဆိုခဲ့ကြတာကိုလည်း ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေနဲ့ အမုန်းတရား နဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်း နဲ့ ကုလသမဂ္ဂ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း  ၂၀၂၀ ခုနှစ် သြဂုတ်လက ပြောကြားခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။