နိုင်ငံရေးအရှုပ်အထွေးကြားက မရေရာတဲ့ ပညာရေး

မေစိုး(ဝါရှင်တန်ဒီစီ)
2021.06.02

အာဏာသိမ်းစစ်ကောင်စီက ဇွန်လဆန်းမှာ အခြေခံပညာကျောင်းတွေကို အတင်းအကြပ်ပြန်ဖွင့်ဖို့ ကြိုးစားနေပေမယ့် ကျောင်းပြန်တက်ရောက်မယ့် ကျောင်းသားအရေအတွက် နည်းပါးတာ၊ ပညာရှင် ဆရာ၊ဆရာမတွေ အာဏာသိမ်းဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက် ဆရာဆရာမအများအပြား အလုပ်က ထုတ်ပယ်ခံနေရတာတွေကြောင့် မြန်မာနိုင်ငံပညာရေး အနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။ စစ်တပ်က အတင်းအကြပ်ပြန်ဖွင့်မယ့် အတန်းပညာရေးဟာ စစ်ကျွန်ပညာရေးသာ ဖြစ်တယ်ဆိုပြီး ကျောင်းမတက်ရေး လှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် တပိုင်တနိုင် အခမဲ့သင်မယ့် အခမဲ့ပညာရေးသင်တန်းတွေလည်း ရှိလာနေပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီး ၅ လအကြာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်နိုင်ဖို့ အတင်းအကြပ် ကြိုးစားနေပေမယ့် မူလတန်းအဆင့်ကစ အထက်တန်းအဆုံး ကျောင်းအပ်တာ နည်းပါးနေတယ်လို့ သတင်းမီဒီယာတွေမှာ ကျောင်းဆရာဆရာမတွေ၊ မိဘတွေက ပြောကြပါတယ်။

တချိန်ထဲမှာလည်း စစ်တပ်က အတင်းပြန်ဖွင့်မယ့် ကျောင်းတွေဟာ စစ်ကျွန်ပညာရေးသာဖြစ်တယ်ဆိုပြီး ကျောင်းမတက်ရေးလှုပ်ရှားမှု ရှိနေသလို ကျောင်းတွေမှာ ဗုံးပေါက်ကွဲတာတွေ ရှိလာနေတဲ့အတွက် နိုင်ငံရေးခံယူချက်၊ လုံခြုံရေးအခြေအနေတွေအရ မထားလိုတဲ့ ကျောင်းသားမိဘတွေလည်း ရှိပါတယ်။

မိခင်တစ်ဦးကလည်း စစ်ကောင်စီလက်အောက်မှာ ကျောင်းမထားနိုင်ကြောင်း၊ ဒီမိုကရေစီပြန်ရမှ ကျောင်းထားမှာဖြစ်ကြောင်း RFA ကို ပြောပြပါတယ်။

"စစ်ကောင်စီရဲ့ လက်အောက်မှာ ဘယ်တော့အခါမှ ကလေးတွေကို ကျောင်းမထားပါဘူး။ ဘာလို့ကျောင်းမထားလဲဆိုရင် ကျောင်းတွေမှာ ဗုံးခွဲတယ်။ ဖြစ်ချင်တိုင်းတွေ ဖြစ်တဲ့အပေါ်မှာ သားသမီးတွေကို စိတ်ချစွာနဲ့ လုံးဝမထားနိုင်ပါဘူး။ ကိုယ်ထောက်ခံထားတဲ့သူတွေ မဟုတ်တဲ့အတွက် သူတို့ကို လုံးဝမယုံပါဘူး။ သူတို့ဖွင့်တဲ့ ကျောင်းတွေမှာမထားရလည်း ကလေးတွေကို အပြင်မှာ ဘာသာစကားတွေ သင်ပေးမယ်။ ထူးချွန်အောင် လုပ်မယ်။ ဒီမိုကရေစီပြန်ရမှ ကလေးတွေကို ကျောင်းထားမယ်။ ဒီစနစ်ကြီးအောက်မှာတော့ ဘယ်သောအခါမှ ကျောင်းမထားပါဘူး။"

အများစုကတော့ နိုင်ငံရေးခံယူချက်အရ ကျောင်းတက်ဖို့ ငြင်းဆန်ကြသူတွေဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ပညာကို အေးအေးဆေးဆေး သင်ယူနိုင်မှာ မဟုတ်သလို၊ စစ်ကောင်စီပညာရေးက အကောင်အထည်ဖော်မယ့် နှုတ်တိုက်အလွတ်ကျက် ပညာရေးဟာလည်း တန်ဖိုးမရှိဘူးလို့ ပြောကြသူတွေရှိပါတယ်။

ကျောင်းသူ ကျောင်းသားတွေရဲ့ အနာဂတ်ကို သတ်နေတဲ့ ဒီစစ်အာဏာရှင်လက်ထက်မှာရှိတဲ့ ပညာရေးစနစ်မှာ ကလေးတွေကို ကျောင်းမထားနိုင်ကြောင်းကိုလည်း ပဲခူးတိုင်းက ကျောင်းသားမိခင်တစ်ဦးက RFA ကို ပြောပါတယ်။

education-under-miltiary.jpg
၂ဝ၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီ ဖွင့်လှစ်လိုက်တဲ့ ကျောင်းဖွင့်ရက်က စစ်တွေမြို့ အ.ထ.က(၂) ကျောင်းဝန်းရှေ့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

"ကလေးတွေရဲ့ အနာဂတ်ကို သတ်နေတာ။ ပညာမတတ်အောင် ဘာမှမသိအောင် မတတ်အောင် အဲ့လိုမျိုးသူတို့က လုပ်နေတာ။ ဒါမှ သူတို့က လုပ်ချင်တိုင်းလုပ်လို့ရမှာ၊ အုပ်ချုပ်ချင်သလို အုပ်ချုပ်လို့ရမှာ။ ကလေးတွေ သိနေတတ်နေရင် သူတို့ကိုထပ်ပြီးတော့ တော်လှန်နေမှာ။ မတော်လှန်နိုင်အောင်လို့ ပညာရေးကို သတ်နေတယ်လို့ပဲမြင်တာပဲ။ ဒီစစ်အာဏာရှင်လက်ထက်မှာ ကျောင်းမထားဘူး"

အခုချိန်မှာ ကျောင်းတက်ဖို့ထက် တော်လှန်ရေးအောင်ဖို့က အရေးကြီးကြောင်းကို Gen Z ကျောင်းသားတစ်ဦးက ဆိုပါတယ်။

"ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က နှစ်တွေအကြာကြီး ဆိုးရွားလာခဲ့တာ။ ကျွန်တော်တို့ကျောင်းသား ဘဝတစ်လျှောက်လုံးမှာ parrot learning လို့ခေါ်တဲ့ ကြက်တူရွေး နှုတ်တိုက်ဆိုတဲ့ ပညာရေး စနစ်နဲ့ပဲ ကျွန်တော်တို့ သင်ကြားလာခဲ့ရတာ။ အခြေခံ ကျောင်းပညာဆိုတာ ကျွန်တော်တို့ဆီမှာ အောင်လက်မှတ်သာသာတစ်ခုပဲ ရှိတယ်။ ကျောင်းပြီးသွားလို့ လက်တွေ့ဘဝမှာ အဲ့ပညာတွေက တကယ် အသုံးချလို့မရဘူး။ အောင်လက်မှတ်နဲ့လဲ ဘဝရဲ့ စားဝတ်နေရင်းဖြေရှင်းလို့မရဘူး။ မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့လက်အောက်မှာ ပညာကို အေးဆေးသင်ယူနိုင်မှာမဟုတ်ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့က တော်လှန်ရေးကို အာရုံစိုက်ပြီး လုပ်နေရတာပါ။ မအောင်မြင်ခဲ့ရင် ကျွန်တော်တို့က ၈၈ ကလိုမျိုး စနစ်ဆိုးကြီးထဲမှာ ပိတ်မိနေဦးမှာပဲ။ ကျွန်တော်တို့နောက်တခေါက်တော့ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကို အောင်မြင်အောင်တိုက်မှ ရမှာပါ။ ကျောင်းတက်လက်စ အသက်ပေးခဲ့ရတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အရမ်းတတ်ချင်နေတာတောင်မှ သူတို့ကို အားနာဖို့ကောင်းပါတယ်။ အားနာသင့်ရုံနဲ့ ကျောင်းမတက်သင့်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စစ်ကောင်စီရဲ့ လက်အောက်မှာ ဘယ်လို လက်မခံနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။"

တဖက်မှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဆရာဆရာမအများအပြား အလုပ်မဆင်းရေး အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မှာ ပါဝင်နေကြပါတယ်။ ဒီလိုပါဝင်နေတဲ့အတွက် မြန်မာတပြည်လုံးမှာ အခြေခံပညာသင် ဆရာ၊ ဆရာမ လေးသိန်းကျော် ရှိတဲ့အနက် တစ်သိန်းကျော်ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီက စာရင်းထုတ်ပြန်ထားပါတယ်။

cdm-teacher.jpg
၂ဝ၂၁ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသော ဆရာ၊ ဆရာမများ။(Photo: AFP)

ကျောင်းသားတွေအနေနဲ့ အတန်းပညာတတ်မှ ပညာတတ်ဖြစ်တာမဟုတ်ဘဲ စစ်ကောင်စီလက်ထက် အိမ်မှာ စဉ်ဆက်မပြတ် သင်ယူခြင်းအားဖြင့် ပညာဆည်းပူးလို့လည်း ရတယ်လို့ ရန်ကုန်က CDM ဆရာမတစ်ဦးက ပြောပါတယ်။

''အခုက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ အရရော ဆရာ၊ဆရာမတွေ တော်တော်များများ CDM လုပ်နေကြတယ်။ နဂိုကတည်းက ကျောင်းတွေမှာ ဆရာ၊ဆရာမ အင်အားနဲ့ ကျောင်းသား အင်အားနဲ့က လုံးဝ မမျှဘူး။ အခုလို CDM ဆရာ၊ ဆရာမတွေနဲ့ဆိုတော့ ပိုလို့တောင် ဆိုးသေးတယ်။ ကျောင်းသွားမှ ပညာတတ်မှာမဟုတ်ဘူး။ အဓိကက ကလေးတွေကို စဉ်ဆက်မပြတ် သင်ယူနေဖို့၊ အိမ်မှာလည်း ပညာသင်ပေးလို့ရပါတယ်။ အခုလို အချိန်အခါမျိုးမှာ ကျောင်းသွားဖို့ကို အားမပေးဘူး။"

ဒီလို အခက်အခဲကြားကပဲ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ မတက်ချင်သူတွေ အိမ်ကနေ ပညာသင်ချင်သူတွေ အတွက် အင်တာနက် ချိတ်ဆက်လို့ ရတဲ့ နေရာတွေမှာ ပညာသင်နိုင်အောင် Online Free Class Learning Centerတွေကို ပြည်တွင်းရော ပြည်ပကနေပါ ဖွင့်လှစ်ပေးနေတာလည်း ရှိပါတယ်။

ကလေးတွေ အိမ်မှာနေရင်း အချိန်တွေ ကုန်သွားမယ့် အတူတူ အသိပညာဗဟုသုတတိုးဖို့ နဲ့ အင်တာနက်ကနေ အဆင့်မြင့်ပညာတွေ သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာလို့ အွန်လိုင်းကနေ သင်ကြားပေးနေတဲ့ Teaching Children At Home Myanmar မှ မထက်ထက်က RFA ကိုပြောပါတယ်။

''မိဘတွေအနေနဲ့ သားသမီးကို စာသင်ပေးတော့မယ်ဆို ဘယ်က စရမှန်းမသိ ဖြစ်နေတဲ့ လမ်းပျောက်နေတဲ့ မိဘတွေအတွက် တဖက်တလမ်းကနေ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ကလေးတွေအနေနဲ့ အိမ်မှာ ဘာမှမလေ့လာဘဲနဲ့ အချိန်တွေ ကုန်သွားမယ့် အတူတူ ကျွန်မတို့အနေနဲ့ general knowledge ရဖို့ ကလေးအတွက် သင်ဖို့ အခွင့်အရေးရအောင် ဖန်တီးပေးတဲ့ programလေး တစ်ခုဖြစ်ပါတယ်။ အစိုးရကျောင်းတွေမှာ တစ်နှစ် တစ်တန်းတောင် အလွတ်ကျက် အလွတ်ရေးတွေကြောင့် critical thinking၊ creativity တွေ အရမ်းအားနည်းလာပါတယ်။ ကျွန်မတို့ ဒီ online platform က life lecture တွေကိုထုတ်ပေးနေတာ မဟုတ်ဘူး။ recorded lecture တွေကို အဆင်ပြေတဲ့အချိန်မှာ ဝင်ပြီးတော့ ကြည့်နိုင်တဲ့ အတွက်ကြောင့် အင်တာနက်ရတဲ့အချိန်မှာမှ ကြည့်လို့ရပါတယ်။ Video တွေကို download လုပ်ခွင့်ပေးထားတဲ့အတွက်ကြောင့် offline လည်း ကြည့်ရှု့နိုင်မှ ဖြစ်ပါတယ်။ ကလေးတွေကို အိမ်မှာ နေနေပေမယ့်လည်း quality education တစ်ခုကို internet ရရင် ရတဲ့အချိန်မှာ ဝင်ကြည့်ပြီး ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ဒီလို တပိုင်တနိုင် သင်တန်းတွေကနေ ဘယ်လိုမျိုးပညာတွေကို ပို့ချလို့ရလဲဆိုတာကို smile education က မမေပုလဲသွယ်က RFA ကို အခုလိုပဲပြောပါတယ်။

"ကျောင်းတွေမှာက Resource တွေရှိတယ်။ resource တွေက သင်ကြားသင်ယူမယ့် သင်ခန်းစာတွေကို CD တို့ memory stick ထဲမှာ ထည့်သွားပြီးတော့ instructor ကို သင်ထားပေးပြီး ကျောင်းသူကျောင်းသားတွေကို ပို့ချပေးရင် အကျိုးရှိမယ်လို့ မြင်တယ်။ ပညာရေးဝန်ကြီးဌာနက ယခုလက်ရှိထုတ်ထားတဲ့ ကျောင်းသင်ခန်းစာတွေ အပြင် ဒီကနေ့ လက်တွေ့ဖြစ်နေတဲ့ အကြောင်းအရာတွေကိုလည်း resource တွေကို စုဆောင်းပြီး တကယ့်ဝေးလံတဲ့နေရာက ကလေးတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကို ပို့ခလို့ရတယ်။"

စစ်ကောင်စီလက်ထက်ပညာရေးဟာ ကျောင်းသားနဲ့ဆရာဆရာမတွေရဲ့ ဆန့်ကျင်မှုတွေ ကြုံနေရသလိုပဲ တဖက်မှာလည်း လွတ်လပ်စွာ ပညာသင်ခွင့်မရှိတဲ့ အခြေအနေလို့ ထောက်ပြတာတွေရှိပါတယ်။

စာသင်ကျောင်းတွေမှာ လက်နက်ကိုင်တပ်တွေ တပ်စွဲထားတဲ့အတွက် ဒါဟာ လွတ်လပ်စွာပညာသင်ခွင့်ကို ချိုးဖောက်မှုပဲလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန်ရှုတ်ချထားပါတယ်။

မြန်မာစစ်တပ်က စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာ ဖြစ်တဲ့အတွက် စာသင်ကျောင်းတွေကနေ စစ်တပ်တွေချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save The Children, ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး UNESCO နဲ့ UNICEF အဖွဲ့တွေက မေလ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဧပြီလကုန်အထိ သုံးလအတွင်းမှာ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာ ဆရာမ စုစုပေါင်း ၇၀ ခန့် အသတ်ခံခဲ့ရပြီး၊ ပညာရေး ဝန်ထမ်းပေါင်း ၈၄၀ ကျော် ဖမ်းဆီးခံထားရကြောင်း ယူနက်စကိုက မေလ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။