ရခိုင်မှာ တိုက်ပွဲ တစ်ရက်အတွင်း အရပ်သား ငါးဦးသေ၊ ၁၈ ဦးဒဏ်ရာရ

RFA Burmese
2023.11.14
ရခိုင်မှာ တိုက်ပွဲ တစ်ရက်အတွင်း အရပ်သား ငါးဦးသေ၊ ၁၈ ဦးဒဏ်ရာရ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Photo: RFA

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက် မနေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ထရွန်အိုင်နဲ့ နှုံးဘူး အထိုင်ချဗျူဟာ စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မနက် ၆ နာရီကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီနေ့ ညနေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကြံ့ကြံ့ခံနေပေမယ့် AA တပ်ဖွဲ့ဝင်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ နှစ်ဖက်စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပေမယ့် တိုက်ပွဲတွေကတော့ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက် မနေ့က တစ်ရက်တည်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ငါးဦးသေဆုံးပြီး၊ ၁၈ ဦး ဒဏ်ရာရသွားခဲ့သလို အရပ်သား ခုနှစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

“ရွာသားတွေဟာ လက်နက်ကြီးနဲ့ ထပ်ပြီး ပစ်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်”

သေဆုံးသူတွေကတော့ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မသန်းကျော့နဲ့ အသက် ၆၈ နှစ်အရွယ် ဦးအောင်ကျော်ဇော၊ မင်းပြားမြို့နယ် ဖားပြို (ချင်း) ရွာက အသက် ၅၀ ကျော်အရွယ် ချင်းအမျိုးသား ဦးကျော်သိန်းဖြူနဲ့ မြောက်ဦးမြို့ပေါ်က နှစ်ဦးဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ မြောက်ဦးမြို့နယ်မှာ လေးဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ရှစ်ဦး၊ ရသေ့တောင်မြို့နယ်မှာ သုံးဦး၊ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက တစ်ဦးနဲ့ မင်းပြားမြို့နယ်မှာ နှစ်ဦး၊ စုစုပေါင်း ၁၈ ဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ မနေ့ နေ့လယ်က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အပေါက်ဝရွာသား တစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ အပေါက်ရွာမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် သေပြီးတော့ ဒဏ်ရာရတာက အကုန်လုံး ရှစ်ဦးရှိတယ်။ ဦးအောင်ကျော်ဇောကတော့ ခေါင်းမှာ လက်နက်ကြီးကျည် ကျတဲ့အတွက် ဆုံးသွားတယ်။ သူ့ဇနီးကတော့ ပေါင်နှစ်ဖက်လုံးမှာ ဒဏ်ရာရသွားတယ်။ အခု ဆေးရုံမှာရှိတယ်။ နောက်ပြီးတော့ သူတို့နဲ့ အတူရှိနေတဲ့ ၁၂ တန်း ကျောင်းသူလေး တစ်ယောက် ဘယ်ဖက်လက် ပြတ်သွားတယ်။ နောက်ပြီးတော့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ရင်ဝကိုကျပြီး သေသွားတာ”

အပေါက်ဝရွာမှာရှိတဲ့ နယ်မြေရဲစခန်းက စခန်းမှူး အပါအဝင် ရဲတပ်သား နှစ်ဆယ်ကျော်ဟာ မနေ့ မနက်ပိုင်း က ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချခဲ့တာကြောင့် စစ်ကောင်စီတပ်က နေဗီ သင်္ဘောကရော၊ အမြောက်တပ်ရင်းကပါ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွာသားတွေဟာ လက်နက်ကြီးနဲ့ ထပ်ပြီး ပစ်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဒဏ်ရာပြင်းထန်တဲ့ လူနာ သုံးဦးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

အလားတူပဲ မင်းပြားမြို့နယ်မှာလည်း မနေ့က လက်နက်ကြီး ပေါက်ကွဲခဲ့တာကြောင့် စပါးရိတ်နေတဲ့ ဖားပြို (ချင်း) ရွာက အသက် ငါးဆယ်ကျော်အရွယ် ဦးကျော်သိန်းဖြူဟာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့ပေါ်မှာလည်း မနေ့ ညအချိန်က စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဥက္ကာပျံရပ်ကွက် အသက် ၇၀ ကျော်အရွယ် ဒေါ်ရွှေနုနဲ့ မြေးဖြစ်သူ မဝင်းဝင်းလှိုင်တို့ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့ပေါ်မှာလည်း မနေ့ နေ့လယ်က ပစ်ခတ်မှုဖြစ်ပွားတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ရသေ့တောင့်မြို့ပေါ်မှာလည်း မနေ့ညက လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားခဲ့သလို နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က RFA ကို ပြောပါတယ်။

“မနေ့ကတော့ နေ့ခင်းကတည်းက အချိန်အကြာကြီး ပစ်တာ ခတ်တာ ရှိတယ်။ အထူးသဖြင့်တော့ လက်နက်ကြီး လှမ်းပစ်တာပေါ့။ တိုက်ပွဲဖြစ်နေတဲ့ မောင်တော နယ်စပ်ဘက်နဲ့ ရသေ့တောင် အနောက်ဘက် ချိန်ခါလီ၊ ဒုံးပိုက်ရွာဘက်ကိုပေါ့။ ညဘက်ကျတော့ ရေစိုးချောင်း ဗျူဟာနဲ့ စစ်တွေဘက်ကနေ လက်နက်ကြီး ပစ်သံကြားတယ်။ အဲဒီမှာပဲ ရသေ့တောင်မြို့ထဲကို လက်နက်ကြီးကျည် နှစ်လုံးပေါက်ကွဲပြီးတော့ အိမ်တချို့ ပျက်စီးတယ်၊ နောက်ပြီးတော့ အမျိုးသမီးတစ်ယောက် အသေးစား ဒဏ်ရာရတာရှိတယ်”

ရသေ့တောင်မြို့နယ်က စစ်ကောင်စီရဲ့ ချိန်ခါလီနဲ့ ဒုံးပိုက် နယ်ခြားစောင့် ရဲကင်းစခန်း နှစ်ခုကို AA က မနေ့က ဝင်တိုက်ခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ရာမှာ ချိန်ခါလီရွာက ဒေသခံနှစ်ဦးနဲ့ မောတောမြို့နယ် သင်္ဘောလှရွာက ဒေသခံတစ်ဦးလည်း ဒဏ်ရာရသွားခဲ့တာလို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းမှာ မနေ့က တိုက်ပွဲ စတင်ဖြစ်ပွားတဲ့နေ့မှာပဲ စစ်တွေမြို့မှာ နေထိုင်တဲ့ အရပ်သား ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စစ်တွေမြို့ ငါးစင်ရိုင်းချောင်း ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်နှစ်ဦးလည်း ပါဝင်တယ်လို့ ငါးစင်ရိုင်းချောင်း ဘုန်းကြီးကျောင်းက ဦးပညာစက္ကက မိန့်ပါတယ်။

“စစ်သားကားနဲ့ ကျောင်းရှေ့လာပြီးတော့ ဝင်ဖမ်းတာလေ။ စစ်သား ခြောက်ယောက်၊ ခုနှစ်ယောက်လောက် ပါတယ်။ ကားပေါ်က ဆင်းလာပြီးတော့ ကယ်ဆယ်ရေးစခန်းကို ဝင်ဖမ်းသွားတာ။ ဦးပဇင်းတို့ကျောင်းက ဆွမ်းဒကာ တစ်ယောက်ရယ်၊ နောက်ပြီးတော့ ကယ်ဆယ်ရေးစခန်းက နှစ်ယောက်ရယ်၊ နောက်ပြီးတော့ ဦးဇင်းတို့ ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်က ပိုင်ရှင်ရယ်၊ ဆိုင်မှာ လက်ဖက်ရည် သောက်နေတဲ့လူ နှစ်ယောက်ရယ် အကုန်လုံး ခြောက်ယောက် အဖမ်းခံလိုက်ရတယ်”

စစ်တွေမြို့ပေါ် စက်ရုံစုရပ်ကွက်မှာ နေထိုင်တဲ့ ကိုလင်းလင်းဆိုသူကိုလည်း မနေ့ ည ၁၀ နာရီအချိန်မှာ စစ်ကောင်စီတပ်က သေနတ်တွေ ဖောက်ပြီး ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။ နောက်ထပ် စစ်တွေမြို့နဲ့ တခြားမြို့တွေမှာ ဒေသခံတွေ ဖမ်းဆီးခံထားရကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်ပွားတိုင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မတရား ဖမ်းဆီးတာတွေရှိပြီး ဒီလုပ်ရပ်တွေကို ဆင်ခြင်ဖို့ လိုအပ်တယ်လို့ အမည်မဖော်လိုတဲ့ ရခိုင်မှာ လူ့အခွင့်အရေး လှုပ်ရှားနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းကလည်း တိုက်ပွဲဖြစ်တိုင်း ဖြစ်တိုင်းကို လက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းပစ်တာတွေ ရှိတယ်။ တစ်ကျော့ပြန် တိုက်ပွဲတုန်းကလည်း တော်တော်လေးကို အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေ ရှိတယ်။ အခုလိုလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာရယ်၊ မင်းပြားမြို့နယ် ဖားပြို ဆိုတဲ့ရွာရယ် အဲဒီနေရာတွေမှာ အရပ်သားတွေ သေတာကို သတင်းရရှိပါတယ်။ တိုက်ပွဲဖြစ်တာက အကြောင်းမဟုတ်ပါဘူး။ အဝေးက စခန်းကနေ လှမ်းပစ်လို့ရှိရင် ပြည်သူတွေ ဒုက္ခရောက်မယ် ဆိုတာကို ပြောချင်ပါတယ်။ ဒီလုပ်ရပ်တွေကို ဆင်ဆင်ခြင်ခြင် လုပ်စေချင်တယ်လို့ ပြောချင်ပါတယ်”

အရပ်သားတွေ ထိခိုက်၊ သေဆုံးမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့် ရဲစခန်းကို AA အဖွဲ့က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်မှုနဲ့ ချေမှုန်းတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ပြောပါတယ်။ ဒါပေမဲ့ နှစ်ဖက်တိုက်ပွဲ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မနေ့က တစ်ရက်တည်းမှာ ရသေ့တောင်၊ မင်းပြားနဲ့ မောင်တော စတဲ့မြို့နယ်တွေမှာ တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ပြီး စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ (Photo: RFA)
ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ (Photo: RFA)

မင်းပြားမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံးခဲ့ပြီး ခမရ (၃၄၄) တပ်ရင်းက ဒု-တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇင်ထွန်း၊ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် အပါအဝင် ဆယ်ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှရွာအနီး တိုက်ပွဲမှာလည်း စစ်ကောင်စီ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင် အပါအဝင် ၁၄ ဦးခန့် သေဆုံးပြီး သုံ့ပန်း တစ်ဦးနဲ့ လက်နက်ခဲယမ်း အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကတော့ မနေ့က တိုက်ပွဲအတွင်း တပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ နှစ်ဖက် စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ စစ်ကောင်စီက လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။