ဇူလိုင် ၇ ရက် စိတ်ဓာတ်နဲ့ အာဏာရှင်စနစ်အဆုံးသတ်ဖို့ ကျောင်းသားခေါင်းဆောင်တွေ ပြောကြား

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.07.06


၁၉၆၂ ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးရှေ့မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ ဒီမိုကရေစီ အစိုးရထံက အာဏာသိမ်းပြီးစ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်အစိုးရက ငြိမ်းချမ်းစွာ အခွင့်အရေးတောင်းဆိုနေတဲ့ ဆန္ဒပြကျောင်းသားတွေကို ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့ အာဏာရှင်တွေရဲ့ သရုပ်မှန်ကို စတင်ပြသလိုက်ပါတယ်။ အဲဒီအချိန်က တက္ကသိုလ်ဝင်းအတွင်း ရှိနေသူတဦးက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်စောဦး ဖြစ်ပါတယ်။

“ငြိမ်းငြိမ်းချမ်းချမ်း အကုန်ပြီးသွားပြီဆိုတော့ ကျောင်းသားတွေက ဟိုတစု ဒီတစု ပေါ့ဗျာ၊ မန္တလေးဆောင် အမရမှာ တစု ၊ တကသ ဝင်းထဲမှာ တစု၊ တချို့က ပင်းယဆောင် နဲ့ RC ရှေ့မှာ တစု အဲလိုနေနေတဲ့ အချိန်မှာ လုံထိန်းတပ်ဖွဲ့တွေက တကသ အဆောင်ထဲမှာ ဝင်ပြီး ကျောင်းသားခေါင်းဆောင်တွေကို students.jpgဝင်ဖမ်းတဲ့အတွက် အဲဒီမှာ ပြဿနာစဖြစ်တာပဲ။ ကျောင်းသားတွေကလဲ အဲဒီက ရဲတွေကို အဝေးက လှမ်း ခဲနဲ့ပေါက်တယ်။ အဲဒီမှာ သူတို့ မျက်ရည်ယိုဗုံး နဲ့ ပထမပစ်တယ် ၄ နာရီသာသာ လောက်မှာ။ နောက် ၅ နာရီလောက်မှာ ဒုတိယအကြိမ် မျက်ရည်ယိုဗုံး နဲ့ ပစ်တယ်။ အဲဒီမှာ ကျောင်းသားတွေက မျက်ရည်ယိုဗုံး ထိတဲ့သူတွေကို အဆောင်တွေထဲ ခေါ်လာတယ်။ ကျနော်က အဲဒီနေ့က ပင်းယဆောင်မှာ ကျနော့်အကို အဆောင်မှာ ရှိနေတယ်။ ကျနော့်အဖေနဲ့။ ကျနော်က စစ်ကိုင်းဆောင် ကနေ သိပ္ပံခန်းမဘက်ကို သွားတဲ့အခါမှာ သေနတ်ပစ်သံ စကြားရတာပဲ။ ကြားတော့မှ ကျနော်က ပင်းယဆောင်ကို စစ်ကိုင်းဆောင်ဘက်က လှည့်လာတော့ အဲဒီမှာတင် နောင်တော်ကျောင်းသားကြီးတွေက ဗိုက်တွေမှာ သွေးသံရဲရဲ ခေါင်းတွေမှာ သွေးသံရဲရဲတွေ နဲ့ စတွေ့တယ်။ ကျနော်က ကိုယ့်အကိုများ ပါလေမလားဆိုပြီး လိုက်လိုက်ကြည့်တာ။ ပစ်တာက G3, G4 အော်တို မောင်းပြန်သေနတ်တွေနဲ့။ ၃ မိနစ်ပစ်တယ် နှစ်မိနစ်နားတယ်။ ကျောင်းသားတွေက ငြိမ်နေပြီထင်လို့ ထပြေးတဲ့အခါမှာ နောက်ထပ် သုံးမိနစ်ထပ်ပစ်တယ်။”

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက်က အာဏာရှင်စနစ်ကို အဆုံးသတ်ရမယ့် ကာလရောက်ပြီလို့ ပြောကြားလိုက်ပါတယ်။

“ စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စတွေဟာ ဒီ 7 July ကနေစလို့ ကျနော်တို့တွေ အများကြီးဖြတ်သန်း ကြုံတွေ့ခဲ့ရပြီးပြီ။ ဒီနေ့ ဒီအချိန်မှာသာ စစ်အာဏာရှင်ကို အမြစ်မဖြတ်နိုင်ဘူးဆိုရင် နောက်မျိုးဆက်အသီးသီးက ဒီ 7 July လို အခင်းအကျင်းမျိုးတွေ အခြေအနေမျိုးတွေ၊ ၂ဝ၂၁ လို အခြေအနေ အခင်းအကျင်းမျိုးတွေ ထပ်ကြုံတွေ့ရလိမ့်မယ်။ ဒါကြောင့် သမိုင်းဆိုး အရှည်ကြီးကို ဒီကာလမှာ အမြစ်ဖြတ်ဖို့ပါပဲ။ ဒါက အရေးကြီးဆုံးပါပဲခင်ဗျ။ ”

000_9A64HZ.jpg
မေလ ၁၇ ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားများ။ (Photo: AFP)

မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းထက်မြတ်ကလည်း-

“ 7 July ဆိုတာ စစ်အာဏာရှင်ရဲ့ ပထမဆုံး ကျောင်းသားထုကို ဖိနှိပ်မှု အကြီးမားဆုံးဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသားထုဟာ လူထုပေါ်မှာ ရပ်တည်ပြီး တော်လှန်ခဲ့ကြတာဖြစ်တယ်။ ဒီကနေ့ ကာလမှာလဲ 7 July နောင်တော်ကြီးတွေရဲ့ စိတ်ဓာတ်ကို အလေးအနက်ပြု အတုယူပြီး ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။”

ဇူလိုင် ၇ ရက် ညနေပစ်ခတ်မှုမှာ ကျောင်းသား ၁ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ နောက်တနေ့ ဇူလိုင် ၈ ရက်မနက်စောစောမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်တပ်က ဒိုင်းနမိုက်တွေနဲ့ မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ မိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်စစ်တပ်ခေါင်းဆောင်ကမှ အခုအချိန်ထိ ဝန်ခံခဲ့ခြင်း မရှိပါ။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်စောဦး က-

“သမဂ္ဂဗုံးခွဲတဲ့ ကိစ္စမှာ ဦးနေဝင်း က နံပါတ် ၁ ဆိုရင် ဦးအောင်ကြီးက နံပါတ် ၂ ပဲ။ ပြီးရင် ကျန်တဲ့ အဲဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တော်လှန်ရေးကောင်စီဝင် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။

7july.jpg
၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်းသားများ။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုပိုင်ဖြိုးမင်းကတော့ စစ်တပ်ရဲ့ ပြည်သူအပေါ် လူမဆန်ရက်စက်မှုတွေဟာ အခုအချိန်အထိ လျော့ပါးသွားခဲ့ခြင်း မရှိပါဘူးလို့ ဝေဖန်ပါတယ်။

“ 7 July ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျောင်းသားတွေကို စစ်တပ်က အယုတ်မာဆုံး ကြမ်းတမ်းခဲ့တဲ့ပွဲပေ့ါ။ ဒီကျောင်းသားတွေက လိုချင်တဲ့အချက်ကို 175093086_1393328821034766_8118687739181558231_n.jpgငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး တောင်းဆိုခဲ့တာကို အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်အသုံးပြုပြီး အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားအများစု သေခဲ့ကြ သွေးမြေကျခဲ့ကြတယ်။ ဒါတင်အားမရဘူး။ ၈ ရက်နေ့ အရုဏ်ဦးမှာ ကျနော်တို့ ကျောင်းသားတွေ အထွတ်အမြတ် ထားတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ ဖျက်ဆီးခဲ့ကြတယ်။ ဒါတွေကို ကျနော်တို့ မမှီခဲ့ပေမဲ့ ဖတ်ရှုခဲ့ရသလောက် တော်တော်ကို ဝမ်းနည်းကြေကွဲဖို့ ကောင်းတဲ့ ဖြစ်ရပ်ပေ့ါ။ အဲဒီကစပြီး သမဂ္ဂ အဆောက်အဦးကြီးက အခုထက်ထိ ပြန်ပြီး ပေါ်လာနိုင်တဲ့ အနေအထားမျိုး မရှိခဲ့တော့ဘူး။ ပြီးတော့ ဒါကလဲ မြန်မာနိုင်ငံသမိုင်းမှာ ကျောင်းသားတွေကို ပထမဆုံးလို့ ပြောလို့ရမယ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ စစ်အစိုးရက။ ဒါကို မေ့လို့မရဘူး။ ဒီဖြစ်ရပ်တွေကို အမြဲ အမှတ်ရနေရမယ်။ 7 July လို စိတ်ဓာတ်မျိုးနဲ့ လက်ရှိနွေဦးတော်လှန်ရေးကို ဖြတ်သန်းရမယ် ကျနော်တို့ တိုက်ပွဲ ဆက်ဝင်ရမယ်လို့ ပြောလိုတယ်။ စစ်တပ်က အခုထက်ထိ ကျောင်းသားတွေ အပေါ်ရော ပြည်သူတွေပေါ်မှာရော ဆက်ဆံနေပုံတွေ၊ သူတို့ရဲ့ အကျင့်စရိုက်တွေ ယုတ်မာမှုတွေ ကောက်ကျစ် စဉ်းလဲမှုတွေ က မလျော့သွားသေးဘူး။ သူတို့က ခဏပြန်ငုပ်လိုက်ရတာပဲ ရှိမယ်။ အချိန်တခုကျရင် ပြန်ပေါ်လာတာပဲဆိုတာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုက ဖော်ပြနေတာပဲ။ တဆက်တည်း တိုက်တွန်းလိုတာက 7 July စိတ်ဓာတ်တွေ ကိုင်စွဲပြီးတော့ တော်လှန်ရေးကို အားစိုက်ခွန်စိုက် ကြိုးပမ်းပြီး နိုင်အောင် တိုက်ကြရပါမယ်။”

တက္ကသိုလ်ကျောင်းသားများအင်အားစုက ကိုဇေယျာလွင်ကလည်း အာဏာရှင်စနစ် ဖယ်ရှားရေး နောက်ဆုံးတိုက်ပွဲကို မိမိတို့ ဆင်နွှဲနေကြပြီလို့ ပြောပါတယ်။

“ ယနေ့အချိန်က တိုက်ပွဲကြားက 7 July ဖြစ်နေတဲ့ အခါကျတော့ ပြည်သူလူထုရော လူငယ်တွေရော သမဂ္ဂမဟုတ်တဲ့ ကျောင်းသားတွေရော 7 July ကို စိတ်ဝင်စားမှု အများကြီး ရှိနေကြတယ်။ ဒါဟာ တိုက်ပွဲကရတဲ့ သမိုင်းပေါ်မှာ တန်ဖိုးထားမှုတွေပေ့ါ။ ၁၉၆၂ ခုနှစ်မှာ အဲဒီတုန်းက အာဏာသိမ်းမှုအပေါ် ဝိဝါဒ ကွဲပြားမှုတွေရှိတယ်၊ ဒီကနေ့ အာဏာသိမ်းမှုမှာတော့ ပြည်သူတွေက ဝိဝါဒကွဲပြားမှု လုံးဝမရှိဘဲ စစ်အာဏာရှင်ကို အမြစ်ပြုတ်အောင် တိုက်ထုတ်မယ်ဆိုပြီး အားလုံးက သန္နိဌာန်ထားခဲ့ကြတယ်။ ဒီ စစ်အာဏာရှင် မရှိမှသာလျှင် ငါတို့တိုင်းပြည်ဟာ ရှေ့ကိုဆက်သွားလို့ရမယ်။ လူငယ်အားလုံးရဲ့ ရည်မှန်းချက်တွေ အနာဂတ်တွေ ကောင်းမွန်မယ်လို့ အားလုံးက ယုံကြည်သွားကြပြီ မြင်သွားကြပြီ။ အဲဒီ့အတွက်ကြောင့် ကျနော်တို့ပြည်သူအားလုံးဟာ 7 July မှာ တော်လှန်ခဲ့ကြတဲ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို စွဲကိုင်ပြီး အခု တိုက်ပွဲဝင်နေကြတယ်လို့ ကျနော်မြင်တယ်။ ”

ကျောင်းသားတွေ သွေးမြေကျခဲ့တာ ၅၉ နှစ်ရှိပါပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်အရေးအခင်းဟာ စစ်တပ်ရဲ့ ရက်စက်မှုတွေ စတင်တဲ့ကာလ ဖြစ်ပြီး အခု နွေဦးတော်လှန်ရေးကတော့ စစ်တပ်ရဲ့ ရက်စက်မှုတွေကို အဆုံးသတ်ရမယ့် ကာလဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။