ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သတင်းမီဒီယာကောင်စီ တွေ့ဆုံ
2018.12.21

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ ဒီနေ့မနက်က ပထဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
RFA သတင်းထောက်မသက်စုအောင် တင်ပြထားပါတယ်။
~~~~~~~~~~
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သတင်းမီဒီယာကောင်စီ တွေ့ဆုံ
(သက်စုအောင်)
■ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထောင်ချောက်ဆင်ဖမ်းခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စိစစ်အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ဒီနေ့ မနက်က နေပြည်တော် ဘုရင့်နောင် ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ်မှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်လည်းဖြစ်သူ၊ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ ဦးဆောင်သူလည်းဖြစ်သူ ကိုသာလွန်ဇောင်းထက်က အခုလို တောင်းဆိုခဲ့တာပါ။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်အပေါ်မှာ စိစစ်အရေးယူပေးဖို့ ပြောကြားခဲ့ပြီး ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ ဇနီးနှစ်ယောက်ရေးထားတဲ့ စာနဲ့ ဒုရဲမှူး မိုးရန်နိုင် ဇနီးရဲ့ စာတွေကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထဲ ထည့်ပေးနိုင်ခဲ့တယ်လို့ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
"ကျနော်တို့ တင်ပြတာကတော့ ရိုက်တာ သတင်းထောက် နှစ်ဦးရယ်၊ ဒုရဲမှူး မိုးရန်နိုင် ကိစ္စရယ်ပေါ့နော်၊ အပြစ်မရှိဘဲနဲ့ ထောင်ချောက်ဆင် အဖမ်းခံရတယ်ဆိုတဲ့ကိစ္စ ပြောခဲ့တယ်၊ အဓိကကတော့ သူတို့ ဘာမှကျူးလွန်ထားတာ မရှိဘူးပေါ့နော်၊ တစ်ဖက်က လုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ကနေ ထောင်ချောက်ဆင်ပြီးတော့ ဖမ်းတဲ့ကိစ္စဖြစ်နေတဲ့အခါကျတော့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ အကြီးအကဲက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီလိုရဲတပ်ဖွဲ့ကနေ ထောင်ချောက်ဆင်ဖမ်းတဲ့ကိစ္စဟာ မဖြစ်သင့်ဘူး၊ တပ်မတော်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေတယ်၊ အဲဒါကြောင့်မို့လို့ ဒီကိစ္စ့ကို စုံစမ်းစစ်ဆေးအရေးယူပေးဆိုပြီး စာ ၃ စောင်လည်းပေးခဲ့တယ်၊ ဒီကိစ္စဟာ သတင်းသမားတွေက မကျေနပ်ဘူး၊ ဒီလိုမျိုးကိစ္စမျိုးရှိတယ်ဆိုတဲ့ဟာကို ပြောလိုက်နိုင်တယ်၊ ဒါကျနော်တို့အတွက်က အမြတ်ပဲ"
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ ဒီကိစ္စဟာ တရားစီရင်ရေးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ အဓိကသက်ဆိုင်တာဖြစ်ကြောင်း တပ်မတော်အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်လျော်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းမီဒီယာကောင်စီဝင်အသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့လည်း တွေ့ဆုံခဲ့ပြီးနောက် ဒီနေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီအသစ်တို့ ဒီနေ့ တွေ့ဆုံရာမှာ သတင်းသမားတွေ သတင်းရယူခွင့်နဲ့ ပတ်သက်တာတွေနဲ့ ပဋိပက္ခနယ်မြေတွေမှာ သတင်းရယူတဲ့အခါ သတင်းသမားတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေးနိုင်တဲ့ အကာအကွယ်ပေးဖို့ ကိစ္စတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ ဆိုင်တဲ့ သတင်းတွေ လိုက်တဲ့အခါ ပြသနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ရင် သတင်းမီဒီယာကောင်စီကတဆင့် ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး ဒီတွေ့ဆုံမှုကတဆင့် သတင်းမီဒီယာနဲ့ တပ်မတော်အကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်တဲ့ အခြေအနေတစ်ရပ်လို့ ထင်မြင်မိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က အခုလို ပြောပါတယ်။
"ဒီနေ့ကတော့ အာဂျန်ဒါနဲ့ အစည်းအဝေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်တာတော့ မဟုတ်ပါဘူး၊ ဒီနေ့ကတော့ နားလည်တာကတော့ ကတိသစ္စာပြုပြီး ကောင်စီအသစ်ကို မိတ်ဆက်တဲ့သဘောနဲ့ တွေ့ဆုံတာလို့ နားလည်တယ်။ ဒီဖက်ကတော့ အဲဒီလိုတွေ့ဆုံတဲ့အခိုက်မှာတော့ သတင်းသမားတွေဘက်က လိုလားတဲ့ သတင်းရယူခွင့်တို့ အကာအကွယ်ပေးတာတို့ အဲဒါတွေ တင်ပြခဲ့တယ်၊ ပြောရင်တော့ ရလဒ်တွေ အများကြီးထွက်လာတယ်လို့ မပြောနိုင်ပေမယ့်လည်း တစ်ဖက်နဲ့ တစ်ဖက်ကြား ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားနိုင်တာရယ်၊ တချို့ကိစ္စတွေ တိုးတက်မှု ရအောင်လုပ်ဆောင်မယ်ဆိုတဲ့ဟာမျိူးကတော့ အပြုသဘောဆောင်တယ်လို့ မြင်တယ်"
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တော့ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မြေပြင်မှာ ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာနယ်မြေတွေက နယ်လုံဝန်ကြီးတွေကို ဖြေပေးနိုင်ဖို့ ပြောကြားပေးမယ်လို့ ပြောဆိုခဲ့ပြီး တပ်မတော်နဲ့ သတင်းမီဒီယာ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုလည်း စီစဉ်ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးမြင့်ကျော်က ဆိုပါတယ်ရှင်။