အလဲဗင်းမီဒီယာအမှု သတင်းမီဒီယာဥပဒေနဲ့ဆောင်ရွက်ဖို့ သမ္မတညွှန်ကြား


2018.10.18
eleven-repoters-622.jpg Eleven မီဒီယာက သတင်းသမား ၃ ဦးကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

Weekly Eleven ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလဲဗင်းမီဒီယာ သတင်းသမားသုံးဦးကို တရားစွဲဆိုထားတာကို သတင်းမီဒီယာဥပဒေနဲ့ အညီဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားလိုက်ပါတယ်။ ဒီကိစ္စကို သတင်းမီဒီယာကောင်စီမှာ မနက်ဖြန်ဆွေးနွေးမှာ ဖြစ်တာကြောင့် မှတ်ချက်မပေးလိုကြောင်း Eleven မီဒီယာ အမှုဆောင်အယ်ဒီတာ ဦးကိုဦး (သင်္ချာ)က ပြောပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ်၊ ကိုကျော်လွင်ဦးနဲ့ မသီရိမင်းဇင် သတင်းပေးပို့ထားတာကို မသီရိမင်းဇင် က တင်ပြထားပါတယ်။

သမ္မတရဲ့ ညွှန်ကြားချက်ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်က လက်မှတ်ထိုးပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ အောက်တိုဘာ ၁၇ ရက် မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ ရုံးစာလူမှုကွန်ရက်မှာ ကနဦး ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။

အဲဒီကိစ္စအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သမ္မတက အခုလို ညွှန်ကြားလိုက် ကြောင်း RFA ကို အတည်ပြုပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရကနေ လူကြီးတွေကို တင်ပြတယ်၊ အဲအပေါ်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကနေ နိုင်ငံတော်သမ္မတဆီ လမ်းညွှန်မှုခံတယ်၊ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေ တိုင်းဒေသကြီးအစိုးရကို ပြန်ပြီးတော့ လမ်းညွှန်ထားတယ်၊ အဓိက,က တရားစွဲတဲ့ဟာနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်တဲ့မှုတော့ ထုတ်ထားတယ်။"

တချိန်ထဲမှာလည်း Weekly Eleven ဂျာနယ်ဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တရားလိုလုပ်တိုင်ကြားထားတဲ့ တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က သတင်းမီဒီယာကောင်စီကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒီနေ့ လာရောက်အကြောင်းကြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘက်က ညှိနှိုင်းဖြေရှင်းပေးဖို့ဆိုပြီး ဒီနေ့ လာရောက်အကြောင်းကြားတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"Eleven မီဒီယာသတင်းဌာနက သတင်းမီဒီယာဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ က၊ င၊ ဆ၊ ဈ ပါ၊ သတင်းမီဒီယာသမား တစ်ဦး၏ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် တိုင်ကြားပါတယ်တဲ့၊ ဦးအောင်ကျော်ခိုင် ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်တာပေါ့။ "

ကောင်စီက တာဝန်ယူဖြေရှင်းရမယ်ဆိုရင် တရားရုံးရောက်တဲ့ အမှုတွေကို ပြန်ရုတ်သိမ်းပေးရမယ်ဆိုတဲ့ သတင်းမီဒီယာကောင်စီဥပဒေမှာပါတဲ့အချက်ကို ဒီနေ့ လာတိုင်ကြားတဲ့ တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး ကို ပြန်ပြောလိုက်ကြောင်းလည်း ဦးကျော်စွာမင်း က အခုလို ဆက်ပြောပါတယ်။

"အစ်ကိုတို့ကတော့ သတင်းမီဒီယာဥပဒေပါအတိုင်း ပြောလိုက်တယ်၊ သတင်းမီဒီယာဥပဒေမှာတော့ တရားရုံးရောက်တဲ့ကိစ္စကိုဆိုရင် withdraw လုပ်ပေးရမယ်လို့ ပြောလိုက်တယ်၊ သူကလည်း ဒီနေ့က လာတိုင်ကြားတာဖြစ်တဲ့အတွက် မနက်ဖြန် ၁၂ နာရီကို အစ်ကိုတို့ ပြန်ခေါ်ထားတယ်ပေါ့နော်၊ အသေးစိတ် သူတို့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ နက်ဖြန်သိရမှာပေါ့နော်၊"

"အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းရတယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ Weekly Eleven ဂျာနယ်ရဲ့ အယ်ဒီတာချုပ်၊ အကြီးတန်း အယ်ဒီတာနဲ့ တာဝန်ခံအယ်ဒီတာတို့ ၃ ယောက်ကို အောက်တိုဘာ ၉ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှုဖြစ်စေပြီး သတင်းမီဒီယာတွေကို အမှုဖွင့်အရေးယူမယ်ဆိုရင် သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူဆောင်ရွက်စေချင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က RFA ကို ပြောကြားထားပါတယ်။

ဒါပေမဲ့ ဒီကိစ္စမှာ သတင်းမီဒီယာကောင်စီကို ကျော်လွန်လုပ်ဆောင်ခဲ့သလို ရာဇဝတ်ပြစ်မှုကြီးတွေအတွက်သာ သုံးဖို့သင့်တော်တဲ့ ပြစ်ဒဏ်အပြင်းထန်ဆုံး ပုဒ်မတစ်ခုကို အသုံးချပြီး အမှုဖွင့်အရေးယူခဲ့တဲ့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အတော်များများက ဝေဖန်ခဲ့ကြပါတယ်။

သတင်းစာဆရာ ၃ ယောက်ကို တာမွေမြို့နယ် တရားရုံးမှာ မနေ့က ပထမဆုံးရုံးထုတ်ခဲ့ရာမှာ အာမခံလျှောက်ထားခဲ့ပြီး အာမခံ ရ/မရ က လာမယ့် ၂၆ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ မနက်ဖြန် သတင်းမီဒီယာကောင်စီမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံပြီးရင် အမှုကို ပြန်ရုပ်သိမ်းမလား၊ ထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၃ ယောက်ကို ပြန်လွှတ်ပေးမလား ဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။