ပြည်တွင်းစက်သုံးဆီမလုံလောက်မှု ပြဿနာ ကြုံတွေ့နေရ
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် ဒေသတချို့မှာ ပြည်တွင်းစက်သုံးဆီ ပြတ် တောက်တာနဲ့ စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတာတွေကို ကြုံနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာမှန်ပေမဲ့ အရောင်းဆိုင်တွေမှာ ဆီအလုံအလောက်မရှိ ဖြစ်နေတာက ပြဿနာဖြစ်နေတာလို့လည်း ပြောကြပါတယ်။
"ဈေးအတက်အကျပေါ် မူတည် တာမဟုတ်ဘဲနဲ့ ဆီကိုလုံးဝမရကြတာ"
ရန်ကုန်မြို့မှာဆိုရင် စက်သုံးဆီ အရောင်းဆိုင်တချို့မှာသာ ဆီဖြည့်လို့ရနေပြီး အဲဒီဆိုင်တွေ မှာ အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ် မောင်း တစ်ယောက်က ပြောပြပါတယ်။
“ဘယ်လိုရှိနေလဲဆိုတော့ လက်ရှိအနေအထားကတော့ အခြေအနေမကောင်းဘူး။ နေ့ လယ်ပိုင်းဆို လုံးဝပြတ်တယ်။ အခုဒီမနက်ဆိုလည်း တော်တော်များများ ဆိုင်တွေပြတ် နေတယ်။ တချို့တချို့ဆိုင်တွေလောက်ပဲရှိတယ် အဲဒီလိုမျိုး။ ဆိုင်တိုင်းက ဆီဆိုင် ၁၀၀ ရှိရင် လက်ကျန်ဆီရှိတဲ့ ဆိုင် ၂၀ လောက်ပဲ ရောင်းပေးတော့ ၁၀၀ လောက်မှာ ထည့် မယ့်ကားတွေက အဲဒီဆီဆိုင် ၂၀ လောက်ကိုပဲ ပြုံသွားတာ ပြဿနာက အဲဒီလိုမျိုး။ ဆိုင်တိုင်းမှာ မရတော့ဘူး အဲဒီလိုဖြစ်နေတာ။ သူက ဈေးအတက်အကျပေါ် မူတည် တာမဟုတ်ဘဲနဲ့ ဆီကိုလုံးဝမရကြတာ။ အဲဒီလိုဖြစ်နေတာ”
ရန်ကုန်မြို့ပေါ်မှာ အောက်တိန်း 92, 95 တစ်လီတာဈေးနှုန်းတွေဟာ ဇွန်လ ၄ ရက် ဒီနေ့ဈေးနှုန်း ၂၁၉၅ ကျပ် ဝန်းကျင်ရှိနေပြီး အရင်ပြီးခဲ့တဲ့ မေလ ၄ ရက်နဲ့ယှဉ်လိုက်ရင် တစ်လအတွင်း ၂၃၀ ကျပ် ဈေးတက်သွားတာကို စက်သုံးဆီအရောင်းဆိုင်တွေရဲ့ စာရင်းတွေအရ တွေ့ရပါတယ်။
ရန်ကုန်မှာတင်မဟုတ်ဘဲ မန္တလေးမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့မေလလယ်ကစပြီး စက်သုံး ဆီအခက်အခဲကို ကြုံတွေ့နေကြရသလို ဆီမရတဲ့ ဆိုင်တွေ၊ ဈေးနှုန်းပါ မဖော်ပြတော့တဲ့ ဆိုင်တွေလည်း တွေ့ရတယ်လို့ မန္တလေးမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။
“အခုလက်ရှိ မန္တလေးမှာက ဆီဈေးလည်းတက်တယ် ဈေးကွက်လည်းပြတ်တယ်။ ဆိုင်တိုင်းမှာမရှိဘူး။ ဆိုင်တော်တော်များများမှာက 92 ကုန်နေတယ်၊ 95 ကုန်နေတယ် ဆိုပြီးတော့ စာတွေကပ်ထားတာ တွေ့ရတယ်။ ဆိုင်အကြီးကြီးတွေမှာကိုက အဲဒီလို တွေ့ရတာ။ 92, 95 သွားထည့်တယ်ဆိုရင် အပြင်ဆိုင်းဘုတ်မှာ ရေးထားတဲ့ ဈေးထက် လည်း ပိုများတယ်။ တချို့ဆိုင်တွေဆိုရင် LED ဆိုင်းဘုတ်တွေမှာ ဈေးမရေးထားတော့ ဘူး”
စက်သုံးဆီရရှိနေတဲ့ ဆိုင်တွေဟာလည်း ဖော်ပြထားတဲ့ဈေးနှုန်းထက် ပိုများတဲ့ဈေးနဲ့ ရောင်းချတာရှိနေပြီး တစ်ဖက်မှာလည်း မှောင်ခိုဈေးကွက်လို့ ပြောလို့ရတဲ့ ရေသန့်ဗူးနဲ့ ရောင်းချကြတဲ့ လမ်းဘေးဆီဆိုင်တွေကို သိသိသာသာ တွေ့လာရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အခု ဇွန်လလယ်လောက်အထိ ပြည်တွင်း စက်သုံးဆီ အလုံ အလောက်ရဖို့ ပြည်ပကနေ တင်သွင်းထားပြီးဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။
“ဆီလုံလောက်မှုကတော့ ကျနော်ပြောသလိုပါပဲ။ ကျနော်တို့အနေနဲ့ ဓာတ်ဆီ၊ ဒီဇယ် ၁၆ ရက်နေ့အထိ အပြည့်အစုံ တင်သွင်းပြီး ဖြစ်ပါတယ်။ သို့သော်လည်း လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာနေတာ ရှိပါတယ်။ တချို့ဟာတွေကလည်း ခက်တော့ခက်ပါတယ်။ လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာတာက အချင်းချင်းတော့ အပြစ်တော့ ပြောကြတာ ပေါ့လေ”
ဒါပေမဲ့လည်း အခုလိုပြောပြီး လေးရက်အတွင်းမှာပဲ စက်သုံးဆီပြတ်တောက်မှုကို မြေပြင် မှာ လက်တွေ့ကြုံတွေ့နေပါတယ်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံထဲကို စက်သုံးဆီတင် သွင်းခွင့် ပိတ်ပင်ခံထားတာမျိုးလည်း မရှိပါဘူး။
ပြည်တွင်းလိုအပ်ချက်အရ စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရပြီး အဓိက စင်ကာပူကနေ တင်သွင်းနေရတယ်လို့ စစ်ကောင်စီရဲ့ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန PPRD က ဇွန် ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို စက်သုံးဆီပြတ်တောက်မှု အခြေအနေတွေဟာ နိုင်ငံရဲ့ ငွေရေးကြေးရေး အခက်အခဲနဲ့ အကြောင်းမျိုးစုံကြောင့် ဖြစ်ပေါ်နေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပြပါတယ်။
“ကိစ္စတွေက အများကြီးပဲပေါ့။ ကျနော်တို့နိုင်ငံမှမဟုတ်ပါဘူး အင်္ဂလန်လို အရမ်းချမ်း သာပြီး ပြည့်စုံတဲ့ နိုင်ငံမှာလည်း ပြီးခဲ့တဲ့လက ဆီပြတ်ပြီး ကားတွေတန်းစီရတာမျိုး ဖြစ်ခဲ့တာပေါ့။ နိုင်ငံတကာမှာကိုက စက်သုံးဆီက ရှားသွားတာကိုး။ ကျနော်တို့နိုင်ငံ ကလည်း ပဲဆီတွေဘာတွေ ဝယ်ရတာ အခက်အခဲလေးတွေ ရှိတာပေါ့။ ငွေရေးကြေး ရေးအရ၊ သပိတ်မှောက်ထားတော့ အရင်တစ်ခါက CDM လုပ်တော့ ဘဏ်တွေက ပိုက်ဆံပေးဖို့ နောက်ကျခဲ့တာတွေရှိတော့ အဲဒါလည်း နည်းနည်းခက်တာပေါ့ဗျာ။ အစုံပေါ့။ အကြောင်းတရားတွေကတော့ အများကြီးပေါ့။ ကျနော်တို့က ဒေါ်လာလည်း သုံးရတော့ အစိုးရအနေနဲ့လည်း ငွေဈေးမတက်အောင် ကြိုးစားရတာပေါ့။ အကြောင်း တရားတွေ အများကြီးပဲ”

လက်ရှိမှာ ပြည်တွင်း စက်သုံးဆီဖူလုံစေရေး သူတို့အနေနဲ့ ဆက်လက် တင်သွင်းလုပ် ဆောင်နေတယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက စက်သုံးဆီဈေးနှုန်းတွေကို ဖော်ပြထားတဲ့ Global Pertol Prices မှာတော့ မေလ ၃၀ ရက်နေ့ မြန်မာနိုင်ငံက အောက်တိန်း 95 တစ်လီတာ ဈေးနှုန်းဟာ ၁ ဒဿမ ၃ ဒေါ်လာ ရှိနေတာကို တွေ့ရပါတယ်။
ဒါဟာ ၁ ဒဿမ ၂ ဒေါ်လာကျော် ပေါက်ဈေးရှိတဲ့ အမေရိကန်၊ ဂျပန် နိုင်ငံအပြင် တစ်လီ တာ ၁ ဒေါ်လာခန့်သာရှိနေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထက်ပါ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်းတွေက များပြားနေတာဖြစ်ပါတယ်။
နောက်ပြီး မလေးရှားနိုင်ငံက စက်သုံးဆီဈေးနှုန်းတွေမှာ အစိုးရက ထပ်ဆောင်းဖြည့်ဆည်း ပေးလို့ မြန်မာနိုင်ငံထက် ၆၀ ရာခိုင်နှုန်း သက်သာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဌာနက ရေးသားထားသလို မြန်မာနိုင်ငံမှာတော့ အခွန်လျော့ကောက်ပြီး သက်သာတဲ့ဈေး နှုန်းရဖို့ မူဝါဒရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လမှာလည်း စက်သုံးဆီပြတ်တောက်မှုကို ပြည်တွင်းမှာ ကြုံတွေ့ခဲ့ရသလို အဲဒီ နောက် ဆီတန်ချိန် ခုနှစ်သောင်းကျော်ပါတဲ့ ဆီတင်သင်္ဘော နှစ်စီး ဝင်ရောက်လာတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းက မေ ၂၁ ရက်မှာ ထုတ်ပြန် ခဲ့ပါတယ်။