ကပ်ရောဂါကို စစ်ကောင်စီက နိုင်ငံရေးအရအမြတ်ထုတ်
2021.09.15

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းချက်တွေရှိနေပေမဲ့၊ COVID-19 ကပ်ရောဂါ ကူးစက် မှုကို တုံ့ပြန်ဆောင်ရွက်တဲ့ နေရာမှာ၊ အကောင်းမြင်စရာတွေရှိနေကြောင်း၊ East Asia Forum စာစောင်က ဖော်ပြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေနဲ့ ကူးစက်ရောဂါ ပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်း ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး၊ ၂၀၂၀ ဖေဖော်ဝါရီလက ကမ္ဘာ့ကျွမ်းကျင်သူပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ရယူခဲ့သလို၊ ဧပြီလမှာ ကပ်ဘေးကာလ ကျန်းမာရေးနဲ့ လူမှုစီးပွား ထိခိုက်မှုလျော့နည်းရေး အစီအမံတွေ ဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ စစ်ကောင်စီဟာ NLD ရဲ့ ကိုဗစ်ကာာကွယ်ဆေးထိုးနှံရေးနဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးတွေ ဆက်လက်ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဆေးဘက်ဝန်ထမ်း ၇၀ ဝန်းကျင် အာဏာသိမ်း စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု မှာ ပါဝင်ခဲ့ကြပါတယ်။ ကပ်ရောဂါကူးစက်မှုအပေါ် အလေးမထားဘဲ အဓမ္မအာဏာသိမ်းခဲ့တာကို ဆန့်ကျင်ကြတာပါ။ စစ်ကောင်စီဘက်ကလည်း CDM မှာ ပါဝင်သူတွေကို အလုပ်ထုတ်တာ၊ ထောင်ချတာ တွေနဲ့ တုံ့ပြန်ခဲ့တာပါ။ မြန်မာနိုင်င ံ C OVID-19 ကာကွယ်ဆေးဆိုင်ရာဌာန အကြီးအကဲဟောင်း ဒေါက်တာထားထားလင်း ဆိုရင်ခင်ပွန်းနဲ့ (၇) နှစ်အရွယ် သားဖြစ်သူတွေပါ ထိန်းသိမ်းခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံရေးဟာ ပြီးခဲ့တဲ ဇွန်လအတွင်း ဒယ်လ်တာ အမျိုးအစားအဖြစ် အသွင်ပြောင်းလာချိန်မှာ ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီး ဇူလိုင်လ လယ်ပိုင်းမှာ နေ့စဉ် ကူးစက်ခံရသူ အရေအတွက် ခြောက်ထောင်ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကလည်း မတ်လ ၂၃ ရက်နေ့ကစပြီး ကူးစက်ခံရသူ လေးသိန်းကျော်၊ ကူးစက်မှုကြောင့်သေဆုံးသူ တစ်သောင်း ခြောက်ထောင် ကျော်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတွင်းက မြို့ကြီးတွေမှာ ကူးစက်ခံရသူတွေကို သီးသန့်ထားရှိတဲ့ နေရာတွေ၊ ကုသပေးတဲ့နေရာတွေ ပေါ်ပေါက်လာခဲ့သလို၊ ပြည်သူတွေ ကာကွယ်ဆေးမထိုးနိုင်အောင် စစ်တပ်က တားဆီးနေတဲ့ကြားက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကာကွယ်ဆေး ထိုးနှံကြတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီက ဇွန်လမှာ စာသင်ကျောင်းတွေပြန်ဖွင့်၊ စာသင်နှစ်ကို စတင်လိုက်ပေမယ့် ကျောင်းသူ ကျောင်းသားတွေ ကင်းမဲ့နေတဲ့ စာသင်ခန်းတွေနဲ့ ဖွင့်ခဲ့ရတာပါ။ ဇူလိုင်လလယ်ပိုင်းမှာတော့ ကိုဗစ် ကူးစက်မှု တတိယလှိုင်း တနိုင်ငံလုံးမှာ ပေါ်ပေါက်လာခဲ့ပြီး၊ ရန်ကုန်မှာ အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။
ဆေးဘက်ဆိုင်ရာ အကူအညီ လိုအပ်နေတဲ့ နေအိမ်တွေမှာ အလံဝါကလေးတွေ ချိတ်ထားခဲ့ကြရပါတယ်။ စစ်တပ်ကတော့ ဆရာဝန်တွေကို တိုက်ခိုက်၊ ကူးစက်ခံ လူနာတွေအတွက် အရေးကြီးတဲ့ အောက်ဆီဂျင်ကို ကန့်သတ်၊ ကူးစက် ခံရသူ တွေကို အကူအညီပေးနိုင်ဖို့ အဖမ်းအဆီးတွေရှိနေတဲ့ကြားက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေက အကူအညီ လိုအပ်နေသူတွေရဲ့ အခက်အခဲတွေကို ဝိုင်းဝန်း ကူညီခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ကပ်ရောဂါကို နိုင်ငံရေး အမြတ်ထုတ်ပြီး အဓိကဆေးဝါးတွေနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို ထိန်းချုပ်၊ ဈေးနှုန်းတွေ မြှင့်တင်ပြီး ဆေးဝါးမှောင်ခို ဈေးကွက်ကြီး ပေါ်ပေါက်လာအောင် ဖန်တီးခဲ့ကြောင်း East Asia Forum သတင်းက ဖော်ပြပါတယ်။
အကျဉ်းထောင်တွေထဲမှာလည်း ကိုဗစ်ကူးစက်မှု ပျံ့နှံ့နေတယ်ဆိုတာ အကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်း ကိုဗစ်နဲ့ ကွယ်လွန်တော့မှ သိရကြောင်း East Asia Forum သတင်းက ဖော်ပြပါတယ်။ ဒါ့ပြင် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မြန်မာ စစ်ကောင်စီက တရုတ် နဲ့ ရုရှား ဆီက ရရှိဖို့ မျှော်လင့်ထားသလို၊ ASEAN COVID-19 ရန်ပုံငွေ နဲ့ လိုင်စင်ယူပြီး ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဆန္ဒရှိနေကြောင်း၊ မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ဖို့ စစ်ကောင်စီက မျှော်မှန်းနေချိန်မှာ၊ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
ဒီအတွင်း တရုတ်ပြည်ရဲ့ Sinopharm COVID-19 ကာကွယ်ဆေး လေးသန်း၊ ရန်ကုန်မြို့ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောပါတယ်။ အခုထိ ကိုဗစ် ကာကွယ်ဆေး ၁၂.၆ သန်းကို မြန်မာအတွက် တရုတ်က ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး၊ အဲဒီထဲက ၃.၉ သန်း က လှူဒါန်းခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကာကွယ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူ အခုထိ ၃ သန်းကျော် ရှိပြီး၊ ပြီးခဲ့တဲ့စနေနေ့ အထိ ပထမအကြိမ်ထိုးနှံပြီးသူ ၁.၇ သန်းရှိပါတယ်။