ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဘာတွေလုပ်နေသလဲ
2021.02.19
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အာဏာရှင်စစ်ကောင်စီဖယ်ရှားပြီး ဒီမိုကရေစီပြန်လည် ရှင်သန်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှု အောင်မြင်ဖို့ အတွက် နိုင်ငံရေးရင့်ကျက်သူတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဒီမို ကရေစီအစိုးရပြန်လည်အာဏာရရှိရေးအတွက် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ကလည်း ဒီကော်မတီကို ဖျက်သိမ်းဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပါတယ်။ ကော်မတီမှာ ပါဝင်တဲ့ ဒေါ်ဇင်မာအောင် က သူတို့ ကော်မတီ ၄ ခုဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ တပြိုင်နက်မှာ ရုံးမတက်နဲ့ ရုန်းထွက် ဆိုပြီး CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူနိုင်ရေးအတွက် အခြားအဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်လှုပ်ရှားနေပါတယ်လို့ RFA ကို ပြောပါတယ်။
“ကျမတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ စပြီး ဖွဲ့စည်းကတည်းက အာဏာသိမ်းစစ် ကောင်စီရဲ့ လွှတ်တော်တွေကို ဖျက်သိမ်းမှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သမ္မတအပါအဝင် ပြည်သူလူထု ရွေးကောက်ခံအစိုးရကို ဖျက်သိမ်းပြီး တရားမဝင် အာဏာသိမ်းမှုတွေ အပေါ်မှာ ကျမတို့ တစိုက်မတ်မတ် ဆန့်ကျင်ပြီး သူတို့ရဲ့လုပ်ရပ်တွေ တရားမဝင်ကြောင်းနဲ့ လွှတ်တော် အနေနဲ့ ဒီကိစ္စကို လက်မခံကြောင်း နိုင်ငံရေးအရ ဆန့်ကျင်ခဲ့ပါတယ်။ ပြီးတော့ ၂ဝ၂ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု အကောင်အထည်ဖော်ဖို့ နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ဖို့၊ အာဏာသိမ်းကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒီကိစ္စကို နိုင်ငံတကာကရော ပြည်တွင်းဖိအားတွေနဲ့ပါ ပေါင်းစပ်ပြီး အာဏာသိမ်း စစ်ကောင်စီကို တရားမဝင် အာဏာသိမ်းတဲ့ကိစ္စကို ဥပဒေအရ တရားမျှတမှု ရနိုင်ဖို့ CRPH က ဆောင်ရွက်နေပါတယ်။ အခုဆိုရင် CRPH က ကော်မတီ ၄ ခု ခွဲလိုက်ပါတယ်။ ဥပဒေရေးရာ ကော်မတီ၊ နိုင်ငံတကာရေးရာကော်မတီ၊ CDM အပါအဝင် ပြည်သူ့လှုပ်ရှား မှုတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ ပြန်ကြားရေးနဲ့ ပြည်သူ့ရေးရာကော်မတီ၊ နောက် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့ရယ် ငြိမ်းချမ်းရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရယ် တိုင်းရင်းသားရေးရာကော်မတီဆိုပြီး ၄ ခုခွဲ လုပ်နေပါတယ်။”
ဒ့ါအပြင် အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားရေးအတွက် ပြည်သူတရပ်လုံးရဲ့ အင်အားကို စုစည်းဖို့ အဓိက လိုအပ်ပါတယ်လို့လည်း ဒေါ်ဇင်မာအောင် ကပြောပါတယ်။
“စစ်တပ်ကနေ တချိန်လုံး သူတို့မကြိုက်တဲ့သူအာဏာရရင် ဒီလိုပဲ အာဏာသိမ်းလို့ရတယ်ဆိုတဲ့ ဓလေ့ကြီးကို ဖျောက်ဖျက်ဖို့ဆိုရင် ကျမတို့ ဟန်ချက်ညီညီနဲ့ သွားမှ ရမှာဖြစ်တယ်။ ဒါကြောင့် CDM ကို နည်းနည်းလောက် တောင့်ခံထားပြီးတော့ ကျမတို့ ဒီဘက် CRPH ကလည်း ပြည်သူလူထုနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်။ နောက် ဥပဒေရေးရာ အရရော၊ နိုင်ငံတကာဖိအားတွေ အရရော နိုင်ငံတကာ သံတမန်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူလူထု ဆုံးရှုံးသွားတဲ့ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်နိုင်ဖို့ CRPH က ကြိုးစားနေပါတယ်။”
မြန်မာ့နိုင်ငံရေးလေ့လာသူ ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါပေမယ့် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ပျက်ပြားခဲ့ပုံကို သင်ခန်းစာယူပြီး ပီပီပြင်ပြင် လှုပ်ရှားဖို့ လိုတယ်။ ဝါရင့်နိုင်ငံရေးသမားတွေရဲ့ အကြံဉာဏ်ကို ရယူသင့်တယ်လို့ ဝေဖန်ပါတယ်။
“မူအားဖြင့်ကတော့ ဒါ ဥပဒေနဲ့လဲညီတယ်၊ ပြည်သူလူထုရှေ့မှာ သတ္တိကို ပြရာရောက်တယ် ဦးဆောင် ကဏ္ဍ ဝင်ယူတာလည်း ရောက်တယ်။ ဒါ လုပ်ကို လုပ်ရမဲ့ဟာပါ၊ ဒါပေမယ့် ၁၉၈၈ တုန်းက အတွေ့ အကြုံရှိတယ်။ စွန့်လွှတ်ရမယ်။ စွန့်လွှတ်ရမှာကြောက်ပြီး လုပ်သင့်တာကို မလုပ်နိုင်ဘူးဆိုရင် အောင်မြင်ဖို့ သိပ်မမြင်ဘူး။ အကြံဉာဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ယူပြီး သေသေချာချာ သတ္တိရှိရှိ လုပ်သင့်တယ်။ ထောင်လဲကျနိုင်တယ်ဆိုတာကို ဆုံးဖြတ်ပြီးလုပ်ပါ။ လက်ရှိအခြေအနေက ၈ဝ ရာခိုင်နှုန်းကတော့ ပြည်သူတွေ လိုလားတာကို ရနိုင်တယ်လို့ ယုံကြည်တယ်။”
လက်ရှိမှာ ပြည်သူနဲ့ နိုင်ငံတကာဖိအားတွေ အရှိန်မြင့်မားနေတာကို ထိထိရောက်ရောက် အသုံးချနိုင် မယ်ဆိုရင် ဒီမိုကရေစီပြန်လည်ထွန်းကားရေးဟာ လက်တကမ်းမှာရှိနေတဲ့အတွက် ဒီအချိန်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု ရရှိအောင် CRPH အနေနဲ့ အစွမ်းကုန်ကြိုးစားသင့်တယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။