စစ်ကောင်စီရွေးကောက်ပွဲနဲ့ ဝင်ပြိုင်ကြမယ့်တိုင်းရင်းသားပါတီများ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.08
စစ်ကောင်စီရွေးကောက်ပွဲနဲ့ ဝင်ပြိုင်ကြမယ့်တိုင်းရင်းသားပါတီများ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တပ်မတော်ထောက်ခံပွဲ အခမ်းအနားတွင် ကပြဖျော်ဖြေနေသည့် ကရင်တိုင်းရင်းသားများ။
Photo:AFP

ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် အရေးပေါ်ကာလသက်တမ်း နှစ်နှစ်ပြီးရင် အခြေခံဥပဒေ ပုဒ်မ-၄၂၉ နဲ့အညီ ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပရမှာမို့ စစ်ကောင်စီကမဖြစ်မနေ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲကို နောက်ဆုံးထား ကျင်းပရမှာပါ။

စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အတော်များများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေပါတယ်။

000_Hkg7557738.jpg
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှာ တွေ့ခဲ့ရသည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ။ Photo:AFP

ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးသုံးနေရာ ရွေးကောက်ပွဲမဝင်ရင် ဖျက်သိမ်းခံရမယ်ဆိုတဲ့ သတ်မှတ်ချက်အပြင် စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်မယ်ဆိုတဲ့ စည်းရုံးချက်နဲ့ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အချက်တွေကြောင့် တိုင်းရင်းသား ပါတီတော်တော်များများက ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်နေကြပါပြီ။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ၂၀၂၃ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရပေါ်လာပြီး နိုင်ငံတကာဖိအားတွေလည်းလျော့သွားမယ်လို့ ယုံကြည်တာကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ပါတီထောင်တာ ရွေးကောက်ပွဲဝင်ဖို့ပဲလေဗျာ။ ရွေးကောက်ပွဲဝင်မယ် နေရာရလာရင် ပြည်သူ အကျိုးကိုဆောင်ရွက်မယ်လေ။ အဲ့လိုပဲပေါ့။ ရွေးကောက်ပွဲလုပ်ပြီးရင် အရပ်သားအစိုးရပေါ်လာမှာပေါ့ အဲ့ဒီအခါ International pressure လည်းရှိတော့မှာမဟုတ်တော့ဘူးလေ။ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရဆိုတော့ ပြည်သူ့အစိုးရပေါ့ဗျာ။ ၂၆၁ က အားလုံးကသဘောတူထားပြီးသား။ ဒါပေမဲ့ ရွေးကောက်ပွဲ ပြီးမှပဲဖြစ်တော့ မှာပေါ့။ ပါတီတစ်ခုနဲ့တစ်ခုက အမြင်ကတော့တူမှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒီရွေးကောက်ပွဲပြီးမှပဲ အရပ်သားအစိုးရပေါ်ပေါက်လာမယ်လို့ အဲ့လိုယုံကြည်ထားတယ်လေ။”

SNDP ပါတီအနေနဲ့ ရှမ်းပြည်နယ်သာမက ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတွေမှာပါ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

000_Hkg10250686.jpg
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က နေပြည်တော်တွင် ကျင်းပသည့် လွှတ်တော်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ကို တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ။ Photo:AFP

SNDP ပါတီလိုပဲ တခြား မွန်၊ချင်း၊ ရခိုင်အစရှိတဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲဝင်ဖို့ ရှိနေပါတယ်။

မွန်ပါတီတွေစုဖွဲ့ထားတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငွေချမ်း (ခ) နာဲကေစိုက်က ပါတီအနေနဲ့ အနည်းဆုံး သုံးနေရာဝင်မှ နိုင်ငံရေးအရရပ်တည်လို့ရမှာဖြစ်ပြီး PR စနစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ရင် ထိုက်သင့်တဲ့ နေရာရနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ အနည်းဆုံးသုံးနေရာဝင်မှ နိုင်ငံရေးအရ ရပ်တည်လို့ရတယ်လေ။ ရွေးကောက်ပွဲဝင်ဖို့ပဲ ပါတီထောင်ထား တယ်လေ။ တကယ်လို့ ရွေးကောက်ပွဲဖြစ်ရင် ပြည်သူလူထုအနေနဲ့ ကိုယ့်ဘက် မဲပေးရအောင် အမြဲတော့ ကျွန်တော်တို့ နှိုးဆော်နေပါတယ်။ ရွေးကောက်ပွဲစနစ်က PR စနစ်ဖြစ်နေတော့ ဒီစနစ်က ကျွန်တော်တို့ ပြည်သူလူထုတွေ တစ်ခါမှ မတွေ့ကြုံဖူးဘူးဖြစ်နေတယ်။ ပညာပေးတဲ့ အခန်းကဏ္ဍမှာ ကျွန်တော်တို့တောင် အခုမှ စပြီးတော့ လေ့လာနေတုန်းပဲ။ ဒါပေမဲ့ ကိုယ့်ပြည်နယ်ကိုယ်ဒေသမှာဆိုရင် ထိုက်သင့်သလောက်တော့ ရတော့ရမယ်ထင်တယ်လေ။”

အလားတူ ရခိုင်ပြည်နယ်မှာလည်း တိုင်းရင်းသားပါတီအများစု ရွေးကောက်ပွဲကို ဝင်ပြိုင်ကြလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက တွက်ဆပါတယ်။

တပ်မတော်က ၂၅ ရာခိုင်နှုန်းနေရာယူထားပြီး PR စနစ်ကျင့်သုံးမယ့်ရွေးကောက်ပွဲဖြစ်လို့ တပ်မတော်နဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကသာ နေရာအများစုရပြီး တိုင်းရင်းသားပါတီတွေအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် လုပ်သလိုဖြစ်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်မှာ သုံးပါတီရှိတယ်ဗျ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ သူကတော့ NLD နဲ့နီးစပ်တယ် အဲ့ဒါကြောင့် ရွေးကောက်ပွဲဝင်နိုင်ခြေမရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဒုတိယတစ်ပါတီကတော့ ANP ပေါ့။ နောက်တစ်ခါ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ AFP ပါတီ အဲ့နှစ်ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့တာတို့ ဆွေးနွေးတာတို့ရှိတဲ့အခါမှာ အဲ့ဒီနှစ်ပါတီကတော့ ရွေးကောက်ပွဲဝင်နိုင်တဲ့ အခြေအနေရှိပါတယ်။ နဂိုတည်းကလည်း တပ်မတော်က ၂၅ ရာခိုင်နှုန်းနေရာယူထားပြီးဖြစ်တယ်။ လာမယ့်လွှတ်တော်၊ အစိုးရ နှစ်ခုစလုံးက တပ်မတော်နဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ဦးဆောင်မှုအောက်ကိုရောက်သွားမှာပေါ့။ ဒီလိုအခင်းအကျင်း မျိုးကတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် အားပေးတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နေတာပေါ့။”

ပြည်နယ်တွေမှာ အနိုင်ရနိုင်ငံရေးပါတီတွေစိတ်ကြိုက် ဝန်ကြီးချုပ်ခန့်အပ်နိုင်ဖို့ NLD အစိုးရလက်ထက်က လွှတ်တော်အတွင်း တိုင်းရင်းသားပါတီတွေက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့စဉ်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက စတင်ကန့်ကွက်ခဲ့တာကို တိုင်းရင်းသားတွေ သတိပြုသင့်တယ်လို့ သူကထောက်ပြပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟာလည်း သမ္မတရဲ့ သြဇာကိုခံရတာဖြစ်လို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရုံနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာမှာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲက မြန်မာပြည်ရဲ့နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ဘူးလို့ ပြောပါတယ်။

ချင်းပြည်နယ်မှာလည်း အရင်NLD ပါတီနဲ့ယှဉ်ပြိုင်နိုင်မှုမရှိခဲ့တဲ့ ချင်းပါတီတွေအပြင် ခူမီး၊ဇိုမီး၊အရှို စတဲ့ ချင်းတိုင်းရင်းသားပါတီငယ်အများစုဟာ တော်လှန်ရေးမှာနှုတ်ဆိတ်နေကြပြီး စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိတယ်လို့ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ချင်းပြည်နယ် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က မှတ်ချက်ပြုပါတယ်။

“အရိုးအရင်းလောက် ကျွေးတာကို ကျေနပ်တယ်ဆိုရင် သူအဲ့ဒီအဆင့်လောက်ပဲရှိမှာပေါ့။ အဲ့ဒီပါတီတွေက ပြောမယ်ဆိုရင် စစ်ကောင်စီရှင်သန်ရေးအဲ့ဒီအတွက် ဝိုင်းဝန်းပြီးတော့ အလိုတော်ရိ လုပ်ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေပဲ ဖြစ်မှာပေါ့။"

salai isaac khen.jpg
ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်။ Photo: Salai Isaac Khen

တိုင်းရင်းသားပါတီတွေအနေနဲ့ လက်ရှိအချိန်မှာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပြည်သူ့လွတ်မြောက်ရေး၊ တိုင်းရင်းသားအခွင့်အရေးအတွက် လုပ်ဆောင်တာမဟုတ်ဘဲ တကိုယ်ရေအဆင်ပြေအောင် လုပ်ဆောင်သလို ဖြစ်မယ်လို့ သူကပြောပါတယ်။

“အရိုးအရင်းလောက် ကျွေးတာကို ကျေနပ်တယ်ဆိုရင် သူအဲ့ဒီအဆင့်လောက်ပဲရှိမှာပေါ့။ အဲ့ဒီပါတီတွေက ပြောမယ်ဆိုရင် စစ်ကောင်စီရှင်သန်ရေးအဲ့ဒီအတွက် ဝိုင်းဝန်းပြီးတော့ အလိုတော်ရိ လုပ်ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေပဲ ဖြစ်မှာပေါ့။ တိုင်းရင်းသားအဖွဲ့လို့ပြောလိုက်တိုင်းသူတို့က စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြည်သူ့လွတ်မြောက်ရေး၊ တိုင်းရင်းသားလွတ်မြောက်ရေး ဆိုတာမသွားတော့ဘဲ သူတို့ရဲ့တစ်ကိုယ်ရည် အဆင်ပြေဖို့ တစ်ကိုယ်ရည်အခွင့်အရေးအတွက် လိုက်လုပ်တဲ့အဖွဲ့လောက်ပဲဖြစ်မှာပေါ့။”

၂၀၂၃ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီအများစုက ရွေးကောက်ပွဲကို ဝင်ပြိုင်တယ်ဆိုတဲ့ ပြယုတ်မျိုးကို စစ်ကောင်စီက ဖော်ဆောင်မှာ ဖြစ်ပေမယ့် ဒီနည်းနဲ့ နိုင်ငံတကာ ထောက်ခံမှုရအောင်လုပ်ဆောင်လို့ ရမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ပြည်နယ်တစ်ခုမှာ ၅ ခုလောက်ရှိတယ်ဆိုရင် NLD ကိုထောက်ခံရပ်တည်တဲ့ပါတီက တစ်ခုလောက်ပဲရှိတာ။ ကျန်တဲ့ပါတီတွေအားလုံးက လူထုထောက်ခံမှုမရဘူး။ လွှတ်တော်ထဲမှာ နေရာမရဘူး။ အဲ့ဒီအခါကျတော့ အဲ့ဒီအနေအထားပေါ်ကနေ သူတို့က စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တက်ကြွစွာဆိုင်းပြင်း ပြင်ဆင်နေကြတာ။ ဒါပေမဲ့ ဒီနည်းနဲ့ကမ္ဘာကြီးကို လိမ်လို့မရဘူး။ ပြည်သူလူထုကို လိမ်လို့မရဘူး။”

2015-11-08T120000Z_1715661631_GF20000050483_RTRMADP_3_MYANMAR-ELECTION.JPG
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကယားပြည်နယ် ပန်းပက်ကျေးရွာ မဲရုံရှေ့တွင် မဲပေးခဲ့သည့်ကယန်းအမျိုးသမီးတစ်ဦး။ Photo:Reuters

စစ်ကောင်စီက စီစဉ်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ဟန်ပြသာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သလို မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန် သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စမယ်လီဇာဘရောင်းကလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာပြောကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း ၂၀၂၃ ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိတဲ့အဓိပ္ပာယ်မဲ့လုပ်ရပ်လို့ပြောဆိုပါတယ်။

ဒါအပြင့်နော်ဝေနိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အမတ်တွေကလည်း စစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲကို လက်မခံဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိပေးပြောကြားထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။