ရန်ကုန်တိုင်းအစိုးရက အလဲဗင်းမီဒီယာကို သတင်းစာကနေ တရားဝင်တောင်းပန်ခိုင်း
2018.10.23

နိုင်ငံပိုင်သတင်းစာကနေ တရားဝင်တောင်းပန်မှ အလဲဗင်းမီဒီယာ သတင်းသမားသုံးယောက်အမှုကို ပိတ်သိမ်းပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရက မြန်မာသတင်းမီဒီယာကောင်စီကို အကြောင်းပြန်ထားပါတယ်။
ဒါဟာ သမ္မတရုံးရဲ့ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးလို့ သတင်းမီဒီယာသမားတွေက ဝေဖန်နေကြပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။
----------------------------------
Eleven မီဒီယာက သတင်းထောက်သုံးယောက်အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာဥပဒေအတိုင်း သတင်းမီဒီယာကောင်စီကနေတဆင့် ဖြေရှင်းဖို့ သမ္မတရုံးကနေ ရန်ကုန်တိုင်းအစိုးရကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ညွန်ကြားခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်တိုင်းအစိုးရကိုယ်စား ညွန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာသတင်းမီဒီယာကောင်စီကို တရားဝင်တိုင်ကြားစာပို့ခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီက အမှုကိုပိတ်သိမ်းပေးမှ သတင်းမီဒီယာဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လို့ရမှာဖြစ်တဲ့အတွက် အမှုပိတ်သိမ်းပေးပြီးမှ အမြန်ဆုံးပြန်ဆက်သွယ်ဖို့ ညွန်ကြားရေးမှူးဦးအောင်ကျော်ခိုင် ကို ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းအစိုးရက အကြောင်းပြန်ရာမှာ Eleven မီဒီယာအနေနဲ့ အစိုးရသတင်းစာမှာ ရန်ကုန်တိုင်းအစိုးရကို တရားဝန်တောင်းပန်မှ အမှုကိုပိတ်သိမ်းပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီတောင်းပန်စာကို တိုင်းအစိုးရရဲ့ အတည်ပြုချက်အတိုင်း ရေးသားထည့်သွင်းရမယ်လို့ပါရှိကြောင်း သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော် ကပြောပါတယ်။
"နိုင်ငံပိုင်သတင်းစာကနေ Eleven က တောင်းပန်စာထည့်သွင်းရမယ်ပေါ့နော်၊ နောက်အဲတောင်းပန်းစာ ကလည်း ကြိူတင်တိုင်းအစိုးရရဲ့ အတည်ပြုချက်ရပြီးမှ ဆိုတာလည်းပါရှိတယ်။ ဆိုတော့ ကောင်စီက အဲကိစ္စကိုလုပ်ဆောင်ပေးလို့လည်းမရဘူး၊ အမှုကိုပိတ်ပေးမှ ဆက်လက်ဆောင်ရွက်လို့ရမယ်။"
အဲဒီလို တောင်းပန်ဖို့ဆိုတဲ့ကိစ္စအပေါ် Eleven မီဒီယာက မန်နေချင်းဒါရိုက်တာ ဦးမြင့်သိန်းက တောင်းပန်တာ မတောင်းပန်တာ ရေးသားသူကာယကံရှင် သတင်းသမား ၃ ဦးရဲ့ သဘောထားဖြစ်ကြောင်းပြောပါတယ်။
"ကျနော်တို့နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး၊ ကျနော်တို့က အုပ်ချုပ်သူတွေဖြစ်တယ်၊ တကယ်သက်ဆိုင်တာ ရေးတဲ့သူတွေနဲ့ အယ်ဒီတာအဖွဲ့နဲ့ပေါ့နော် သူတို့သဘောပါ"
သမ္မတရုံးရဲ့ညွန်ကြားချက်ထဲမှာတော့ ရှေ့ဦးစွာ သတင်းမီဒီယာကောင်စီကိုတိုင်ကြားရန် သတင်းမီဒီယာဥပဒေအရ မြန်မာသတင်းမီဒီယာကောင်စီက ညှိနှိုင်းဖြေရှင်းပေးရန်နဲ့ ဖြေရှင်းတာ မပြေလည်ခဲ့ပါက သက်ဆိုင်ရာတရားရုံးမှာဥပဒေနဲ့အညီ တရားစွဲဆိုဖို့ပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ပြန်ကြားရေးဝန်ကြီး ဦးအောင်လှထွန်း ကတော့ မှတ်ချက်မပေးလိုကြောင်းပြောပါတယ်။
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့်ကတော့ ရန်ကုန်တိုင်းအစိုးရက သမ္မတရုံးရဲ့ညွန်ကြားချက်ကိုလိုက်နာဖို့ လိုအပ်ကြောင်းပြောပါတယ်။
"သမ္မတရုံးရဲ့ ညွန်ကြားချက်အပေါ်မှာ လိုက်နာဖို့တော့ တာဝန်ရှိတာပေါ့နော်၊ အဲဒီညွန်ကြားချက်မှာ ဘာတွေပြောထားတယ်၊ ဘယ်လောက်အထိဆိုလိုလဲဆိုတာက ဒါအုပ်ချူပ်ရေးအပိုင်းကလုပ်ရမယ့်ကိစ္စပဲ ကျနော်တို့ကတော့ သမ္မတရုံးရဲ့ ညွန်ကြားချက်ကို လိုက်နာဖို့လိုတယ်ဆိုတာပဲ ပြောချင်ပါတယ်။"
နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသီဟသွေးကတော့ အခုလိုတောင်းပန်မှ အမှုကိုပိတ်သိမ်းပေးမယ် ဆိုတာဟာ သမ္မတရုံးရဲ့ညွန်ကြားချက်နဲ့မကိုက်ညီသလို အငြင်းပွားမှုတွေဖြစ်လာခဲ့ရင် ရန်ကုန်တိုင်းအစိုးရရဲ့ တာဝန်ပဲလို့ပြောပါတယ်။
"ရန်ကုန်တိုင်းအစိုးရက နိုင်ငံပိုင်သတင်းစာမှာ တောင်းပန်မှ အမှုကိုပိတ်သိမ်းပေးမယ်ဆိုတာက ဒီ၅၀၅(ခ)ကိုပဲ ကိုင်စွဲထားတယ်၊ မတောင်းပန်ရင် ဒီ၅၀၅(ခ)ကိုမလွှတ်ဘူးဆိုတာက မူလလမ်းကြောင်းပေါ်ပဲ ဆက်ပြီး ရပ်တည်နေတာပေါ့၊ မီဒီယာသမားတွေဖြစ်ချင်တာကော သမ္မတရုံးကညွန်ကြားချက်နဲ့ကော မကိုက်ညီ ဘူးပေါ့နော်၊ မူလအတိုင်းဘဲရပ်တည်မယ် ဖိနှိပ်မှုတွေများလာမယ်၊ အငြင်းပွားမှုတွေဖြစ်လာခဲ့ရင် ဒါရန်ကုန်တိုင်းအစိုးရရဲ့တာဝန်ပဲ"
Eleven မီဒီယာကသတင်းထောက်၃ဦးဟာ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက အာမခံလျောက်ထားခဲ့ပြီး လာမယ့် ၂၆ ရက်နေ့မှာ ဆက်လက်ရုံးထုတ်မှာဖြစ်ပါတယ်။