ကချင်လူ့အသိုက်အဝန်းရဲ့ ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်

RFA Burmese
2023.01.13
ကချင်လူ့အသိုက်အဝန်းရဲ့ ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား တွေ့ရစဉ်။
RFA

“၂၀၂၂ နှစ်သစ်ကို ဖြတ်သန်းတဲ့အခါ ကျနော်တို့ စီစဉ်ထားတဲ့ ဖြစ်ချင်တဲ့အရာတွေကို ဘုရားသခင်နဲ့ သန့်ရှင်းတဲ့ ဝိဉာဉ်တော်တန်ခိုးနဲ့ လုပ်သွားကြရအောင်။ ကျနော်တို့ သတ္တိရှိတဲ့ စိတ်နဲ့ သွားကြရအောင်။ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်၊ တွေဝေတဲ့ စိတ်နဲ့ မဟုတ်ဘဲ ဘုရားသခင်က လုပ်ပေးနိုင်တယ်ဆိုတဲ့ ရဲရင့်တဲ့ စိတ်နဲ့ သွားကြရအောင်။ ဘုရားသခင်က ကျနော်တို့ကို ကြောက်တဲ့စိတ် ပေးမထားဘူး၊ ရဲရင့်တဲ့ စိတ်ကိုပဲ ပေးထားတယ် ဆိုတာကို သတိရကြရအောင်”

ဒါကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညမှာ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းသားတွေထံ ပြောကြားခဲ့တဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကား ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညမှာတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ သူ့ကိုချစ်တဲ့ ကချင်ပြည်သူတွေအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကား မပြောနိုင်တော့ဘဲ စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းကို ဖြတ်သန်းခဲ့ရပါတယ်။

လောလောဆယ် သူ့ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံရေးပုဒ်မ ၅၀၅ (က)နဲ့ ထောင်တွင်းတရားရုံးကနေ စစ်ဆေးနေပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ပါ ထပ်မံ တရားစွဲဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျန်းမာရေးမကောင်းလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သူ အဖမ်းခံခဲ့ရတာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အင်မတန် ရိုးသားဖြောင့်မတ်ပြီး မိသားစုကိုသာမက လူသားအားလုံးကို ချစ်ခင်ကြင်နာတတ်သူဖြစ်တယ်လို့ ဇနီးဖြစ်သူ ဆရာမဇုန်းညော်က RFA ကို ပြောပါတယ်။

“ကျမတို့အတွက်ကျတော့ ဘယ်လိုပြောမလဲ တကယ့်ကို သစ်ပင်ကြီးတစ်ပင် အရိပ်ပေးနေတဲ့ဟာက လုံးဝ ပျောက်သွားတာပေါ့၊ ကျမအမျိုးသားက အင်မတန် ဖြောင့်မတ် ရိုးသားပြီး သူများတွေအပြင် အိမ်မှာရှိတဲ့ မိသားစုကိုလည်း အမြဲတမ်း ချင်ခင်ကြင်နာပြီးမှ ဖခင်ပေမယ့်လည်း ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတဲ့ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်တယ်၊ ဒါပေမဲ့ အခုက ဘာပဲဖြစ်ဖြစ် သူက တရားရင်ဆိုင်ရတယ် ဆိုတော့ ကျမကတော့ ဆုတောင်းပြီး ခွန်အားယူတာကလွဲပြီး ဘာမှလည်းမလုပ်နိုင်ဘူး၊ ဘာမှလည်း မဆောင်ရွက်နိုင်ဘူး။ ဘုရားဆီမှာပဲ ခွန်အားယူပြီး နေနေရပါတယ်”

ခရစ်ယာန်ဘာသာမှာ သိက္ခာတော်ရဆရာတော်တွေကို သိုးထိန်းတွေအဖြစ် တင်စားလေ့ရှိပြီး၊ အသင်းသားတွေကိုတော့ သိုးတွေအဖြစ် တင်စားလေ့ရှိပါတယ်။ သူ့ခင်ပွန်း ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဘုရားသခင်ကို ချစ်ခင်မြတ်နိုးတဲ့ သိုးထိန်းကောင်းတစ်ဦး ဖြစ်ပါတယ်လို့ ဇနီးဖြစ်သူက ရည်ညွှန်းပါတယ်။

အသက် ၆၅ နှစ်အရွယ် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ သွေးတိုးနဲ့ မွေးရာပါ အဆုတ်အားနည်းသူ ဖြစ်ပါတယ်။ အဖမ်းခံရကတည်းက မိသားစုနဲ့ လုံးဝတွေ့ခွင့်မရဘဲ ဆေးဝါးနဲ့ အစားအစာ ပို့ခွင့်မရတာကြောင့် သူ့ကျန်းမာရေးအတွက် စိတ်ပူမိတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်တွင်း တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ခဲ့ပေမယ့် ခဏတာ စစ်ဆေးပြီး ဒီနေ့ ၁၃ ရက်နေ့မှာ ထပ်မံ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပုဒ်မတပ်ပြီး အမှုတောင် စစ်ဆေးနေချိန်မှာ မိသားစုနဲ့ တွေ့ခွင့်မပေးတာက ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦး က ပြောပါတယ်။

“လူတစ်ယောက်ကို ဖမ်းမယ်ဆို ဝရမ်းပါရမယ်ဆိုတာ မှန်တယ်။ ဝရမ်းပါရမယ်၊ နောက်ပြီး ဖမ်းဆီးတဲ့အချိန်မှာ အခုဟာက ဘာအတွက် ဖမ်းတာတုန်း၊ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာ ချပြရမှာပေါ့။ နောက်ပြီးတော့ စခန်းမှာ အရင်ထားရမယ်၊ ထားပြီးမှ စစ်ကြောရေးကို ခေါ်ရမှာပါ။ အခုဟာကတော့ စစ်ကြောရေးပဲ တန်းတန်းခေါ်တာ၊ ခေါ်ပြီးတဲ့ အချိန်မှာမှ စခန်းကလည်း သူတို့ပြောတဲ့အတိုင်းပဲ ရဲက ပြန်ပြီး အမှု ဖွင့်နေရတာ များတာပေါ့၊ ဒါတွေက ဥပဒေနဲ့ မညီဘူးပေါ့။ စစ်ကြောရေး ထွက်တဲ့အခါကျတော့ သက်သေခံ မဝင်ဘူးပေါ့၊ ဒါပေမဲ့ အခုဟာတော့ ဒီဟာနဲ့ပဲ တရားရုံးတွေက အမိန့်ချနေတာ”

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မွေးဖွားတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မွေးချင်း ၁၀ ယောက်ထဲက ငါးယောက်မြောက် သား ဖြစ်ပါတယ်။

dr-hkalam-samso
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ဥက္ကဋ္ဌ ‌ဒေါက်တာ ခလမ်ဆမ်ဆွန် ဦးဆောင်တဲ့အဖွဲ့ ၂၀၂၀ ဒီဇင်ဘာ ၁ ရက်နေ့က မြစ်ကြီးနားမှာတွေ့ဆုံစဉ်။ (Photo: KBC)

၁၉၇၈ ခုနှစ်ကစလို့ ဘုရားအမှုတော်ကို ထမ်းဆောင်လာတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ၂၀၁၀ ခုနှစ်ကစပြီး အသင်းသား လေးသိန်းဝန်းကျင်နဲ့ ဖွဲ့စည်းထားတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌတာဝန်ကို ပူးတွဲထမ်းဆောင် ခဲ့တာပါ။ ဒီနောက်ပိုင်း ကချင်လူ့အသိုက်အဝန်း တစ်ခုလုံးအတွက် ပိုအရေးပါတဲ့ တာဝန်တွေကို ပြောင်းရွှေ့ တာဝန်ထမ်းနေပေမယ့်လည်း သူ့ရဲ့ မူလ အသင်းတော်ဖြစ်တဲ့ KBC မှာ အကြံပေးပုဂ္ဂိုလ်အဖြစ် သူတတ်နိုင်သမျှ လုပ်ဆောင်ပေးနေပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွက် အလွန် အရေးပါတဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်သလို စစ်ဘေးဒုက္ခသည် ကူညီရေး လုပ်ငန်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ အမြဲ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KBC တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“KBC ရဲ့ သာသနာရေးအခန်းကဏ္ဍတွေမှာ သူ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ ကချင်လူမျိုးတွေအတွက် အခြေခံကျတဲ့ စားဝတ်နေရေးကအစ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် IDP ကိစ္စတွေဆို သူစွမ်းစွမ်းတမံ ရှေ့တန်းနေရာတွေ တိုက်ပွဲဖြစ်တဲ့နေရာတွေမရှောင် ဆရာကြီးက သွားပြီးတော့ ကယ်ထုတ်တာတွေ လုပ်ပါတယ်။ ကျနော်တို့ KBC မှာလည်း အခု အချိန်မှာက IDP ကိစ္စကအစပေါ့ အစစအရာရာ သူ့လို ပြောရဲဆိုရဲတဲ့သူလည်း အင်မတန် လိုအပ်တာပေါ့၊ ဆိုတော့ ကျနော်တို့ KBC အတွက်လည်း အထူးရေးပါတဲ့ ပုဂ္ဂိုလ်လို့ ကျနော်က အဲလိုပဲ မြင်ပါတယ်”

ဒေါက်တာ ခလမ်ဆမ်ဆွန် အဖမ်းရတဲ့အတွက် KBC အသင်းတော်တစ်ခုလုံး ဝမ်းနည်း စိတ်ထိခိုက်နေပြီး သူလွတ်မြောက်လာဖို့ ကော်မတီဖွဲ့ ကြိုးပမ်းနေသလို ဘာသာရေး အရလည်း နေ့တိုင်းမေတ္တာပို့ ဆုတောင်းနေကြတယ်လို့ သူက ဆိုပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်လူ့အသိုက်အဝန်းအတွက် ထူးခြားတဲ့သူ ဖြစ်သလို သူ့ရဲ့ အမည်နာမဟာလည်း ထူးခြားပါတယ်။ ခရစ်တော်မပေါ်ခင်က ဖိလတ္တိလူမျိုးတွေ လက်အောက်မှာ ဖိနှိပ်ခံထားရတဲ့ ဣသရေလ (အစ္စရေး ဂျူး) လူမျိုးတွေကို ကယ်တင်ဖို့ အတွက် ခွန်အားဗလနဲ့ ပြည့်စုံပြီး ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့ “ဆမ်ဆွန်” လို့ အမည်ရတဲ့ သားယောကျာ်းတစ်ဦးကို ဘုရားသခင်က ကောင်းချီးပေး မွေးဖွားပေးခဲ့ကြောင်း ခရစ်ယာန်သမ္မာကျမ်းစာမှာ ပါရှိပါတယ်။

"အခုလို သိက္ခာတော်ရဆရာတော်ကို ဖမ်းဆီးတာက မသင့်တော်ဘူးလို့ ကျနော် မြင်ပါတယ်။"

ဒါကြောင့် ဒေါက်တာ ခလမ်ဆမ်ဆွန် ကိုလည်း ကချင်လူမျိုးတွေအတွက် ဘုရားသခင်က ဖန်တီးပေးထားတဲ့ ကောင်းချီးမင်္ဂလာအဖြစ် KBC အသင်းသားတွေက ယုံကြည် ထားပါတယ်။

သူ့ကို ပုဒ်မနှစ်ခုတပ် တရားစွဲထားပေမယ့် ဘာကြောင့် အဲဒီလို ဖမ်းဆီးတရားစွဲဆိုတာလဲ ဆိုတာကို မိသားစုက အခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ အဖမ်းမခံရခင် တစ်လကျော် အောက်တိုဘာ ၂၃ ရက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲ တိုက်ခိုက်ခံရပြီး လူ ၆၀ ကျော် သေဆုံးချိန်က ဒဏ်ရာရသူတွေ အရေးပေါ်ဆေးကုသမှု ခံယူနိုင်ဖို့အတွက် လူသားဆန်တဲ့စိတ်နဲ့ ကူညီပေးတာမျိုးတော့ လုပ်ခဲ့တယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။

ကချင်လူ့အသိုက်အဝန်းက လေးစားတန်ဖိုးထားတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် တစ်ယောက်ကို KIA/KIO နဲ့ ပတ်သက်ဆက်နွယ်လို့ဆိုပြီး ဖမ်းဆီးအရေးယူဖို့ ကြိုးစားတာက မသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“အဓိက သူကတော့ ရိုးရိုးဘာသာရေးဆရာဆိုတာထက် သိက္ခာတော်ရ ဆရာတော် ဖြစ်တယ်၊ ဒါကြောင့် သူ KIA/KIO သာမကဘူး ဘယ်အဖွဲ့စည်းမဆို သူ့ကိုခေါ်ပြီဆိုရင် ဆုတောင်းပေးတယ်၊ ဝိဉာဉ်ခွန်အားတွေ ပေးတယ်၊ အဲလိုမျိုးက အမြဲတမ်းလုပ်နေကျ ဖြစ်ပါတယ်။ KIA လိုင်ဇာဘက်ကိုသွားတဲ့ တစ်ခုတည်း အနေနဲ့တော့ အကုန်လုံး သွားနေကြတာ၊ လွန်ခဲ့တဲ့ အချိန်လည်းသွားတယ်၊ အခုလည်းသွားတယ်၊ နောင်လွတ်လာလည်း သွားနေမှာ ဖြစ်ပါတယ်။ ဘာလို့ဆို KIA မှာလည်း KBC အသင်းသူ အသင်းသားတွေ ရှိပါတယ်၊ အခုအခြေနေမျိုးမှာ တစ်မျိုးတစ်ဖုံအနေနဲ့ ဖြစ်သလား၊ တခြားစွပ်စွဲချက်တွေ ရှိသလား ဒါကတော့ ဂဃနဏ မသိဘူး၊ ဒါပေမဲ့ အခုလို သိက္ခာတော်ရဆရာတော်ကို ဖမ်းဆီးတာက မသင့်တော်ဘူးလို့ ကျနော် မြင်ပါတယ်။"

၂၀၁၉ ခုနှစ်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံက ဘာသာရေးနဲ့ လူအခွင့်ရေးအခြေအနေတွေ ပြောခဲ့လို့ဆိုပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တရားစွဲခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမှုကို ပြန်ပိတ်ပေးခဲ့ပါတယ်။

ဒါကြောင့် အခုတစ်ကြိမ်မှာရော ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လွတ်လာမလားဆိုပြီး မိသားစုဝင်တွေနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားတွေက ဆုတောင်းမျှော်လင့်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။