ဂူတာပြင်သတ်ဖြတ်မှု စစ်ခုံရုံးစီရင်ချက် ပွင့်လင်းမြင်သာမှုမရှိ

2020.06.30

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့် စစ်သည်တစ်ဦးကို စစ်တရားရုံးက အပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်တယ်လို့ တပ်မတော်က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

ဒီဖြစ်စဉ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး ၂၀၂၀ ဧပြီလ ၃၀ ရက်နေ့အထိ ငါးလကျော်ကြာမှာ စစ်ဆေးမှုတွေ ပြီးစီးခဲ့တာပါ။

တပ်မတော်က ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာ တပ်မတော်သားအရေအတွက် သုံးဦးသာပါရှိပြီး ဘယ်အဆင့်ရှိတဲ့ အရာရှိတွေဆိုတာနဲ့ ပြစ်ဒဏ်ဘယ်လောက် ချမှတ်တယ်ဆိုတာတွေလည်း ဖော်ပြထားတာမရှိပါဘူး။

တရားလိုနဲ့ တရားလိုပြထွက်ဆိုချက်တွေအပြင် ထွက်ဆိုခဲ့သူအရေအတွက်၊ အမည်တွေနဲ့ တရားခံဘက်က တင်သွင်းမယ့် တရားခံပြသက်သေ အရေအတွက်တွေကိုလည်း ထုတ်ပြန်တာမရှိသေးပါဘူး။

ဒီအပေါ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဥပဒေကြောင်းအရ ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်သလို ကမ္ဘာကို တင်ပြရမှာဖြစ်တာကြောင့် စစ်ရေးလျှို့ဝှက်ချက် မဖြစ်သင့်ဘူးလို့ မှတ်ချက်ပေးပါတယ်။

“ဥပဒေကြောင်းအရဆို ပွင့်လင်းမြင်သာမှုရှိရမယ်။ ပြီးတော့ ကမ္ဘာကို တင်ပြရမှာလေ ကမ္ဘာကလည်း စောင့်ကြည့်နေတာ။ ကမ္ဘာကို တင်ပြရမှာဖြစ်လို့ စစ်ရေးလျှို့ဝှက်ချက် မဖြစ်သင့်ဘူးလို့ ကျွန်တော်က ယူဆပါတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ကမ္ဘာကိုလည်း အသိပေးသင့်ပါတယ်။ ပြည်တွင်းကိုလည်း အသိပေးသင့်ပါတယ်။ ဘယ်ပြစ်ဒဏ်၊ ဘယ်သူကို ဘာကိစ္စဆိုတာကို တိတိကျကျဖော်ပြသင့်တယ်လို့ ပြောချင်ပါတယ်။”

ICOE အစီရင်ခံစာထဲမှာပါတဲ့ ဂူတာပြင်ဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်က စစ်ဆေးတာ ပြီးသွားခဲ့ပေမယ့် စစ်ဆေးတဲ့အထဲမှာ တကယ့်ဖြစ်ရပ်နဲ့ ဆိုင်တဲ့သူတွေ၊ ဒေသခံတွေနဲ့ အပြင်လူတွေ၊ ပါဝင်ဆောင်ရွက်ခွင့်၊ လေ့လာခွင့်တွေလည်း မရခဲ့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက စစ်ဆေးတဲ့နောက်ဆုံးရက် လေ့လာဖို့ တပ်ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် မအားတာကြောင့် မသွားနိုင်ခဲ့သလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း ဘာမှမသိရှိရဘူးလို့ ပြောပါတယ်။

“ကျွန်တော်ကိုတော့ တခါတော့ဖိတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီနေ့က မအားလို့ မသွားလိုက်ရဘူး။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှမသိဘူး။”

၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ၊ သမ္မတဟောင်း နှစ်ဦးတို့ဟာ တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရပြီးတော့ နိုင်ငံတကာတရားရုံး ICJ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာတရားရုံး ICJ မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တပ်မတော်သားတွေကို ပြည်တွင်းစစ်ဘက်တရားရုံးမှာ စစ်ဆေးနေတာကို စောင့်ကြည့်ဖို့ နိုင်ငံတကာ တရားသူကြီး ၁၇ ယောက် ရှေ့မှောက်မှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာရဲ့ဖိအားကို ရှောင်ဖို့အတွက်ဆိုရင် ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်မှုဖြစ်ဖို့ လိုအပ်သလို စစ်တရားရုံး တရားစီရင်ရေးနဲ့ စီရင်တာဟာ ပွင့်လင်းမြင်သာမှုလုံးဝမရှိဘူးလို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး သုတေသီ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“တလျှောက်လုံး ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူး၊ အဲဒီတော့ ကျွန်တော်တို့ စိုးရိမ်တာက ပြစ်မှုကျူးလွန်ပါတယ် ဆိုပြီး သက်သေထွက်သူတွေကို နောင်တချိန်မှာ ဒီလူတွေကနေ ပြန်ပြီးအရေးယူတာမျိုးတွေ၊ တစ်ခုခု ဒုက္ခပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ စိတ်ပူတယ်ပေါ့နော်။ အကုန်လုံးကို ခြုံပြီးကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ဖိအားကို ရှောင်ဖို့အတွက်ဆိုရင် ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်မှုဖြစ်ရမယ်။ ကျွန်တော်တို့ တချိန်လုံး ထောက်ပြနေတာက အရပ်ဘက် တရားစီရင်ရေးမျိုးကသာ ပွင့်လင်းမြင်သာမှုရှိမယ်ပေါ့။ စစ်တရား စီရင်ရေးနဲ့ စစ်ခုံရုံးအနေနဲ့ စီရင်တာမျိုးက တကယ်တမ်းကြတော့ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူးလို့ ပြောလို့ ရတယ်ပေါ့”

တပ်မတော်အနေနဲ့ နိုင်ငံတကာဖိအားတွေကြောင့် လုပ်ဆောင်တာထက် ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ အတိကျလိုက်နာပြီး မှန်မှန်ကန်ကန်ဆောင်ရွက်တယ်ဆိုတာ အားလုံးသိဖို့ အရေးကြီးတယ်လို့ သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ရှုမြင်ပါတယ်။

“တပ်မတော်ဟာ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတိုင်း လိုအပ်တဲ့ဟာကို လုပ်နေတယ်ဆိုတာ အားလုံး သိထားဖို့က အဓိကအရေးကြီးတဲ့အချက်ပါ။ အဓိကက ICJ ရှိလို့ လုပ်တာမလုပ်တာထက် ကိုယ့်ဘက်က ကိုယ့်ရဲ့စည်းမျဉ်းစည်းကမ်းပေါ်မှာ တိတိကျကျလိုက်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်တယ်ဆိုတာ အားလုံး သိနေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ကျန်တဲ့ဝေဖန်မှုတွေကတော့ရှိနိုင်ပါတယ်။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထရှိတဲ့သဘောလို့ပဲ သုံးသပ်ပါတယ်။”

အကြမ်းဖက်အဖွဲ့အစည်း ကြေညာခံထားရတဲ့ AA နဲ့ ARSA ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ နောက်ပိုင်း အကယ်လို့ အဲဒီအဖွဲ့တွေက တိုက်ခိုက်လာရင် အထူးသဖြင့် တပ်မတော်အနေနဲ့ တော်တော်သတိကြီးကြီးထား ဆောင်ရွက် နေတဲ့ အနေအထားဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ဂူတာပြင်ကျေးရွာကိစ္စ စစ်တရားရုံးစစ်ဆေးတာ၊ အတည်ပြုအာဏာပိုင်က အတည်ပြုလိုက်တဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။

အလားတူပဲ ဒီအမှုနဲ့ သက်ဆိုင်တဲ့ ဂူတာပြင်သတ်ဖြတ်မှုမှာ ထိခိုက်ခံစားရသူ မိသားစုဝင်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို ရရှိဖို့ RFA က ကြိုးစားခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက၊ ARSA အကြမ်းဖက်အဖွဲ့တွေ ကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်တယ်ဆိုတဲ့ကာလအတွင်း၊ လူလေးရာကျော် အသတ်ခံရတယ်လို့ နိုင်ငံတကာအဖွဲ့တွေက ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပေမယ့် ရည်ရွယ်ချက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတာပါ။

ဒါဟာ ရခိုင်မြောက်ပိုင်း ၂၀၁၇ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဘက်တရားစီရင်ရေးလုပ်ပြီးတော့ အရေးယူတာ ဒါဟာ ဒုတိယကြိမ်မြောက်ဖြစ်ပါတယ်။

ပထမအမှုကတော့  မောင်တောတောင်ပိုင်းက အင်းဒင်လူသတ်မှုပါ။ ရဲနဲ့ တပ်မတော်သားတချို့က ရိုဟင်ဂျာ ၁၀ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခဲ့ကြလို့  စစ်ခုံရုံးက အရာရှိတချို့နဲ့ တပ်မတော်သား ခုနှစ်ယောက် ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ တစ်နှစ်မပြည့်ခင်မှာပဲ ပြန်လွတ်လာ ခဲ့တာပါ။ ဒါကြောင့်လည်း စစ်ဘက်ဆိုင်ရာတရားရုံးရဲ့အပြစ်ပေးမှုကို ဝေဖန်မေးခွန်းထုတ်ကြပါတယ်။

ICOE အစီရင်ခံစာမှာပါတဲ့ မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာက ဖြစ်ရပ်တွေကိုလည်း ခုံရုံးနဲ့ဆက်ပြီး စစ်ဆေး သွားမယ်လို့ တပ်မတော်က ဆိုပါတယ်။ အဲဒီကိစ္စ စစ်ဆေးတဲ့အခါမှာရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပါ့မလားဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။