တိုင်းပြည်အနာဂတ်အတွက် ဆေးရုံတွေကိုဆရာဝန်တွေ ကျောခိုင်းခဲ့
2021.02.08
နိုင်ငံတဝန်းက အစိုးရဝန်ထမ်းတွေရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့လှုပ်ရှားမှုမှာ ဆေးရုံတွေ၊ ဆေးတက္ကသိုလ်တွေက ဆရာဝန် ဆရာမ ကျောင်းသားစတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆေးရုံတွေကို သူတို့ ကျောခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်သူတချို့က ဒါဟာ လူနာတွေကို ကုသပေးရမယ့် ကျင့်ဝတ်နဲ့ ကိုက်ညီပါရဲ့လားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဆေးတက္ကသိုလ် -၁ ရန်ကုန်ရဲ့ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုး က လူနာတွေကိုနည်းမျိုးစုံနဲ့ ကုသနိုင်အောင် သူတို့ စီစဉ်ပေးထားကြောင်း၊ လက်ရှိ မြန်မာပြည်သူတွေဟာ လက်နက်အားကိုးအနိုင်ကျင့်တဲ့ စနစ်ဆိုးကြောင့် ထိုက်တန်တဲ့ ဆေးကုသမှုကို မရရှိခဲ့ဘဲ အသက်ဆုံးပါးခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို အာဏာလက်နက်ရှိသူတွေက အကျိုးအကြောင်းမဲ့ ဥပဒေမဲ့ ဖမ်းဆီးနိုင်တဲ့ နိုင်ငံမျိုးမှာ မိမိတို့ရဲ့ မျိုးဆက်တွေကို မထားခဲ့နိုင်တဲ့အတွက် သူတို့ အနစ်နာခံရတော့မှာဖြစ်ကြောင်း စသဖြင့် အွန်လိုင်းက တဆင့်မနေ့က ပြောကြားခဲ့ပါတယ်။ သူက အခု လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဘဝတူကျန်းမာရေးဝန်ထမ်းတွေရဲ့ ပေးဆပ်မှုကို နားလည်ထောက်ခံတယ်လို့ ပြောပါတယ်။
"ဘယ်လောက်တောင် ခံစားရတယ် ဘယ်လောက်တောင် စွန့်လွှတ်ခဲ့ရတယ် ဘယ်လောက်တောင် ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိရှိနားလည်ပါတယ် ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ နောင် တသက်လုံးအတွက် နောင်အနာဂတ်တွေအတွက် နောင်မျိုးဆက်သစ်တွေအတွက် နောင်မြန်မာနိုင်ငံတော်ကြီးအတွက် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျတော်တို့တွေ ရဲဝံ့ ခဲ့ကြတယ်။ စွန့်လွှတ်ခဲ့ကြတယ် ၊အနစ်နာခံခဲ့ကြတယ်၊ ပြတ်သားခဲ့ကြတယ်၊ စည်းလုံးခဲ့ကြ ညီညွတ်ခဲ့ကြ ပေါင်းစည်းခဲ့ကြပါတယ်။ ပါဝင်သူတိုင်း ပါဝင်သူတိုင်း အထူးပဲ ကျေးဇူးတင်ရှိပြီး အထူးပဲ ဂုဏ်ယူနေမိပါတယ်။ မိမိတို့ရဲ့ နာမည်၊ ရာထူး ၊ ဌာနတွေကို စနစ်တကျ မှတ်တမ်းတင်ထားကြဖို့ လိုပါတယ်။ သူတို့ စာရင်းကောက်ဖို့ မလိုပါဘူး၊ ကျတော်တို့စာရင်းရှိဖို့ လိုပါတယ်။"
ဒီလှုပ်ရှားမှုမှာပါဝင်ဆန္ဒပြနေတဲ့ ရန်ကုန်အနောက်ပိုင်းဆေးရုံက မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ နီလာသိန်းကလည်း ဒီကာလအတွင်းမှာ ပြည်သူတွေ မိမိကျန်းမာရေးအတွက် အထူးသတိထားကြဖို့ သတိပေးပါတယ်။
"ရောဂါဖြစ်လာမယ်ဆိုတာတော့ ဘယ်သူမှကြိုမသိသလို ဖြစ်လာရင်လည်း ဝေဒနာကို တားလို့မရဘူးပေါ့နော်။ ပြည်သူတွေ အနေနဲ့ တော့ မိမိကိုယ်ကို မိမိ ဂရုစိုက်ဖို့ ကာကွယ်ဖို့ဒီကာလ အရေးကြီးတယ်။ တကယ်လို့ ရောဂါအခံရှိတယ်ဆိုရင်လည်း မိသားစုဆရာဝန်နဲ့ ချိတ်ဆက်ပြီးတော့ အခုလည်း ဆေးခန်းတော်တော်များများက အခမဲ့ ကြည့်ရှုပေးမယ်ဆိုတဲ့အကြောင်း ဆေးဆိုလည်း အခမဲ့ပေးမယ်ဆိုတဲ့ ဆေးခန်းတွေ စာရင်းရှိတယ်။ အဲလိုမျိုးကို ဆက်သွယ်ချင်လည်းဆက်သွယ် ဒါမှမဟုတ်လည်း ကိုယ့်ရဲ့မိသားစုဆရာဝန်ကို ဆက်သွယ်ပြီး ညွှန်ကြားချက်ကို လိုက်နာပြီးတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်စေချင်တယ်။ အဓိကကတော့ ဒီလိုကာလမှာ ဘာမှမဖြစ်ဖို့ဆိုတာက မိမိကိုယ်ကို စောင့်ရှောက်ခြင်းသာ အဓိကကျပါတယ်။ ကျမတို့ ကိုယ်တိုင်က CDM ထဲမှာ ပါနေပြီ ဆိုတော့ စိတ်ပူရုံပဲ တတ်နိုင်တယ်။ ဆရာဝန်တွေ ဝန်ထမ်းတွေ အားလုံးရဲ့ ရင်ထဲမှာ လူနာတွေ ဘယ်လိုများ အဆင်မှ ပြေပါ့မလားဆိုတဲ့ စိတ်က ရှိကြတာပဲ။ ဒါပေမဲ့ ဒီ့ထက်ပိုပြီး အရေးကြီးတဲ့ ကျမတို့ Generation တခုလုံး စိတ်ပူရမဲ့ အနေအထားမျိုးတွေကို ကျမတို့တွေက လက်ပိုက်ကြည့်နေလို့ မရဘူး၊ ဘေးထွက်ထိုင်နေလို့ မရဘူး။"
ဆရာဝန်ကြီး ပါမောက္ခ ဇော်ဝေစိုးက ကိုဗစ်- ၁၉ ဖြစ်ပွားမှုပြန်လည်တိုးပွားလာရင်အရေးပေါ် ကုသပေးနိုင်ရေးအတွက် သူတို့ စီစဉ်နေပါတယ်လို့လည်း ပြောပါတယ်။
“ကျတော်တို့သဘောပေါက်ပါတယ် ဆေးရုံတွေနဲ့ ဌာနတွေအားလုံး CDM လုပ်သွားကြရင် ကျနော်တို့ private ဆေးရုံတွေ private ဆေးခန်းတွေမှာ စစ်ဆေးပြီး positive ဖြစ်တဲ့လူနာများကို CDM လုပ်တဲ့ Volunteer များနဲ့ ကိုဗစ်စင်တာများကို တည်ထောင်ဖို့ လိုမှာဖြစ်ပါတယ်။ ဆက်လက် run လုပ်ဖို့ လိုမှာဖြစ်ပါတယ်။ ဒါ့အတွက် ကျနော်တို့ အစီအစဉ်များဆောင်ရွက်ရန် အခြေအနေပေးရင် ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပါတယ်။”
အခုလို အစိုးရကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံတွေကို ပိတ်ပြီး လုံးဝအလုပ်မဆင်းတော့ဘဲ ပြည်သူတရပ်လုံးနဲ့အတူ အာဏာဖီဆန်ပွဲမှာ ပါဝင်လာတာဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။