လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆိုက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာရ

RFA Burmese
2023.01.28
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆိုက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာရ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး တွေကြောင့် ဇန်နဝါရီလ ၂၅ ရက်ကစလို့ ရွာပေါင်း ၁၁ ရွာနဲ့ ဒေါစဲ၊ ဒေါတမြေး၊ ဒေါတငူးတောင်ခြေ စစ်ဘေးဒုက္ခသည်စခန်းတွေက ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဇန်နဝါရီလ ၂၂ ရက်နောက်ပိုင်း ထိုးစစ်ဆင်လာတာပါ။ အဲဒီနောက် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရတာပါ။

ဒီးမော့ဆိုမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းနီးပါးအနက် ငါးထောင်ကျော်က ဒီရက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“အခုက ကျနော်တို့က တစ်သောင်းနီးပါး ပြောတယ်ဆိုတာက အသစ်ထပ်ရွှေ့လာတဲ့ ရွာတွေရှိတယ်။ အဲဒီရွာတွေရဲ့ လူဦးရေပဲပေါင်းခြင်းဖြစ်တယ်။ အရင်တုန်းက ရှိနေပြီးသား စခန်းသုံးခုကဟာတွေကို ထပ်မပေါင်းတော့ဘူးပေါ့နော်။ အခုက စစ်ဖြစ်ပွားကတည်းက လုံးဝမရှောင်ရသေးတဲ့ ရွာတွေပါလာတယ်။ အဲဒါကြောင့်မို့လို့ ပျမ်းမျှက ဒီတစ်ခေါက် ထပ်ရွှေ့တာက ရွာ ၁၁ ရွာနဲ့ စခန်းသုံးခုက လူဦးရေ ငါးထောင်ကျော်ရှိတယ်။ ဒါပေမဲ့ အဲဒီ ငါးထောင်ကျော်ထဲက တစ်ထောင်ကျော်ကို နုတ်လိုက်တယ်။ ပြီးတော့မှ တစ်သောင်း ကျော်သွားတာပေါ့နော်”

ကျေးရွာ ၁၁ ရွာက လူဦးရေ လေးထောင်ကျော်နဲ့ စစ်ဘေးဒုက္ခသည် စခန်းသုံးခုက လူဦးရေတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လိုက်ရတာလို့ သူက ပြောပါတယ်။

လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်ခံရတဲ့အတွက် အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတော့ (ဒီးမော့ဆိုမြို့) အရှေ့ရော၊ အနောက်ရော နေ့တိုင်းလိုလို ထုတယ်ဗျ။ လက်နက်ကြီးကျတာတော့ မှန်တယ်။ စစ်ဘေးရှောင်တွေကျတော့ တချို့လူတွေက ထပ်ရွှေ့ရတာပေါ့နော်။ တစ်နေရာကနေ နှစ်နေရာ၊ နှစ်နေရာကနေ သုံးနေရာ။ အရှေ့ဘက်ခြမ်းမှာလည်း ဒီလိုပဲ၊ အနောက်ဘက်ခြမ်းမှာလည်း ဒီလိုပဲ။ ကျနော်တို့ဘက်မှာတော့ အများကြီးရှိတယ်။ မိသားစုလိုက်ထိတာလည်း ရှိတယ်။ အဲဒီလိုမျိုးတွေ အများကြီးကြုံရတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့သူတွေရှိတယ်။ ခြေပြတ်သွားတဲ့သူ၊ လက်ပြတ်သွားတဲ့သူလည်းရှိတယ်ပေါ့နော်”

အရပ်သားထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကို ဒီးမော့ဆိုမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၇) ၊ ခြေလျင်တပ်ရင်း ခလရ (၁၀၂) နဲ့ လွိုင်ကော်မြို့ အခြေစိုက် အမြောက်တပ်တွေကနေ လုပ်ဆောင်နေတာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် (DMO PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

demoso refugees
ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

“တိုက်ပွဲက ၂၄၊ ၂၅ ရက်မှာတော့ ကြီးကြီးမားမားရှိတယ်။ (ကျန်တဲ့ရက်တွေမှာ) ထိပ်တိုက် တိုက်ပွဲတွေတော့ ရှိတယ်ဗျ။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မရှိဘူး။ စစ်ကြောင်းတော့ သူတို့ထိုးလာတယ်လို့ ကျနော်တို့တော့ သိရတယ်။ ဒီးမော့ဆို အရှေ့ဘက်နားမှာ စစ်ကြောင်း နှစ်ကြောင်းလောက် ထိုးလာတယ်လို့ပြောတယ်။ တိုက်ပွဲဖြစ်တဲ့နားမှာတော့ အရပ်သားထိခိုက်မှုတော့ မရှိဘူး။ လက်နက်ကြီးကျတဲ့ ဘက်မှာတော့ အရပ်သား ထိခိုက်တယ်လို့ ကြားတယ်။ ဒီးမော့ဆိုမြို့နယ်မှာက သူတို့ (စစ်ကောင်စီတပ်) က လူထုကြားမှာပဲ နေတယ်လေ။ ကြာပြီပေါ့ ဒါက ခံတပ်ပေါ့နော်။ ၄၂၇ နဲ့ ၁၀၂ က နဂိုကတည်းက ရှိပြီးသားတပ်ပေါ့နော်”

ကယားပြည်နယ်အတွင်း တိုက်ပွဲအချက်အလက်တွေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်နေတဲ့ တိုးတက်သောက ရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း လက်တလောတိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်၊ ကျဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။

 "ပျမ်းမျှက ဒီတစ်ခေါက် ထပ်ရွှေ့တာက ရွာ ၁၁ ရွာနဲ့ စခန်းသုံးခုက လူဦးရေ ငါးထောင်ကျော်ရှိတယ်။"

ကယားပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို စစ်ကောင်စီက သတင်း ထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိနေပြီး ဒါဟာ ပြည်နယ်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ ကယားပြည်နယ်အနှံ့အပြား၊ နယ်စပ်ဒေသနဲ့ ရှမ်းပြည်နယ်တောင်းပိုင်းတွေမှာ ခိုလှုံနေတာပါ။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာတော့ အာဏာသိမ်းပြီးနောက် လူဦးရေ ၁ ဒဿမ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။