မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေ အရှေ့တောင်အာရှပြင်ပထိ ပျံ့နှံ့လာနိုင်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.20
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေ အရှေ့တောင်အာရှပြင်ပထိ ပျံ့နှံ့လာနိုင် လောင်းကစားရုံများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်မှာ အဆောက်အအုံတွေ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လက တွေ့ရစဉ်။
RFA

ကိုဗစ် ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းအချို့ဟာ လူကုန်ကူးမှုနဲ့ အင်တာနက်အခြေပြု ငွေလိမ်တဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာရာကနေ ဒီလိုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာပြီး ဒေါ်လာဘီလျံနဲ့ချီ အကျိုးအမြတ်ရှိတဲ့ တရားမဝင် လုပ်ငန်းကွန်ယက်တွေအဖြစ် ပေါ်ထွက်လာနေတယ်လို့ အင်တာနက် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ၂၀၂၃ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ညီလာခံ ဆွေးနွေးပွဲမှာ Atlantic Council အဖွဲ့က လေ့လာတွေ့ရှိချက်အချို့ကို တင်ပြခဲ့တာပါ။

အရှေ့တောင်အာရှ ဒေသတစ်ဝှမ်းက အထူးစီးပွားရေးဇုန်တွေမှာ ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်နေပြီး၊ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို သူတို့ အကျိုးအတွက် အသုံးချနေကြပါတယ်။ SEZ လို့ခေါ်တဲ့ အထူးစီးပွားရေးဇုန်တွေဟာ မသမာမှုနဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ အမျိုးမျိုးဖြစ်နေတဲ့ နေရာတွေ ဖြစ်လာနေပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ ထိုင်းမြန်မာ နယ်စပ်နားက ရွှေကုက္ကိုဆိုတဲ့ အထူးစီးပွားရေးဇုန်မှာ ဖြစ်နေတာတွေကို အဓိကထား ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နည်းပညာဇုန် ဖြစ်လာဖို့ ရည်မှန်းတည်ဆောက်ခဲ့တဲ့ ရွှေကုက္ကိုဟာ အခုအချိန်မှာ တရားဝင်နဲ့ တရားမဝင် လောင်းကစားရုံ အမျိုးမျိုးနဲ့ အင်တာနက်က ငွေလိမ်တဲ့ လုပ်ငန်းတွေ အခြေစိုက်ရာ ဖြစ်လာပါတယ်။ အရင်က ဒီဒေသက လုပ်ငန်းတွေဟာ ဒီဒေသမှာ လောင်းကစားနဲ့ အခြား တရားမဝင် အပျော်အပါး လုပ်ငန်းတွေလုပ်ဖို့လာကြတဲ့ ခရီးသွားဧည့်သည်တွေကို အမှီပြုနေရတာပါ။ ကိုဗစ်ကပ်ရောဂါနောက်ပိုင်းမှာ ခရီးသွားတွေ မလာကြတော့တဲ့အတွက်၊ ရာဇဝတ် ဂိုဏ်းတွေဟာ ငွေရှာလို့ရမဲ့ နည်းလမ်းအသစ်တွေ ရှာဖွေလာကြပါတယ်။ အဲဒီမှာ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ လူကုန်ကူးသူတွေနဲ့ ချိတ်ဆက်ပြီး၊ ပြန်ပေးဆွဲပြီး လိမ်ညာခိုင်းတဲ့ လုပ်ငန်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်

ဒါကတော့ Atlantic Council က ဆိုက်ဘာ မှုခင်းဆိုင်ရာ သုတေသီ Emma Schroeder ပြောသွားတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသမှာ အရင်က ဒေသတွင်းက လူတွေကို ဒေသအပြင်ကို လူကုန်ကူးမှုအနေနဲ့ ရှိခဲ့ပေမဲ့ အခုအချိန်မှာ ဒီ ရာဇဝတ်ဂိုဏ်းတွေကြောင့် ဒေသအပြင်က လူတွေကို ဒေသအတွင်းကို လူကုန်ကူးတဲ့ ပုံစံအဖြစ် ပြောင်းလဲလာကြောင်း၊ လူကုန်ကူးမှုတွေ လုပ်တဲ့နေရာမှာလည်း အရင်က အခြေခံ လူတန်းစားတွေ၊ စက်ရုံလုပ်သားတွေကို ပစ်မှတ်ထားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်ကြတဲ့ ပညာတတ် လူလတ်တန်းစားတွေကို အလုပ်အကိုင် အခွင့်အလမ်းနဲ့ မြှားခေါ်တဲ့နည်းလမ်းကို ကျင့်သုံးလာတဲ့အကြောင်း၊ ဒီလုပ်ငန်းတွေဟာ ကျွမ်းကျင်လုပ်သားတွေကို ချုပ်နှောင်ထားပြီး၊ အင်တာနက်ကနေ ငွေလိမ်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမရှိတဲ့ ခရစ်တို ငွေကြေးတွေ လိမ်ရောင်းရတဲ့ အလုပ်တွေကို အတင်းအကြပ် စေခိုင်းခံနေရတဲ့အကြောင်း Atlantic Council အဖွဲ့က ဆိုက်ဘာ မှုခင်းသုတေသီ Emma Schroeder နဲ့ Emily Ferguson တို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို စက်တင်ဘာ ၁၈ ရက်က တင်ပြခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်က ငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းတွေ အလုပ်လုပ်နေတဲ့ ပုံစံကိုလည်း Atlantic Council က ဆိုက်ဘာ မှုခင်းဆိုင်ရာ သုတေသီ Emma Schroeder က ခုလို ရှင်းပြပါတယ်။

ဒီလို ပြန်ပေးဆွဲပြီး ငွေလိမ်ခိုင်းတဲ့ လုပ်ငန်းတွေမှာ အဆင့်သုံးဆင့်နဲ့ လုပ်နေကြပါတယ်။ ပထမ ပညာတတ် လုပ်သားတွေကို ပုံမှန်ထက်ပိုတဲ့ လခတွေ ပေးမယ်ဆိုပြီး မြှားခေါ်တဲ့ အလုပ်ခေါ်စာတွေကို တရားဝင် အလုပ်ရှာတဲ့ တရားဝင် ဝက်ဘ်ဆိုဒ်တွေမှာ တင်ပါတယ်။ ဒီကြော်ငြာတွေက ကိုဗစ်ကြောင့် အလုပ် ထိခိုက်မှု အများဆုံးဖြစ်တဲ့ အိုင်တီနဲ့ စီမံရေးရာ လုပ်သားတွေကို ပစ်မှတ်ထားပါတယ်။ အဲဒီနောက် လူကုန်ကူးသူတွေက ဒီလုပ်သားတွေကို ကနဦး အလုပ်လုပ်ရတဲ့ နေရာကနေ၊ အလိမ်အညာ အလုပ်တွေလုပ်ရမဲ့ စင်တာတွေဆီကို ရွှေ့ပြောင်းပါတယ်။ နောက်ဆုံးမှာ အထူးစီးပွားရေး ဇုန်တွေထဲက ဟိုတယ် ကာစီနို တစ်ခုခုမှာ ဖွင့်ထားတဲ့ အင်တာနက် စင်တာတွေဆီမှာ အလုပ်လုပ်ခိုင်းပါတယ်။ အင်တာနက်ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖြားယောင်းတာ နဲ့ ချစ်သူအဖြစ် ဟန်ဆောင်တာ ပုံစံနှစ်မျိုးနဲ့ လိမ်ညာခိုင်းပါတယ်။ လိမ်ညာပေးရတဲ့ သူတွေကို Keyboarder လို့ ခေါ်ပြီး၊ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ စောင့်ခိုင်းထားပါတယ်။ လိမ်ခိုင်းတဲ့ ကိုတာ မပြည့်ရင် ရိုက်နှက် နှိပ်စက်တာ၊ အစာမကျွေးဘဲ ပိတ်လှောင်ထားတာတွေ လုပ်ပါတယ်။ လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်တွေအရဆိုရင် ဒီလို စင်တာတွေမှာ Keyboarder တွေ ရာနဲ့ချီပြီး အလုပ်လုပ်နေကြတာလို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရဆိုရင် မြန်မာနိုင်ငံက စင်တာတွေမှာ အတင်းအကြပ် အလုပ်လုပ်ခိုင်းခံနေရတဲ့သူ ၁၂၀,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်၊ အာဏာသိမ်း စစ်ကောင်စီရဲ့ သြဇာအာဏာ ကျဆင်းလာတာနဲ့ အမျှ၊ ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ အင်တာနက်မှုခင်းတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေခဲ့ကြတဲ့အကြောင်း၊ အခုဆိုရင် ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာဘီလျံနဲ့ချီပြီးရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ဖြစ်ပွားရာနေရာပြ မြေပုံနဲ့ အွန်လိုင်းငွေလိမ်မှု အချက်အလက်စာရင်းကို Atlantic Council က ထုတ်ပြန်ထားတာကို တွေ့ရစဉ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ဖြစ်ပွားရာနေရာပြ မြေပုံနဲ့ အွန်လိုင်းငွေလိမ်မှု အချက်အလက်စာရင်းကို Atlantic Council က ထုတ်ပြန်ထားတာကို တွေ့ရစဉ်။

အခုလို စစ်ရေး ပဋိပက္ခ တိုက်ခိုက်မှု၊ အစဉ်အလာ ရာဇဝတ်မှုနဲ့ အင်တာနက် ရာဇဝတ်မှု သုံးမျိုးလုံး ပေါင်းစပ်ပြီး မြန်မာနိုင်ငံကနေ စတင် ပေါ်ထွန်းလာတဲ့ ဒီလိုမှုခင်းတွေဟာ ဆိုင်ဘာ ရာဇဝတ်မှု လေ့လာစောင့်ကြည့်သူတွေ အတွက် မကြုံဘူးတဲ့ ပုံစံအသစ်တစ်ခု ဖြစ်နေပြီး အရှေ့တောင်အာရှ ပြင်ပက စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ အခြားဒေသတွေကိုပါ ပျံ့နှံ့လာဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒီလို အင်တာနက် အခြေပြု ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ အရှေ့တောင်အာရှ ဒေသတွင်းက နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ အရေးကြီးတဲ့အကြောင်းလည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။