ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက် အာဏာသိမ်းပြီး ၈ လ အကြာမှာ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က အာဏာသိမ်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်က ဖမ်းဆီးခဲ့ပေမဲ့ သူ့ရဲ့သက်တော်စောင့်တွေကိုတော့ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းတွေမှာ အချိန်ရှစ်လလောက်စောင့်ကြည့်ပြီးမှ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ယူခဲ့တဲ့ ဒုရဲအုပ်ချယ်ရီထက်နဲ့ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့ နှစ်ယောက် တပြိုင်တည်း အဖမ်းခံခဲ့ရတာလို လုံခြုံရေးအရ အမည်မဖော် လိုတဲ့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လူကိုမဖမ်းခင် နှစ်ရက်လောက်အလိုက သူတို့ဖုန်းတွေ အရင်အသိမ်းခံရတယ်။ ဖုန်းတွေအရင်သိမ်းပြီး လူကိုတော့ မဖမ်းသေးဘူး။ လူကတော့ သူတို့အဆောင်မှာပဲရှိတယ်။ ရုံးလည်းပုံမှန်တက်တယ်။ ပြီးတော့မှ နောက်ရက်ကျမှ ဖမ်းသွားတာပေါ့နော် နှစ်ယောက်စလုံးကို။ အဲဒီမှာ ရုံးတက်နေတဲ့အချိန်မှာ ဖမ်းသွား တယ်လို့ သိတယ်ပေါ့နော်။ ပြီးတော့ သူတို့ရဲ့ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေကို အဆောင် ကနေလာပြီးတော့ လာယူသွားတယ်ပေါ့ စစ်တပ်ကနေ။ ညီမသိသလောက်က သူတို့ကစောင့်ကြည့်ခံ နေရတာပါ။ ရုံးကတော့ အတက်ပြနေရတာပေါ့နော်။ မတက်လို့ကလည်း မရဘူးလေ”
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ အရပ်သားအစိုးရကိုဖွဲ့နိုင်ခဲ့ပြီး အဲဒီအစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်လုံခြုံရေး ရယူဖို့အတွက် အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ငယ်ရွယ်ပြီး ရုပ်ရည်ပြေပြစ်တဲ့ ချယ်ရီထက်က ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စရောက်လာခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ ဒုရဲအုပ်ချယ်ရီထက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ အမြဲ လိုလိုတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စက္ကန့်မလပ်ရအောင် ဂရုစိုက်တတ်တဲ့ အမူအကျင့် တွေကြောင့် သူဟာ လူသိများလာပါတယ်။
၂၀၁၇ ခုနှစ် နေပြည်တော်က သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောနေစဉ်မှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။ အမှောင် ကျသွားတဲ့စက္ကန့်ပိုင်း အချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ညာနှစ်ဖက်ကို ချယ်ရီထက်နဲ့ နောက်ထပ်လုံခြုံရေးတစ်ယောက် လျှပ်တစ်ပြက်ရောက်လာပြီး သေနတ်အသင့်အနေထားနဲ့ ကာကွယ်ပေး ခဲ့တာကြောင့် ပြည်သူတွေရဲ့ ချီးကျုးမှုကို ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ချယ်ရီထက်အပေါ် သံယောဇဉ်တွယ်ခဲ့ပြီး တပ်ကြပ်ကြီးရာထူး ကနေ ဒုရဲအုပ်ရာထူးတိုးပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ ဆွဲကြိုးတစ်ကုံး ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
“အမေကိုယ်တိုင် ဒီဇိုင်းဆွဲပြီးလုပ်ပေးတာနော် ချယ်ရီ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကြောင့် အတိုင်းမသိအောင် ပျော်ရွှင်ရပြီး သူ့ဘဝမှာ အမြဲအမှတ်တရဖြစ်မယ့်နေ့ပါပဲလို့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ချယ်ရီထက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမကူးစက်ပျံ့နှံ့နေချိန် ချယ်ရီထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် အဝတ်နှာခေါင်းစည်းတစ်ခုကို ကိုယ်တိုင်ချုပ်လုပ်ပြီး လက်ဆောင်ပေးခဲ့ဖူးပါတယ်။
သူ့လက်နဲ့ ချုပ်ပေးတဲ့ အဝတ်နှာခေါင်းစည်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဝတ်ဆင်ခဲ့တာကြောင့် အပျော်လွန်ပြီး ညတောင်အိပ်ပျော်နိုင်မလားမသိဘူးလို့ ချယ်ရီထက်က သူရဲ့လူမှုကွန်ရက်မှာ စာရေးသား ခဲ့တာကြောင့် ခေါင်းဆောင်နဲ့ လက်အောက်ငယ်သားထက်ပိုတဲ့ သူတို့နှစ်ဦးကြား အပြန်အလှန်ထားရှိကြတဲ့ မေတ္တာတရားကိုလည်း မြင်တွေ့နိုင်ပါတယ်။
ချယ်ရီထက်ဟာ အမြဲလိုလို စိုးရိမ်တကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးအတွက် အထူး ဂရုစိုက်ပေးခဲ့သူဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် တစ်ဦးက ပြောပါတယ်။
“အမေစုကိုတွေ့တော့ ပြည်သူတွေက ဝမ်းပန်းတသာနဲ့ အဲဒီမှာတိုးဝှေ့ပြီးတော့ နှုတ်ဆက်တာမျိုးတွေ၊ အမေစုနားမှာ ပတ်ပတ်လည်ဝိုင်းနေတာမျိုးရှိတဲ့အချိန်ဆိုရင် သူ့ရဲ့မျက်နှာက အရမ်းကို အမေစုအတွက်ကို စိတ်ပူပန်မှုတွေဖြစ်နေပြီးတော့မှ တအားကိုသူကနေပြီးတော့မှ အမေစုအတွက် ပူပန်နေတာတွေဟာ သူရဲ့မျက်နှာပေါ်မှာ အထင်းသားမြင်ရတယ်။ သူဟာ အမေစုရဲ့လုံခြုံရေးအတွက်ကို စိုးရိမ်ပူပန်ကြီးစွာနဲ့ပဲ သူ့အနေနဲ့ပေါ့နော် ဂရုစိုက်ပေးနေတဲ့ပုံစံမျိုးအနေနဲ့ပဲ ကျမတို့ကတော့ တွေ့မိပါတယ်”
စစ်တပ်ကအာဏာသိမ်းချိန်မှာ ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့မဖြစ်နိုင်ခဲ့ဘဲ ပျောက်ခြင်းမလှပျောက်နေခဲ့ပြီးနောက် အခု ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က)နဲ့ အဖမ်းခံထားရတယ်ဆိုပြီး သိလာရတဲ့အပေါ်မှာတော့ ဘဝင်မကျလှဘူးလို့ သူကဆိုပါတယ်။
"လူကိုမဖမ်းခင် နှစ်ရက်လောက်အလိုက သူတို့ဖုန်းတွေ အရင်အသိမ်းခံရတယ်"
အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အနီးနားက သူတို့ကိုထားတဲ့အဆောင်တွေမှာ ရှိနေခဲ့တာပါ။
လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်း အာဏာ သိမ်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝအထိရောက်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာဖမ်းတဲ့သူတွေမှာ သူရဲ့အထက်အရာရှိတွေပါ ပါတာကြောင့် ဘာမှ မတတ်နိုင်ခဲ့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
ချယ်ရီထက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဘက်ကို မရောက်လာနိုင်တော့ဘဲ သူနေတဲ့အဆောင်မှာပဲ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကတော့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဒုရဲအုပ် ချယ်ရီထက်ဟာ စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တချို့ကို ဆက်သွယ်ခဲ့လို့ ဖမ်းဆီး စစ်ဆေးနေတာလို့ မန္တလေးမြို့အခြေစိုက် VOM သတင်းဌာနကို စက်တင်ဘာ ၂၆ ရက်နေ့က ပြောထား ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒုရဲအုပ်ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက NLD ပါတီရဲ့ ဘီးလင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနဲ့ ဆက်သွယ်ပြီး ဒေါ်သီရိရတနာက တောတွင်း စခန်းချနေမှုတွေ၊ လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံတွေနဲ့ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေကို အပြန်အလှန်ပေးတာတာတွေ ပြုလုပ်လို့ အမှုဖွင့်ရတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချယ်ရီထက်က လှုမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့ မတ်လအတွင်းမှာ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “လွမ်းလိုက်တာအမေ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း ပါရှိပါတယ်။
ချယ်ရီထက်ရဲ့ တရားဝင်အသုံးပြုတဲ့ CherryHtet အကောင့်မှာတော့ မတ်လ ၃ ရက်နေ့က အကောင့်ရဲ့ ပရိုဖိုင်ဓာတ်ပုံနေရာမှာ အနက်ရောင်ပုံတင်ထားတာကလွဲလို့ နောက်ပိုင်း Post တင်တာ၊ စာသားဝေမျှတာ မျိုးတော့ မတွေ့ရသေးပါဘူး။
စစ်တပ်ဟာ အာဏာသိမ်းတဲ့နေ့က နိုင်ငံ့ခေါင်းဆောင်တွေကိုပါ ထိန်းသိမ်းလိုက်ပေမဲ့ သက်တော်စောင့်တွေကို မဖမ်းဘဲ အချိန် ရှစ်လနီးပါးကြာလာချိန်မှာမှ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့လုပ်ရပ်အပေါ် ပြည်သူလူထုအကြား မှာ သံသယနဲ့စောင့်ကြည့်နေကြပါတယ်။