ကိုဗစ်လူနာများ ဆေးရုံရဲ့ ငြင်းပယ်မှုနဲ့ ရင်ဆိုင်နေရ

အေးအေးမွန် (အော်စလို)
2021.07.29

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှု မြင့်တက်နေချိန် ကိုဗစ်ရောဂါလက္ခဏာကို ပြင်းပြင်း ထန်ထန် ခံစားနေရတဲ့လူနာတွေဟာ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့် ငြင်းဆန်ခံရတာကြောင့် နောက်ဆုံး သူတို့ရဲ့ နေအိမ်တွေမှာပဲ အသက်ဆုံးရှုံးရမှုတွေ ရှိနေပါတယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က အသက် ၆၆ နှစ်အရွယ် ဦးမြင့်အောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က ကိုဗစ်-၁၉ ကပ်ရောဂါ လက္ခဏာတွေ ခံစား နေရပေမယ့် ဆေးရုံက လက်ခံကုသမပေးတာကြောင့် အိမ်မှာပဲ သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဦးမြင့်အောင်ဟာ ဇူလိုင်လ ၉ ရက် မနက် ၄ နာရီလောက်မှာ အောက်ဆီဂျင်ကျလို့ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနကို အချိန်မီသွားရောက်ခဲ့ပေမယ့် ဆေးရုံက လက်မခံတာကြောင့် အိမ်ပြန်လာခဲ့ရပြီး အဲဒီနေ့ည ၁၁ နာရီခွဲမှာ ကွယ်လွန်ခဲ့ရတယ်လို့ ဆိုပါတယ်။

 "ကိုဗစ်ဖြစ်၊ မဖြစ် စမ်းသပ်တယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်တော့ အဆုတ်မှာ ဘာမှမရှိတော့ ကိုဗစ်သံသယ လူနာ ဆိုပြီး အိမ်ပြန်လွှတ်တယ်။ ရန်ကုန်ဆေးရုံကြီးသွားပါ။ မြောက်ဥက္ကလာဆေးရုံသွားပါလို့တော့ ပြောတယ်။ ဒါပေမဲ့ အဲဆေးရုံတွေ သွားလိုက်ရင်လည်း လက်မခံဘူးဆိုတာ သိတယ်။ ဒါကြောင့် အိမ်ပြန်လိုက်တာ။ ကျွန်တော်တို့ကိုသာ အချိန်မှီ ICU ထဲထည့်ပေးမယ်ဆိုရင် တစ်မျိုးပြောင်းနိုင်တယ်။ အခုက သူတို့က လက်ခံပြီး ကုသမပေးနိုင်တော့ဘူးဆိုတော့ ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့လည်း လက်လျှော့ အိမ်ပြန်ရတာပေါ့။ တကယ်လို့ ကုသခွင့်ရမယ်ဆိုရင်တော့ လူနာက သေဆုံးချင်မှလည်း သေဆုံးမယ်"

ပြည်သူ့ဆေးရုံအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါကို လက်ခံကုသပေးမယ်လို့ ကြေညာထားတဲ့ ဆေးရုံအများစု ဟာ အောက်ဆီဂျင်ပမာဏ ကျနေတဲ့လူနာတွေကို လက်ခံကုသမပေးတော့ဘဲ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်နေကြတာလို့ လူနာမိသားစုဝင်တွေက ပြောကြပါတယ်။

အစ်မဖြစ်သူ ကိုဗစ်ရောဂါလက္ခဏာကို ပြင်းပြင်းထန်ထန် ခံစားရပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို ဆေးရုံကို အချိန်မီခေါ်သွားနိုင်ခဲ့ပေမယ့် ဆေးရုံက လက်မခံခဲ့တာကြောင့် နောက်ဆုံးမှာ သေဆုံးခဲ့ရတယ်ဆိုပြီး မောင်ဖြစ်သူက ငိုကြွေးပြောပြနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ် လူမှုကွန်ရက် မှာ ပျံ့နှံ့ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာခံစားနေကြရတဲ့ လူနာတွေဟာ အောက်ဆီဂျင်ပြတ်လပ်မှုတွေ၊ ဆေးကုသခွင့် မရကြတာတွေကြောင့် ခိုကိုးရာမဲ့ဖြစ်နေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

ဒါကြောင့် လူနာတွေဟာ နေအိမ်မှာပဲ သေဆုံးသူ များနေတာတွေ့ရတယ်လို့ ရန်ကုန်မြို့က မေတ္တာသင်္ဂဟ နာကူအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဆယ်ရက်နေ့ကနေစပြီး မသာပဲ ပို့တော့တယ်။ လူနာ လုံးဝမပို့တော့ဘူး။ ဘာလို့လဲ ဆိုတော့ လူနာပို့လည်း ဆေးရုံတွေက လက်မှမခံတာလေ။ (အလောင်းတွေကလည်း) များသော အားဖြင့် နေအိမ်တွေကပဲ သယ်ရတယ်။ သယ်တဲ့အလောင်းဘေးကို ကြည့်လိုက်ရင် အောက်ဆီဂျင်အိုး တန်းလန်းလေး တွေများတယ်"

ဆေးရုံတွေကို လူနာသွားပို့တဲ့အခါ မြို့နယ်အလိုက်ကျန်းမာရေးမှူးရဲ့ လွှဲပြောင်းစာမပါလို့ လက်မခံတာ မျိုးတွေ၊ လွှဲပြောင်းစာ ပါပြန်တော့လည်း လူနာက ကိုယ်အပူချိန်မြင့်တက်နေလို့ လက်မခံတာမျိုးတွေ၊ ဆရာဝန်နဲ့ ကုတင်လုံလောက်မှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လူနာတွေဟာ ငြင်းပယ်ခံနေကြရတယ် လို့ လူနာတွေကို ဆေးရုံလိုက်ပါ ပို့ဆောင်ပေးတဲ့ ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။

ရန်ကုန်မြို့က ဆေးရုံ၊ ဆေးခန်းတွေက အခုလို အဖျားရှိပြီး အောက်ဆီဂျင်ကျနေတဲ့လူနာတွေကို လက်ခံကုသ မပေးတာကြောင့် အောက်ဆီဂျင်နဲ့ အသက်ဆက်ခွင့်ရရှိရေး တစ်နိုင်တစ်ပိုင် ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ ငါးဖွဲ့လောက် ရှိလာပါတယ်။

အဲဒီအထဲက စေတနာရှင် ပရဟိတအသင်းမှာဆိုရင် အောက်ဆီဂျင်ကျပြီး ဆေးရုံ၊ ဆေးခန်းတွေကို တက်ခွင့်မရလို့ အရေးပေါ်အောက်ဆီဂျင်လာရှူတဲ့သူ တစ်ရက်ကို လူနာ ၄၀ နဲ့ ၆၀ ကြားမှာ ရှိတယ်လို့ အသင်းတာဝန်ရှိသူက ဆိုပါတယ်။

ဒါပေမဲ့လည်း ဆေးကုသခွင့်မရတာကြောင့် အရေးပေါ်အောက်ဆီဂျင် လာရှူနေရင်းနဲ့ သေဆုံးသွားကြသူတွေ လည်း အများအပြားရှိနေတယ်လို့ စေတနာရှင်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးအောင်က ပြောပါတယ်။

"အောက်ဆီဂျင်ရှူနေရင်းနဲ့ အသက်ဆုံးသွားတာပေါ့နော်။ ၁၅ ရက်နေ့ကစပြီးတော့ တစ်လောင်း ဆုံးတယ်။ နောက်ရက် နှစ်လောင်း၊ သုံးလောင်းနဲ့ ကျွန်တော့်စင်တာထဲမှာပဲ အောက်ဆီဂျင်ရှူရင်း ဆုံးတယ်။ တချို့အိမ်ပြန်ပြီး ဆုံးတာတွေလည်း ရှိတယ်။ အဲဒါတွေပါမယ်ဆိုရင် ၂၅၊ ၃၀ လောက်ရှိမယ်။ ကျွန်တော်တို့ အောက်ဆီဂျင် Care စင်တာမှာပဲ လုပ်ပေးနေရင်းနဲ့ ကျွန်တော်တို့ရှေ့မှာတင် သေဆုံး သွားသူက ၁၈ လောင်းရှိပါပြီ။ သူတို့ဆေးရုံက တောင် မဟုတ်ဘူး။ ပြင်ပဆေးခန်း၊ အထူးကုဆေးရုံကအစ အောက်ဆီဂျင်ကျနေတယ် အဖျားရှိနေတယ်ဆိုရင် သူတို့လက်မခံဘူး။ အဲလိုလူနာတွေက ကျွန်တော်တို့ဆီ မှာ အောက်ဆီဂျင်လာရှူတာ"

ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်တိုင်းမှာ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေ တာကြောင့် လူနာတွေဟာ ဆေးကုသခွင့်နဲ့ အောက်ဆီဂျင်ရှူခွင့်မရဘဲ နေ့စဉ်သေဆုံးနေကြရတယ်လို့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။

lashio-oxygen.jpg
(လားရှိုးမှာ ကိုဗစ်လူနာများအတွက် ဇူလိုင် ၁၃ ရက်နေ့က အောက်ဆီဂျင် ဖြန့်ဖြူးရောင်းချပေးနေစဉ်)

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုး ကတော့ ပိုးကူးစက်မှု မြင့်တက် နေတာနဲ့အမျှ ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်မှုတွေကြောင့် ဆေးရုံတွေအနေနဲ့လည်း မနိုင်ဝန်ကိုထမ်းနေရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းလောက်နဲ့ လုပ်နေရတဲ့ အပိုင်းတွေလည်း ရှိတယ်။ လုပ်တဲ့သူတွေလည်း တော်တော်ပင်ပန်းပါတယ်။ တစ်ဘက်က ရောဂါကူးစက်ခံရသူတွေ များသွားတယ်။ လူ ၁၀၀ ကူးတယ်ဆိုရင် ၂၀ က ဆေးရုံတက်ရောက်ဖို့လိုတယ်။ အဲထဲက ငါးယောက်က အထူးကြပ်မတ် ကုသရမယ့် အနေအထားတစ်ခုပေါ့။ တစ်ဘက်က အဝင်တအားများလာတဲ့အခါ ဒီဘက်ကလည်း HR စီမံအုပ်ချုပ်မှု အခက်အခဲကြုံတဲ့အခါ အများကြီးဖမ်းထိန်းနိုင်တဲ့အနေအထား လျော့နေတဲ့အခါ မနိုင်ဝန်ကို ထမ်းနေရတဲ့သဘော ဖြစ်သွားတာပါ "

မနိုင်ဝန်ကိုထမ်းနေရလို့ လူနာကို ဆေးရုံတွေကနေ ပြန်လွှတ်တဲ့သတင်းတွေကိုလည်း သူကိုယ်တိုင် ကြားနေရလို့ စိတ်မကောင်းဖြစ်ရကြောင်းလည်း ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။ ကူးစက်မှုတွေ လျော့ကျနိုင်ဖို့ ပြည်သူတွေအနေနဲ့ နေအိမ်မှာပဲ နေထိုင်ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။

"ခုလိုဗစ်တတိယလှိုင်း ဖြစ်နေတဲ့အချိန်မှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်"

ကိုဗစ်ကုသရေးစင်တာတွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ ဆေးရုံတွေမှာ လူနာတွေတိုးပြီး လက်ခံနိုင်ဖို့ ဆောင်ရွက် နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ဒေါက်တာ သန်းနိုင်စိုး က ပြောပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ စစ်ကောင်စီဟာ ဆရာဝန်တွေကို ဖမ်းဆီးတာတွေ လုပ်နေဆဲဖြစ်လို့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ဆက်လက်ဆိုးရွားနေဦးမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးကတော့ တုံ့ပြန်ပါတယ်။

"အခုလိုမျိုး ကိုဗစ်တတိယလှိုင်း ဖြစ်နေတဲ့အချိန်မှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်။ နှိပ်စက်နေတယ်။ ဒါမျိုးတွေ မြင်တွေ့နေရတယ်ပေါ့နော်။ အဲဒါကြောင့် သူတို့အခုလုပ်နေတဲ့ ကျန်းမာရေးလုပ်ငန်းတွေက ပိုပြီးဆိုးဝါးလာဖို့ပဲ ရှိပါတယ်ခင်ဗျ"

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ဘာတစ်ခုမှ ကြိုတင်ပြင်ဆင်မှုမှမရှိဘဲ သူတို့အာဏာ တည်မြဲရေးအတွက်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ခဲ့တာကြောင့် အခုလိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလို့လည်း ဆိုပါတယ်။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ဆရာဝန်တွေဟာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြဆဲဖြစ်တယ်လို့လည်း အဲဒီဆရာဝန်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွေ မြင့်တက်နေချိန်မှာ စစ်ကောင်စီက ကျန်းမာရေး ဝန်ထမ်းတွေအပေါ် ဖမ်းဆီးနေမှုကို ချက်ချင်းရပ်တန့်အောင် လုပ်ဖို့လိုအပ်တယ်လို့ ဇူလိုင်လ ၂၇ ရက်က လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မနေ့တုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၅ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းက ၈၂၁၀ ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုအရေအတွက်တွေက ပရဟိတကျန်းမာရေးလုပ်ဆောင်နေသူတွေရဲ့ ပြောဆိုချက်တွေနဲ့ သိသိသာသာ ကွဲလွဲနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူ တစ်နေ့ကို ၃၀၀ ကျော်သာရှိတယ် ဆိုပေမယ့် ပရဟိတတွေရဲ့ ပြောဆိုချက်အရ ရန်ကုန်မြို့တစ်မြို့တည်းမှာပဲ သေဆုံးသူဟာ နေ့စဉ် တစ်ထောင်နီးပါး ရှိနေတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။