ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး ကုလဆွေးနွေး


2019.07.03
christine-burgener-sittwe-jan22-622.jpg ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ ၂၀၁၉၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ပတ်သက်လို့ တိုးတက်မှုမတွေ့ရဘဲ မြန်မာဘက်က အရမ်းနှောင့်နှေးနေပြီး၊ အရေးတယူလုပ်ကိုင်ဆောင်ရွက်တာ မတွေ့ရဘူးဆိုရင် "အချက်ပေးသံချောင်း ခေါက်ရလိမ့်မယ်" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းဘာဂနာ က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပုံမှန်လုပ်နေကျမဟုတ်တဲ့ အစည်းအဝေးမှာ မစ္စ ဘာဂနာ ပြောလိုက်တာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ လက်တွေ့အခြေအနေအရ အပြောင်းအလဲကြီးကြီးမားမား မတွေ့ရဘူး၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဆက်ပြီး သြဇာလွှမ်းလို့ရအောင်ဆိုတာမျိုး ဆောင်ရွက်နေတဲ့အခြေအနေမှာ မြန်မာအရပ်သားအစိုးရအနေနဲ့လုပ်ရကိုင်ရတာ အလွန်ကိုခက်ခဲနေတယ်လို့လည်း မစ္စ ဘာဂနာက ထောက်ပြပါတယ်။

သူ့အနေနဲ့ အမြင့်ဆုံးရည်မှန်းထားတာက မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေးဖြစ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပပျောက်နိုင်ဖို့လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေအဆုံးသတ်ဖို့ မစ္စ ဘာဂနာက ပထမအဆင့်အနေနဲ့ တောင်းဆိုတယ်လို့ ပြောသွားတာပါ။ တိုက်ပွဲတွေကြောင့် ဗုဒ္ဓဘာသာရော၊ မွတ်စလင်ပါ ထွက်ပြေးနေရတာ ၃ သောင်းကျော်နေပြီလို့ သူကပြောပါတယ်။ ဒါ့အပြင် သူက --

ဒီတိုက်ပွဲတွေကြောင့် ဒေသတွင်းမှာရှိတဲ့ ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို၊ လူ့အဖွဲ့အစည်း အားလုံး ကပ်ဘေးဒုက္ခ ကြုံနေရသလို၊ ဒုက္ခသည်တွေအနေနဲ့ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ၊ နေရပ်ပြန်ဖို့ကိစ္စတွေလည်း ထိခိုက်ရတယ်လို့ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်ပူးပေါင်းဆောင်ရွက်ရေးမှူး Elaine French ကလည်း၊ ရခိုင်ပြည်နယ်မှာ အနည်းအကျဉ်းလောက်ပဲ အခြေအနေတိုးတက်မှုရှိတာတွေ့ရပြီး၊ စိုးရိမ်စရာကောင်းနေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ သဘောထားအတူတူပဲလို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရက ရခိုင်ဒေသမှာ အင်တာနက်လိုင်းတွေ ဖြတ်ထားတာဟာ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့ဘဝမှာ နေခွင့်ရနေပြီလို့ ခံစားနိုင်အောင် ဖန်တီးပေးတာမျိုးမဟုတ်ဘူးလို့ သံသယဖြစ်စေတယ်လို့ ဆိုပါတယ်။

အကောင်းဘက်ကဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ဆောင်ရွက်နေတဲ့၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး မဟာဗျူဟာ မူကြမ်းချမှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မစ္စ ဘာဂနာကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ဒုက္ခသည် သုံးသောင်းထဲမှာ ၁ သောင်း ၃ ထောင် ပြန်လာဖို့ မြန်မာအစိုးရက အတည်ပြုပြီးပြီ၊ အဆင့်မြင့်အရာရှိအဖွဲ့တစ်ဖွဲ့လည်း ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်ဖို့ပြင်ထားတယ်၊ AA အဖွဲ့က တိုက်နေတဲ့ကိစ္စအပါအဝင် လူ့အခွင့်အရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတွေမှာ အခက်အခဲတွေရှိနေပေမယ့်၊ မြန်မာအစိုးရအနေနဲ့တော့ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်ခင်ဗျာ။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။